ပြည်တွင်းနေသူတွေနဲ့ ပြည်ပရောက်သူတွေရဲ့ မတူတဲ့အမြင်
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၄ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၅၊ ၂၀၂၅
ပြည်တွင်းနေသူတွေနဲ့ ပြည်ပရောက်သူတွေရဲ့ မတူတဲ့အမြင်
ခုရက်ပိုင်းအတွင်း ထွက်ရှိလာတဲ့ ငွေဆောင်သဘောတူညီမှု ၇ ချက်လို့ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ အဆိုပြုချက် ၇ ချက် နဲ့ ပတ်သက်ပြီး ပြည်ပမှာ နေထိုင်နေကြတဲ့ အချို့သော နိုင်ငံရေးအဖွဲ့အစည်းမှာ လုပ်ကိုင်နေသူတွေ၊ နိုင်ငံရေး အကဲခတ်သူ၊ လေ့လာသူအချို့က အဆိုပါ အချက် ၇ ချက်ကို အရှုံးပေးတဲ့ အယူအဆ၊ စစ်တပ်ကို တိတိလင်းလင်း မပြောရဲတဲ့ သဘောမျိုးနဲ့ ဝေဖန်ကြတာတွေလည်း ပေါ်ထွက်လာတာတွေ့ရပါတယ်။
ဒီဆွေးနွေးမှုတွေ နဲ့ပတ်သက်လို့ တစိတ်တပိုင်းကိုသာ သိရှိရတဲ့ သဘောဖြစ်ပြီး သတင်းမီဒီယာတွေကလည်း ပြည့်စုံစွာ ဖော်ပြခြင်း မပြုနိုင်သလို၊ ဝေဖန်ဆန်းစစ်တဲ့အမြင်၊ သမာသမတ်ကျ မျှတတဲ့ ဖော်ပြမှုမျိုးထက် တစိတ်တပိုင်း ပုံဖော်၊ မေးလို့ရသမျှ အကဲဖြတ်ဝေဖန်ချက်တွေကိုသာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
ဒီနေရာမှာ နိုင်ငံရေးအင်အားစုတွေကို နေထိုင်ရာနယ်မြေပေါ် မူတည်ပြီး အမျိုးအစားခွဲခြားကြည့်မယ်ဆိုရင် နိုင်ငံရဲ့ ပြင်ပမှာ နေသူ၊ ပြည်တွင်းမှာ နေသူ၊ ပြည်တွင်း စစ်တပ်ထိန်းချုပ်မှုမရှိတဲ့ လက်နက်ကိုင် ဧရိယာတွေမှာ နေသူ စသဖြင့် ယေဘုယျအားဖြင့် ၃ မျိုးသုံးစား ခွဲခြားပြောဆိုလို့ ရပါလိမ့်မယ်။
ပထမအုပ်စု ပြည်တွင်းမှာ နေထိုင်သူတွေလို့ ဆိုရာမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ဒေသတွေထက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မော်လမြိုင်၊ ပဲခူး အစရှိတဲ့ မြို့တွေမှာ နေထိုင်နေကြပြီး စစ်အာဏာသိမ်းမှုကိုလည်း ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့လည်း ပူးပေါင်းမှု လုံးဝမရှိတဲ့ နိုင်ငံရေး သမားတွေ၊ စာပေနဲ့ သတင်းမီဒီယာနယ်ပယ်ကသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းမှာ လုပ်ကိုင်နေကြသူတွေ၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး လူနည်းစု အခွင့်အရေးကိစ္စရပ်တွေကို လုပ်လို့ရသမျှ လုပ်ဆောင်နေကြသူတွေ၊ အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ အများပြည်သူတွေနဲ့ အတူနေထိုင်ပြီး ဒီလို နိုင်ငံရေးအကျပ်အတည်းကနေ လွတ်မြောက်ဖို့အတွက် တတ်နိုင်သမျှ လုပ်ဆောင်နေကြတာလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။
ဒုတိယအုပ်စုကတော့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ NUG လက်အောက် သို့မဟုတ် PDF အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ နေထိုင်နေကြသူတွေ ဖြစ်ပါတယ်။ ဒီနယ်မြေဒေသတွေမှာ နေထိုင်နေကြသူ အရေအတွက်ဟာ အခြား အုပ်စု ၂ စုလောက် များပြားခြင်း မရှိဘူးလို့ ခန့်မှန်းရပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနိုင်ခြေရှိခြင်းနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ခံရနိုင်ချေရှိလို့ ဒီလိုဒေသတွေမှာ ဒေသခံတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေသာ များပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်သူတွေ များများစားစားတော့ မရှိကြပါဘူး။
တတိယ အုပ်စုကတော့ ထိုင်းနိုင်ငံ၊ အနောက်ဥရောပ နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု တို့မှာနေထိုင်ကြတဲ့ နိုင်ငံရေးသမား၊ လက်နက်ကိုင် အဖွဲ့တွေကို ထောက်ပို့ လုပ်ဆောင်ပေးနေကြသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အန်ဂျီအိုနဲ့ အဖွဲ့အစည်းတွေမှာ လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီအင်အားစုက ပြည်တွင်းမှာ ရှိတဲ့အင်အားစုပြီးရင် အရေအတွက်အများဆုံးလို့ဆိုနိုင်ပါတယ်။
တတိယ အုပ်စုမှာ ပါဝင်တဲ့သူ အများစုက လက်နက်ကိုင် လှုပ်ရှားမှုကို ထောက်ခံသလို လက်နက်ကိုင် လှုပ်ရှားမှုသာလျှင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တခုတည်းသော နည်းလမ်းအဖြစ် ပြောဆိုကြပြီး ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ၊ အစုအဖွဲ့တွေရဲ့ အမြင်တွေကို အညံ့ခံတဲ့ အမြင်အယူအဆ အဖြစ်ဝေဖန်ကြလေ့ ရှိပါတယ်။ လက်နက်ကိုင် လမ်းစဥ်သည်သာ တခုတည်းသော လမ်းစဥ်လို့ မှတ်ယူထားကြပေမယ့် မြန်မာနိုင်ငံတွင်းမှာ ရာနဲ့ချီတဲ့ လက်နက်ကိုင် အဖွဲ့တွေ ကွဲပြားနေတဲ့ အခြေအနေနဲ့ အဲဒီအဖွဲ့တွေအကြား နိုင်ငံရေးနဲ့ စစ်ရေးအရ တခုတည်းသော လှုပ်ရှားမှုအောက် ရောက်လာအောင် ကြိုးပမ်းနိုင်ကြတာ မတွေ့ရသေးပါဘူး။ အဲဒီလို မစုစည်းနိုင်တဲ့ အခြေအနေက မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုကို ထူထောင်ဖို့ အရေးနှောင့်နှေးစေမှာ ဖြစ်ပါတယ်။
လတ်တလော ထွက်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေး အကြပ်အတည်း အဖြေရှာဖို့ ငွေဆောင်ကမ်းခြေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဆွေးနွေးခဲ့ကြတဲ့ အချက် ၇ ချက်ပါ ရလဒ်ကို ပြည်ပမှာ နေထိုင်နေကြတဲ့ အချို့နိုင်ငံရေးသမားတွေက စစ်တပ်ကို နိုင်ငံရေးကနေ လုံးလုံးလျားလျား ထွက်ဖို့ ပြောဆိုချက်မပါဘူးဆိုတဲ့ ရှုထောင့်၊ စစ်တပ်ရဲ့ ရက်စက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ပွင့်ပွင့်လင်းလင်း မထောက်ပြရဲ မပြောရဲဘူးဆိုတဲ့ ရှုထောင့်ကနေ ဝေဖန်ကြတာ ဖြစ်ပါတယ်။ လူထုဟာ စစ်ပွဲတွေတွေရဲ့ ဒဏ်ကြောင့် နစ်နာဆုံးရှုံးမှုတွေ ခံစားနေကြရတယ်ဆိုတဲ့ အချက်ထက် လူထုက အပြောင်းအလဲကို လိုချင်တာမို့ လက်ရှိဒုက္ခ အကျပ်အတည်းတွေကို သည်းခံပြီး နေထိုင်နိုင်ကြကြောင်း ပြည်ပက အချို့သောသူတွေက တုံ့ပြန်ကြတာ တွေ့ရပါတယ်။
တကယ်တန်း ဆန်းစစ်ကြည့်လျှင် - စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လက်ခုပ်တွင်းမှာ နေထိုင်နေရတဲ့ ပြည်သူတွေကြားထဲက တက်ကြွလှုပ်ရှားသူ၊ အသိ အတတ် အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေအနေနဲ့ အခုလို လေးနှစ်တာကာလအတွင်းမှာ သည်လို သဘောထားထုတ်ပြန်ချက်တခု စုစုစည်းစည်း ထွက်လာတာဟာ ပထမဆုံးမှတ်တမ်းအဖြစ် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ငွေဆောင် ထုတ်ပြန်ချက်မှာ စစ်ကောင်စီ၏ ရွေးကောက်ပွဲအကြောင်း တခွန်းမှ မပါသလို ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး၊ နိုင်ငံတကာ၏ အကူအညီ ရယူရေး၊ နိုင်ငံရေးဆွေးနွေးရန် အခြေအနေများ ထူထောင်ရေးနဲ့ ပြန်လည်ကုစားရေးဆိုတာ အသုံးအနှုန်းများ တွေ့ရမှာ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးအတွက် ပဋိပက္ခနဲ့သက်ဆိုင်သည့် အဖွဲ့အစည်းများ (stakeholders) များနဲ့ ဖွဲ့စည်းရမယ် ပြောထားတာမို့ ၎င်းတို့ကိုယ်တိုင်၏ ကဏ္ဍကို ပြောဆိုခြင်း မတွေ့ရဘူးလို့ ဆိုနိုင်ပါတယ်။
လက်နက်ကိုင် တိုက်ခိုက်တဲ့နည်းလမ်းသည်သာ တခုတည်းသော အောင်မြင်မယ့်လမ်းကြောင်းလို့ ယုံကြည်သူတဲ့ အင်အားစုတွေ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ မိမိတို့ ယုံကြည်မှုကို စွဲစွဲမြဲမြဲကိုင်စွဲကာ တစိုက်မတ်မတ် လုပ်ဆောင်နိုင်ပါတယ်။ သို့သော်လည်း ပြည်တွင်းမှာ လူထုတွေအကြားနေထိုင်ကာ အန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေအောက်ကနေ ထုတ်ဖော်ပြောဆိုရတဲ့ မတူတဲ့ အမြင်ချဥ်းကပ်မှုတွေကို ပြည်ပနိုင်ငံတနိုင်ငံမှာ အန္တရာယ်မရှိတဲ့ နေရာမှာ နေထိုင်ပြီး ပျစ်ပျစ်နှစ်နှစ် ဝေဖန်တာကတော့ နိုင်ငံရေးကျင့်ဝတ်အရ မျှတမှု မရှိပါဘူး။
ဖြစ်သင့်တာက ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးပါတီ မဟုတ်ပေမယ့် နိုင်ငံရဲ့ အကြပ်အတည်းကို တစိတ်တပိုင်း ကူညီဖြေရှင်းကြမယ့် အင်အားစုတွေကို ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေက သတ္တိမရှိ၊ ပြတ်သားတဲ့ အမြင်မရှိဘူးဆိုတဲ့ သဘောမျိုး ဝေဖန်ထိုးနှက်ခြင်းထက် ပြည်တွင်းက အမြင်၊ အယူအဆ၊ ကြိုးပမ်းမှုတွေက လူထုအကျိုး မထိခိုက်သရွေ့ လုပ်ဆောင်ခွင့် ရှိတယ်ဆိုတဲ့ သဘောထားမျိုး ထားနိုင်ဖို့လည်း အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ နွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူအားလုံး တစုတစည်းတည်း ပါဝင်ထမ်းဆောင် ရုန်းကန်နေကြတယ်ဆိုတဲ့ ဘုံခံယူချက်၊ နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက် ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးမှာ စစ်အာဏာရှင်၊ စစ်အုပ်စုနဲ့ စစ်ယန္တယားကို ဖယ်ရှားနိုင်မှ ဖြစ်မယ်ဆိုတဲ့ ဘုံရှုမြင်မှုကတော့ အားလုံးအတူတူဖြစ်ကြဖို့သာ လိုအပ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
x