Breaking News

ဧဏီမင်း - မြို့ပျက်

Art by BPN
မြို့ပျက်
ဧဏီမင်း
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၅

ပေပေတေတေနဲ့
ပလက်ဖောင်းပေါ်
တချိန်လုံး အလေလိုက်တဲ့ မြို့
မှိန်စုတ်စုတ်နီယွန်မီးတွေအောက်
ဖားလျားချဆံနွယ်တွေ
နေ့ရော ညပါ စျေးအပြိုင်ခေါ်တဲ့ မြို့
တချိန်က မြို့အပီအပြင် ဖြစ်ခဲ့တဲ့မြို့ဟာ 
အခုတော့
ပြတ်လုနီးနီး ယဲ့ယဲ့လေးသာကျန်တော့တဲ့
ပညတ်တန်းလန်းနဲ့ မြို့
မြို့ဟာ
ဝါဒတွေ အပြိုင်းအရိုင်းနဲ့
မာန်ဖီနေတဲ့ ကြွက်တွေနဲ့
အစာနည်းနည်းနဲ့ မျှားခေါ်တတ်တဲ့ လာဘ်ကောင်တွေနဲ့
မြို့ဟာ မြို့ မဟုတ်တော့ဘူး
အဲဒီမှာမှာ
အမဲလိုက်အကတွေ ထွန်းကားတယ်
သစ္စာတရားကို ရောင်းဝယ်ခွင့် မရှိဘူး
သံပတ်ကုန်တော့မဲ့ နာရီအဟောင်းတွေ ရှိတယ်
ပြီး ....
အမြဲလိုနေတဲ့ ဒွါရခြောက်ပေါက် ရှိတယ်
မြို့ဟာ မြို့မဟုတ်တော့ဘူး
တချိန်က မြို့အပီအပြင် ဖြစ်ခဲ့တဲ့မြို့ဟာ 
အခုတော့
ပြတ်လုနီးနီး ယဲ့ယဲ့လေးသာကျန်တော့တဲ့
ပညတ်တန်းလန်းနဲ့ မြို့ပျက်တခုသာ ဖြစ်တယ်။ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar