Breaking News

ကိုသန်းလွင် - ပျင်းရိငြီးငွေ့ခြင်း


ကိုသန်းလွင် - ပျင်းရိငြီးငွေ့ခြင်း

(မိုးမခ) ဇန်နဝါရီ ၂၀ ၊ ၂၀၂၅

(၁)

တယ်လီဗီးရှင်းမှ အစီအစဉ် ကြေညာသူကို သူတပါး စိတ်ဝင်စားမှုများအား အရောင်းအဝယ်ပြုလုပ်၍ နေထိုင်စားသောက်သူများ (Attention Merchant) ဟု ခေါ်ပါသည်။ သူတို့ လိုအပ်သည်မှာ အထူးအဆန်းကို စိတ်ဝင်စားသည့် စားသုံးသူတို့ ဖြစ်သည်။

ပြင်သစ် ဖီလိုဆိုဖါ ပါစကယ် (Blaise Pascal) က “မိမိ၏ အိပ်ခန်းတွင် ထိုင်၍ မိမိအတွေးနှင့် တစ်ယောက်တည်း အနှောင့်အယှက် ကင်းရှင်းစွာဖြင့် မနေနိုင်ခြင်းကြောင့် လူတို့သည် ပျင်းရိခြင်း ဖြစ်ရသည်” ဟု ဆိုသည်။ သို့သော် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတို့ဖြင့် ရှုပ်ထွေးနေသော ဤလောကကြီးဝယ် လူအမျိုးမျိုးတို့က တယ်လီဗီးရှင်းနှင့် တစ်တော့ (Tik Tok) တို့မှတဆင့် မိမိတို့၏ စိတ်ဝင်စားမှုကို ယူဆောင်သွားခြင်းကြောင့် လူသည် မိမိအတွေးနှင့်မိမိ နေထိုင်ခွင့်မရတော့ပါ။

(၂)

ကံကြမ္မာသည် လူတို့အပေါ်၌ ရူးသွပ်ခြင်းဖြစ်စေ၊ ဖျားနာခြင်းဖြစ်စေ၊ စစ်၏ အနိဋ္ဌာရုံများဖြစ်စေ ကျရောက်လာစေဦး၊ ကျွန်တော်တို့သည် ပျင်းရိငြီးငွေ့စရာဟုသာ သဘောထားလိုက်ပါသည်။ ကျွန်တော်တို့၏ စိတ်ဝင်စားမှုသည် ကျွန်တော်တို့အတွက် အရေးကြီးသော ဥစ္စာပစ္စည်းများသဖွယ် တန်ဖိုးထားကြပါသည်။ သို့သော် အင်အားကြီးသော ကော်ပိုရေးရှင်းများက တဖြည်းဖြည်း ပို၍ပညာသားပါသော နည်းများဖြင့် ဆွဲဆောင်နေကြပါသည်။ ကျွန်တော်တို့သည် မိမိစိတ်ကို မပိုင်တော့ဘဲ ရပ်ကြည့်နေသူများသဖွယ် ဖြစ်ရပါသည်။ ပျင်းရိစရာနှင့် စိတ်ကို ဖြေပျော်သော စက်ကြီးများ တည်ဆောက်ကာ မပြီးနိုင်သော ဇာတ်လမ်းတွဲများဖြင့် စိတ်ကို အပါ ခံနေကြရပါသည်။

ပျင်းရိငြီးငွေ့စရာများက လူ့ဘဝများထဲတွင် ငြိမ်လျက် နေရာအနှံ့ စောင့်ဆိုင်းနေကြပါသည်။ ၎င်းတို့ကို ကာကွယ်ရသည်မှာ လူတို့၏ ငြိမ်သက်သော အင်ဂျင်စက်များသဖွယ် ဖြစ်ပါသည်။ စိတ်ဝင်စားမှု ဆိုသည်မှာ ကျွန်တော်တို့၏ အသိတရားရှိသည့် အချိန်များ၌ ကျွန်တော်တို့၏ ဘဝများ ဖြစ်ကြပါသည်။ ကျွန်တော်တို့မှာ အမျိုးမျိုး ဆွဲဆောင့်ခံနေကြရရာ ဖုန်းက ဥသြသံ အချက်ပေးလိုက်တိုင်း တစ်ခု လာပြန်ပြီဟု သိလိုက်ရပါသည်။

ဤသို့ အမြဲတစေ အတိုက်ခိုက်ခံနေရသဖြင့် ကျွန်တော်တို့တွင် အေးအေးဆေးအေး ထိုင်၍ တွေးခေါ် ချိန်ဟု မရှိတော့ပါ။ ကျွန်တော်တို့ ငယ်စဉ်က နွေရက်များတွင် ဘာမှလုပ်စရာမရှိဘဲ ပျင်းရိငြီးငွေ့စွာ အချိန်များကို ကုန်လွန်စေကြကြောင်း အမှတ်ရစေပါသည်။ သို့သော် အသက်ကြီးပြင်းလာသောအခါ မိမိဘာသာ အချိန် ကို ထိန်းချုပ်လာနိုင်သည်နှင့် မပျင်းရိအောင် လုပ်တတ်လာပါသည်။ မိဘများက ကလေးများကို ဖုန်းနှင့်အကြာကြီး မကစားရန် တားမြစ်ကြသော်လည်း သူတို့ကိုယ်တိုင်ကမူ ဖုန်းများနှင့် အချိန်ကုန်တတ်ကြပါသည်။

ပျင်းရိငြီးငွေ့ခြင်းမှာ လူတို့ မလွဲမသွေရရှိကြမည့် အရာတခု ဖြစ်ပါ၏။ မနုဿဗေဒပညာရှင်များက ရှေးလူများသည် အချိန်များစွာကို ဘာမှ မလုပ်ကြဘဲ ကုန်ဆုံးစေတတ်ကြကြောင်း ပြောတတ်ကြပါသည်။ သြစတေးလျတိုက်ရှိ ဝါပီရီ (Warlpiri Aboriginal) လူမျိုးတို့တွင် ပျင်းရိခြင်းဆိုသည် မရှိပါ။ အချိန်တိုင်းသည် စီစဉ်ထားသည့်ပမာ ပြည့်နေသည်။ သူတို့သည် ဘယ်သောအခါတွင်မှ တယောက်တည်း ဖြစ်နေသည်ဟု မခံစားကြရ၊ ဘိုးဘွားများ သူတို့ နေရာများနှင့် အမြဲဆက်သွယ်နေကြသည်။ အချိန်များသည် သဘာဝအတိုင်း ဖြစ်ပေါ်နေကြပြီး ဘယ်အချိန်မှာ ဘာလုပ်ရန် ရှိသည်ဟူ၍ မရှိ။ လူတိုင်းသည် မိမိမျိုးနွယ်အတွက် တာဝန်ရှိနေသည်။

လူတို့သည် မကြာခဏ မနေနိုင်၊ မထိုင်နိုင်၊ မနေတတ်၊ မထိုင်တတ် ဖြစ်ကြသည်။ ကျွန်တော်တို့၏ စိတ်ဝင်စားမှုသည် တိုတောင်းသည်ဟု စောဒကတက်ကြသည်။ ပိုမိုနက်ရှိုင်းသော အမှန်တရားကို မျက်ကွယ်ပြုနေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မနေနိုင် မထိုင်နိုင် ဖြစ်ရခြင်းမှာ အနှောင့်အယှက်များကြောင့် ဖြစ်ပြီး ထိုအနှောင့်အယှက်များသည် အငြိမ်မနေနိုင်သော ကျွန်တော်တို့ ချို့ယွင်းချက်ကြောင့် ဖြစ်ပါသည်။ အချိန်တိုင်းလို လို စိတ်ကူးစိတ်သန်းများကို ပျက်စီးစေသော အကြောင်းအရာများသည် ပတ်ဝန်းကျင်၌ ဖြစ်နေကြသည်။ လက်ကိုင်ဖုန်းသည် ကျွန်တော်တို့ လက်တကမ်းမှာ ရှိနေပါ၏။ စိတ်ထဲတွင် ဖြစ်ပေါ်နေသော အရာများသည် သဘာဝအတိုင်း ဖြစ်နေကြပြီး လေးလေးနက်နက် တွေးခေါ်ရသည်ဟူ၍ မရှိပါ။

စိတ်ကူးယဉ်ခြင်း (day dreaming) သည် အသက်ရှင် နေထိုင်ရခြင်း၏ အဓိကကျသော အတွေ့အကြုံ ဖြစ်ပါသည်။ ခေတ်သစ်တွင် တဖြည်းဖြည်း မှေးမှိန်လာသော အလေ့အကျင့်လည်း ဖြစ်ပါသည်။ ပေါ့ကပ် များ (Pod Cast)၊ ယူကျု့မှ မဆုံးနိုင်သည့် ဆုံးမသြဝါဒပေးသည့် လက်ချာများကို နားထောင်၍ အချိန်ကုန်လေ့ရှိပါသည်။ မိမိဘာသာ နေချင်သည့်အခါ ထိုအနှောင့်အယှက်များမှ ကင်းဝေးစေရန် မိမိဘာသာ အတွေးကို မထိန်းမကွပ်ဘဲ သူ့အတိုင်း လွှတ်ထားရန် ခက်ခဲလာပါသည်။

၂၀၁၄ ခုနှစ်တွင် ဗားဂျီးနီးယားတက္ကသိုလ်နှင့် ဟားဗတ်မှ သုတေသနလုပ်သူ စိတ်ပညာရှင်များက စမ်းသပ်ခံသူကို အခန်းအတွင်းတွင် ဘာမှလုပ်စေဘဲ ၆ မိနစ်မှ ၁၅ မိနစ်အထိ သည်အတိုင်း လွှတ်ထားပါသည်။ နောက် သူတို့ ဘယ်လို ခံစားရသလဲ ဆိုသည်ကို မေးပါသည်။ ဤကဲ့သို့ ထိုင်နေခြင်းကို သူတို့ မနှစ်သက်ကြပါ။ ထို့နောက် သူတို့သည် မနှစ်မြို့သည့် အရာများကို ပယ်မည်လား၊ ဘာမှမလုပ်ဘဲ ဆက်ထိုင်နေကြမည်လား ဆိုသည်ကို စုံစမ်းပါသည်။

စမ်းသပ်ခံသူများကို လျှပ်စစ် (Shock) ရှော့ခ်ပေးပါသည်။ စမ်းသပ်ခံသူများက (Negative Simulation) ခေါ် ရှော့ခ်ပေးသည်ကို လက်ခံကြပါသည်။ အထူးသဖြင့် ယောကျ်ားကလေးများ ဖြစ်သည်။ ၆၇ % (၁၈ ထဲမှ ၁၂ ယောက်) သည် အနည်းဆုံး ၁ ကြိမ်တော့ ရှော့ခ်ကို လက်ခံကြပါသည်။ အမျိုးသမီးများက ၂၅ % ဖြစ်ပါသည်။ စမ်းသပ်ခံသူ တယောက်မှာ သူကိုယ်သူ ရှော့ခ်အကြိမ် ၁၀၀ အထိ ခံယူပါသည်။ သူသည် တစ်ယောက်တည်း ဖြစ်နေမှာကို အလွန်စိုးရိမ်သူ ဖြစ်ပါသည်။

ကော်ဖီဆိုင်ထဲ ဝင်သွားသောအခါ လူတွေ အများကြီး တန်းစီနေသဖြင့် သင့်လက်ကိုင်ဖုန်းကို ကိုင်မိလျက်သား ဖြစ်သွားမည်။ သင့်ဖုန်းကို မတွေ့လျှင်လည်း လုပ်မိလုပ်ရာ တစ်ခုခုကို လုပ်လိုက်မိပါလိမ့်မည်။

ဘာလုပ်ရ ဘာကိုင်ရမှန်းမသိသည့် အဖြစ်မျိုးလည်း ရှိတတ်ပါသည်။ အိမ်သာထဲသို့ ဖတ်စရာ တစ်ခုမှ မပါဘဲ ဝင်သွားခြင်းမျိုး၊ ကျောင်းမသွားမီ နံနက်စာ စားသည့် စားပွဲမှာ ထိုင်ရင်း ဘာမှလုပ်စရာမရှိ၍ စက္ကူပုံး ပြင်ပမှ စာများကိုသာ ဖတ်နေရတတ်ပါသည်။ ပါစကယ်က ၁၆၇၀ ပြည့်နှစ် က သူ့စာအုပ်တွင် “သူ တွေ့ရှိရသည်မှာ အဓိကအားဖြင့် လူတို့သည် မိမိအိပ်ခန်းအတွင်းဝယ် ငြိမ်ငြိမ်ကလေး ထိုင်နေခွင့် မရှိသောကြောင့် စိတ်မချမ်းမသာ ဖြစ်ရပါသည်” ဟု ရေးသားထားပါသည်။

လူတို့သည် မိမိတို့ ရှိတာကလေးနှင့် ပျော်မွေ့ဖို့ထက် စစ်ကြောင့်ရလာမည့် အနိဋ္ဌာရုံများကို မြင်တွေ့လိုခြင်း၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်းနှင့် အန္တရာယ်ရှိသော အပြုအမူများကိုသာ လုပ်လိုကြသည်။ မိမိအိပ်ခန်း အတွင်းမှာ ငြိမ်ငြိမ်သက်သက်ကလေး ထိုင်မနေနိုင်ကြချေ။ ၎င်း၏အုတ်မြစ်မှာ လူတို့၏ ယနေ့ကံကြမ္မာသည် မူတည်နေပါသည်။ နေမထိထိုင်မထိဖြစ်ရသော စိတ်၏ နှိုးဆွမှုကို ခံစားလိုခြင်း ဖြစ်ပါသည်။ စိတ်ဝင်စားစရာ နောက်ထပ် တစ်ခုခုကို ခံစားလိုခြင်း၊ ဆူညံသော အသံ၊ လှုပ်ရှားမှုကို ဖြစ်စေသော အနှောင့်အယှက်ကို တွေ့လိုခြင်း ဖြစ်ပါသည်။ တနေရာမှာ ငြိမ်ငြိမ်သက်သက် မနေလိုခြင်း ဖြစ်ပါသည်။ တစ်ယောက်တည်း နေခြင်းသည် မွေ့ပျော်ဖွယ်ကောင်းသည် ဆိုသော အချက်ကို မျက်ကွယ်ပြုခြင်းလည်း ဖြစ်သည်။

ဤအကြောင်းအရာသည် ကျွန်တော်တို့ သေခြင်း ဆိုသည့် တရားမှ လာပါသည်။ အမြဲတစေ သေခြင်းတရား ရှိနေခြင်း၊ သေခြင်းကို ကြောက်လန့်နေရခြင်းတို့ကြောင့် ဖြစ်ပါသည်။ စေ့စေ့တွေးလျှင် ဘယ်အရာမှ ကျွန်တော်တို့ကို မကယ်နိုင်ပါ။ ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝခြင်း၊ မြေပေါ်တွင် ရှိသမျှကို ရနိုင်သော အရာတို့က အကာအကွယ်မပေးနိုင်ပါ။ 

ပျင်းရိခြင်း ဆိုသည်မှာ ကလေးတယောက်က ဘာမှ လုပ်စရာမရှိဘူး ဆိုသည်ထက် ပိုမိုဆိုးရွားပါသည်။  စိတ်ထဲတွင် ဘာမှမရှိခြင်းမှာ အလွန်ကြောက်စရာကောင်းသည်။ ကျွန်တော်တို့ဘဝတလျှောက်လုံး အချိန်တိုင်းလိုလို ဘာမှမရှိသော စိတ်ကို ထိန်းကျောင်းနေရပါသည်။ ပါစကယ်က “အတွေးများနှင့် ပိတ်မိနေသော စိတ်သည် လှောင်အိမ်ထဲမှာ ပိတ်လှောင်ထားသော သတ္တဝါတကောင်ကဲ့သို့ အန္တရာယ်ကြီးသည်” ဟု ပြောခဲ့ပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် စိတ်ဝင်စားဖွယ်ရာ အကြောင်းများနှင့် ဝိုင်းပတ်နေသော်လည်း ကျွန်တော်တို့သည် မိမိလှောင်အိမ်အတွင်းမှာပဲ ပိတ်မိနေကြပါသည်။

(၃)

ပါစကယ် နောက် အနှစ် ၂၀၀ ခန့် ကြာသောအခါ နယ်သာလန်မှ ဖီလိုဆိုဖါ ကီယာဂတ်က (Soren Kierkegaard) က ယနေ့ ရုံးအလုပ်သမားသည် “တဝီဝီ အော်နေသော အင်းဆက်ကောင်များ ဝိုင်းရံနေသည့် ပုဂ္ဂိုလ်နှင့်တူသည်” ဟု ပြောခဲ့ပါသည်။ ကီယာဂတ်က ပါစကယ် မြင်ခဲ့သလိုပင် ပျင်းရိခြင်းသည် အန္တရာယ်ရှိသည်ဟု မြင်ခဲ့သည်။ သူက ပျင်းရိခြင်းနှင့် ငြိမ်သက်စွာ အားနေခြင်း (Idleness)  ကို ခွဲခြားပြခဲ့ပါသည်။ 

“ဤကဲ့သို့ စိတ်အနားရခြင်းသည် ပျင်းရိခြင်း မဖက်သ၍ ကောင်းကင်ဘုံက ပေးသော လက်ဆောင်သဖွယ် ဖြစ်သည်” ဟု ပြောခဲ့သည်။ ထိုသို့ စိတ်အနားရခြင်းကို မသိသေးသောသူသည် လူမဖြစ်သေးသောသူဟုလည်း ဆိုသည်။ 

Ref; What’s that you find in the boring silence. It is your attention, By Chris Hayes N.Y Times Jan 10 2025




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar