Breaking News

အောင်သူငြိမ်း - ဂျင်မီကာတာရဲ့ မပြည့်မြောက်ခဲ့တဲ့ အိပ်မက်


အောင်သူငြိမ်း - ဂျင်မီကာတာရဲ့ မပြည့်မြောက်ခဲ့တဲ့ အိပ်မက်

(မိုးမခ) ဇန်နဝါရီ ၄ ၊ ၂၀၂၅


အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ ဂျော်ဂျီယာပြည်နယ် နေအိမ်မှာပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာပဲ (အသက် ၁၀၀) အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ ကွယ်လွန်တော့ သူ့ရဲ့နာရေးဂုဏ်ပြု ချီးမြှင့်ရေးသားကြတဲ့စာ အများအပြားထွက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ သူ့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ လူ့အခွင့်အရေး ကြိုးပမ်းမှု၊ လူမှုဖူလုံရေးကိစ္စတွေ စွမ်းစွမ်းတမံ ဆောင်ရွက်မှု​တွေနဲ့ ငြိမ်းချမ်းရေးနိုဘဲဆု ရခဲ့ပါတယ်။ 

သူ တည်ထောင်တဲ့ ကာတာစင်တာ (Canter Center) က “Waging peace. Fighting diseases. Building Hope” (ငြိမ်းချမ်းရေးကို ဆင်နွဲခြင်း၊ ရောဂါများကို တိုက်ခိုက်ခြင်း၊ မျှော်လင့်ချက်တို့ကို တည် ဆောက်ခြင်း” ကြွေးကြော်သံနဲ့ အားကြိုးမာန်တက် လုပ်ခဲ့ပါတယ်။ ကျနော် ဆိုချင်တာက ဒါတွေတင်မကဘဲ သူ့ရဲ့ ထင်မှတ်မထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ချက် အိပ်မက်ပါ။

နယူးယောက်တိုင်းမ် သတင်းစာမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဆောင်းပါးရှင် သောမတ် ဖရိဒ်မင်း (Thomas L. Friedman) ရေး ထားတဲ့ “အကယ်၍သာ ရေဂင်က ကာတာလိုတွေးခဲ့ရင် ဘယ်လိုဖြစ်နေမလဲ” (What if Reagan Had Been More Like Carter?) ဆိုတဲ့ ဆောင်းပါးလေးထဲ တွေ့တာပါ။

သောမတ် ဖရိဒ်မင်း ရေးထားတာက ဂျင်မီကာတာက စွမ်းအင်နဲ့ပတ်သက်ရင် ခေတ်ရှေ့ပြေး အမြော်အမြင် ရှိတယ်လို့ ဆိုရမယ်တဲ့။ သူ သမ္မတဖြစ်တဲ့ကာလမှာ အိမ်ဖြူတော် ခေါင်မိုးပေါ်မှာ ဆိုလာပြားတွေ တပ်ဆင်ပြီး လောင်စာထုတ်လုပ် သုံးစွဲခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရော်နယ်ရေဂင်သမ္မတ ဖြစ်လာတော့ ပြန်ဖြုတ်ပစ်ခဲ့တယ်။ ရေဂင်သာ အိမ်ဖြူတော်ခေါင်မိုးပေါ်က ဆိုလာ ပြားတွေကို ပြန်မဖြုတ်ပစ်ခဲ့ဘူးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ သူက ဆိုတယ်။ အဲဒါသာမက ကျန်တဲ့အစိုးရရုံး ခေါင်မိုးတွေပေါ်မှာ ဆိုလာပြားတပ်ဆင် အသုံးပြုခဲ့ရင် အမေရိကန်တို့အဖို့ သန့်ရှင်းတဲ့ လောင်စာစွမ်းအင် အစပျိုးအသုံးပြုမှု ဖြစ်မှာပဲ။ ၁၉၇၀ ပြည့်နှစ်များ ရေနံအကျပ်အတည်းဖြစ်လာတော့ ပိုလို့အသုံးတည့်သွားနိုင်တယ်။ 

သိပ္ပံနည်းကျ အမေရိကန် (Scientific American) ဂျာနယ်မှာ ဆောင်းပါးရှင် ဒေးဗစ် ဘီးလို (David Biello) က သမ္မတ ကာတာရဲ့ ဆိုလာ စဦးတီထွင်အသုံးပြုမှုကို ဒီလိုရေးခဲ့တယ်။ 

“၁၉၇၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ သမ္မတကာတာ အုပ်ချုပ်ရေးက နေရောင်ကို အသုံးပြုပြီး ရေကိုအပူပေးတဲ့စနစ်အတွက် ဆိုလာပြား ၃၂ ချပ်ကို တပ်ဆင်ခဲ့တယ်။ ကာတာက သူ့ကျန်းကျိန်ပွဲမှာ ဒီလို ရှေ့ဖြစ်ခန့်မှန်း ပြောခဲ့တယ်။ ‘၂၀၀၀ ပြည့်နှစ်ရောက်ရင် ဒီနေ့ ဆုံးဖြတ် လုပ်ဆောင်ခဲ့တဲ့၊ ကျနော့်နောက်က ရေအပူပေးစက်က ဈေးချိုတဲ့၊ ထိရောက်တဲ့ လောင်စာကို ပေးဆောင်နိုင်စွမ်း ရှိနေဦးမှာပဲ ဖြစ်တယ်… အခုအချိန်ကစလို့ နောင်မျိုးဆက်တွေ ဒီလိုဆိုလာ အပူပေးစက်တွေက စူးစမ်းချင်စရာ ဖြစ်မယ်။ ပြတိုက်မှာ ပြသထားစရာလည်း ဖြစ်မယ်။ လူတွေမလျှောက်ခဲ့တဲ့လမ်းတခုအတွက် နမူနာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အမေရိကန်ပြည်သူတွေရဲ့ လုပ်ဆောင်ခဲ့တဲ့ အကြီးကျယ်ဆုံး၊ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး စွန့်စားမှုကြီးရဲ့ အစိတ်အပိုင်း သေးသေးလေးလည်း ဖြစ်ချင်ဖြစ်ပါမယ်”လို့ ရေးသားဖော်ပြခဲ့တယ်။ 

ရေဂင်ကတော့ ကာတာကို နားမထောင်ခဲ့ပါဘူး။ နားထောင်ခဲ့သူက တရုတ်နိုင်ငံပါ။ တရုတ်က လုပ်တဲ့ photovoltaic ဆိုလာပြားတွေဟာ အခုအချိန်တော့ တရုတ်နိုင်ငံ ပြတိုက်ထဲ ရှိနေပါပြီ။ တရုတ်နိုင်ငံဟာ အခုအချိန်မှာ ကမ္ဘာ့ဆိုလာပြားတွေ ထောက်ပံ့ပေးမှု ကွင်းဆက်ရဲ့ ၈၀% ကို ထိန်းချုပ်ထားနိုင်ပါပြီ။ ဥရောပ သမဂ္ဂ (EU) ထက်ကို နှစ်ဆ‌လောက် နေစွမ်းအင် အသုံးပြုနေနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုထက်ကို ၃ ဆလောက် နေစွမ်းအင် အသုံးပြုနေပါတယ်။ အမေရိကန်နဲ့ မတူညီတာက တရုတ်နိုင်ငံက နိုင်ငံတော်အစိုးရကိုယ်၌က သန္နိဋ္ဌာန်ချ၊ ငွေကြေး အကြီးအကျယ် ထောက်ပံ့ပေးပြီး ဆယ်စုနှစ်များစွာ နေစွမ်းအင် အသုံးချနိုင်ရေး လုပ်ခဲ့တာပါတဲ့။ ဒါကြောင့် နေစွမ်းအင်သုံး ဈေးကွက်ကြီး/ စက်မှုလုပ်ငန်းကြီး တခုလုံးကို တရုတ်က လွှမ်းမိုးထားနိုင်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄-နှစ်၊ ၈ နှစ်လောက်အထိ တရုတ်မှာ ပြန်ပြည့်မြဲစွမ်းအင်နဲ့ ပတ်သက်လို့ မူဝါဒတွေ မရှိသေးပါဘူး။ အမေရိကန်အဖို့တော့ ကာတာပြီးနောက် ရေဂင်၊ ဘားရက် အိုဘားမား၊ နောက်တော့ ဘိုင်ဒင်၊ အခု ထရမ့် နောက်တကြိမ် သမ္မတ ပြန်ဖြစ်တဲ့အောင် အပြောင်းအလဲ မလုပ်နိုင်ခဲ့တာကတော့ မိုက်မဲမှုပါပဲလို့ သူက ရေးထားပါတယ်။ 

ကျနော်တို့ပြည်ကြီးမှာ မီးပျက်နေတာ အကောင်းဘက်က လှည့်တွေးကြည့်တယ်။ ခပ်မြန်မြန်ပဲ သန့်ရှင်းတဲ့စွမ်းအင် (Clean energy) ကို ကူးပြောင်းသွားဖို့ တွန်းအားပေးသလို ဖြစ်မယ်။ ဒါပေမဲ့ ပိုက်ဆံတတ်နိုင်တဲ့သူတွေပေါ့။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar