ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မုဆိုးမတို့ရွာနဲ့ မုန့်ဟင်းခါးထရော်မာ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မုဆိုးမတို့ရွာနဲ့ မုန့်ဟင်းခါးထရော်မာ
(မိုးမခ) ဇန်နဝါရီ ၅ ၊ ၂၀၂၅
မုဆိုးမတို့ရွာ ဆိုတာနဲ့ စစ်ဗိုလ်ချုပ်တွေက ကုပ်ပေါ် ဓားဝဲသလိုလို တုတ်ပေါ် ပျားဆွဲသလိုလို ဘာ့လို့ ဖြစ်နေရတာတုး။
မုန့်ဟင်းခါး ဆိုတာနဲ့ ချွေးထွက် သွေးပျက် အေးစက်၊ ဖျက်ကွာ နှက်ကွာ ချကွာ ဆိုပြီး မုဆိုးမတွေဦးစီးပြီး ဖွင့်တဲ့ မုန့်ဟင်းခါးဆိုင်ထဲ တုတ်ဆွဲ ဓားဆွဲဝင်။
ဪ သူတို့ ချောက်အိပ်မက်ကလဲ ဆန်းစွ။
မုဆိုးမ လို့ကြားတာနဲ့ နားဆတ်ဆတ်တုန် သူတို့မိန်းမပုံကြီး ပြေးမြင် သေးပေါက်ချင်သလိုလို ချေးယိုချင်သလိုလို ဖြစ်လာကြ။ နောက်ကောင်တွေနဲ့ ခံစား စံစားနေမှာထိ စိတ်ငရဲရောက် ထိပ်ကွဲပေါက်၊ သောက်ရမှာလား ဂေါက်ရမှာလား ထသွား ပြန်ထိုင် မှိုင်လိုက် အူလိုက် ဒူလိုက် ဘူလိုက်။ တချို့ဆို မယားကြည့်လိုက် ဓားကြည့်လိုက်။ တွေးမိတွေးရာ ငေးမိငေးရာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ၊ ဘယ်လမ်းလျှောက်လို့ ဘယ်ရောက်မယ်မှန်း မသိ၊ ဘယ်ထိ ပုန်းအောင်း ဘယ်ကိုဂျောင်းမလဲ မသိ၊ လမ်းကြောင်းပိတ် စိတ္တဇနဲ့ အိပ်မရကြတော့။ အနာဂတ်မဲ့သူတွေပါပေါ့။ သူများအနာဂတ်ကို ဖဲ့ချွေပြီး ကိုယ့်အနာဂတ်ကို တည်ဆောက်လို့ ရမယ် ထင်ခဲ့ကြသူတွေ။
မုန့်ဟင်းခါးလို့ ကြားတာနဲ့ သွားထဲက စိမ့် သွေးထဲက လိမ့်လာ မရဏ အသုဘ သံဝေဂ သင်္ခါရသေခြင်းအနံ့တွေ တကိုယ်လုံးဖုံး တမိသားစုလုံးဖုံး အပူလုံးကြွ သောကမီးအူ ရင်ဆူပွက် သေခြင်းကတရွရွတက်လာသလိုလို အခန်းထဲဘဲသေခြင်းအားလုံး ဝုန်းကနဲဝင်လာသယောင်ယောင် ကြောင်တောင်ကြက်တက် ဘဝပျက်။
အိပ်စက်မရ မီးတောက်တွေကြားက အလောင်းတွေ လူတွေ၊ ကားတွေ၊ နွားတွေ၊ စပါးတွေ၊ အိမ်တွေ၊ ရွာတွေ၊ မြို့တွေက ပြကွက်တွေလို ပေါ်လာ၊ လေယာဉ်ပေါ်က ဗုံးချလိုက်လို့ တစစီပြုတ်ထွက်နေတဲ့ ကလေးကိုယ်ခန္ဓာအပိုင်းအစတွေ ပေါ်လာ၊ ကလေးတွေ အော်ဟစ်သံတွေ ကြားလာ၊ ဟိုက်စကီးပေါ်ကနေ စက်သေနတ်ကြီးတွေနဲ့ လိုက်ပစ်လို့ ပိုးစိုးပက်စက် သေနေတဲ့ စာသင်ကျောင်းထဲက ကလေးတွေ ပြန်ထွက်လာ၊ မုဒိမ်းကျင့်နေတဲ့ ဇာတ်ဝင်ခန်းတွေ မြင်လာ၊ သူ့လင် သူ့အဖေ အမေရှေ့မှာ မုဒိမ်းကျင့်ခဲ့တဲ့ လက်ကို ပြန်ကြည့်၊ စိတ်ကို ပြန်ကြည့်၊ ကိုယ့်သမီးမျက်နှာမကြည့်ရဲ၊ လူပြန်ပေးဆွဲမှုများကြား အမေအို ငိုယိုသံတွေ ပြန်ကြား သားမျက်နှာပေါ်လာ၊ မြေးပွေ့ထားရမလိုလို ခွေးပွေ့ထားရမလိုလို အကြောထဲ စိမ့်လာ၊ အဲဒါတွေဟာ တနေ့တော့ အိမ်ပေါ် ရောက်လာမှာလား။ အခန်းထဲ ဝက်လာမှာလား။
ဂွမှာ ဗိုလ်မှူးကြီးနှစ်ယောက်၊ သူတို့နှစ်ယောက် ခေါင်းမာမှု၊ ရာထူးတိုးလိုမှုနဲ့ သူတို့နဲ့အတူ စစ်သားခုနစ်ရာကျော် သေသွားတယ်။ အဲဒီထဲမှာ မုဆိုးမ ဘယ်နှရာ ဖြစ်သွားမလဲ။ အဖမဲ့သားတွေ သမီးတွေ ဘယ်သောင်ဘယ်ကမ်း ဆိုက်ကြမလဲ။ မိအို ဖအိုတွေ ဘယ်လို ဆက်အသက်ရှင်ကြမလဲ။ အဲဒီတပ်တွေမှာ မုဆိုးမ ငိုသံတွေရယ် သေခြင်းကိုယ်ပွား မုန့်ဟင်းခါးနံ့တွေရယ်၊ ကြေးစည်သံတွေရယ်၊ မတရားမှုအောက်က ငေါက်ခနဲ ထလာတဲ့ တရားသံတွေရယ်၊ တာဝန်ယူမှုမဲ့ မျက်နှာလွှဲသွားချက်တွေရယ်၊ မရေရာမှုတွေရယ်၊ အနာဂတ်မဲ့ခြင်းတွေရယ်။ မုဆိုးမနဲ့ မုန့်ဟင်းခါးသံ ကြားရင် နားကနေ ခြေဖျားထိအေးစက်သွားနေပြီပေါ့။
အင်းလေ ဂွတမြို့ထဲတောင် မိုးဆိုးမ ဘယ်နှရာထွက်လို့ မုန့်ဟင်းခါး ဘယ်နှအိုး တည်ရမယ် မသိ။ ရခိုင်တဂွင်လုံးဆို မုန့်ဟင်းခါး ချက်ရတာနဲ့ဘဲ ငါးမျိုးတုံးနိုင်ငဲ့။ ခု ကချင်ဂွင်ပါ ထပ်ပေါင်းရရင်တော့ ငှက်ပျော်အူမဲ့ မုန့်ဟင်းခါးတွေပဲ လာတော့မယ်။
ဒီတလထဲကို မုဆိုးမ ထောင်ချီ ဖတဆိုး သောင်းချီတာကိုး။ ဒုက္ခိတစာရင်းပါ သွင်းလိုက်ရင် မင်းအောင်လှိုင်ကို ခုချက်ချင်း သွားသတ်ချင်စိတ် ပေါက်သွားမယ်။ စိုးဝင်းကို ထိုးသွင်းချင်စိတ်ပေါက်သွားမယ်။ သူတို့နှစ်ကောင်က လက်နက်မချဖို့၊ တခါ စစ်သားဖြစ်ရင် မသေမချင်း စစ်သားဖြစ်ဖို့၊ အရှုံးမပေးနဲ့ ကြိုးစား ဘနနားထုံး နှလုံးမူဖို့တွေ လိုက်ပွားနေတာကိုး။ စိုးဝင်းကလဲ သူ့မယားပါသားတွေ မသေရတိုင်း၊ သရေကြိုးကလဲ သူ့မြေးမတွေ အသတ်မခံရတိုင်း တက်ခိုင်း တိုက်ခိုင်း သတ်ခိုင်း မီးတိုက်ခိုင်း ဗုံးကြဲခိုင်း ခိုင်းချင်တိုင်း ခိုင်းပြီး တပ်တခုလုံး နောက်ဆုတ်မရ ရာသက်ပန်ဒဏ်ခတ်ခံရအောင် လုပ်နေကြတာလေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar