Breaking News

မျိုးသန့်ထွန်း (စစ်ကိုင်း) - "သခင်နိုင်မြန်မာသို့"

"သခင်နိုင်မြန်မာသို့"
မျိုးသန့်ထွန်း (စစ်ကိုင်း) 
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅

သူကို ပေးလို့သာရရင် "သခင်နိုင်မြန်မာ" လို့အမည်နာမပေးလိုက်ချင်တယ်။ သူ့ကဗျာ၊ သူ့သီချင်း၊ သူ့စကားတွေဟာ လူငယ်ထုအထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ သူဟာ မှန်တရားဖက်က ရပ်ခဲ့သူဖြစ်တယ်။ အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ မတရားတာမှန်သမျှ ခေါင်းငုံ့မခံတဲ့သူ။ စာ၊ ကဗျာ၊ သီချင်းတွေနဲ့ အမြဲတော်လှန်နေခဲ့သူဖြစ်တယ်။

သူကို "စာသူပုန်တော်ကြီး နိုင်မြန်မာ" လို့ ကင်ပွန်းတပ်ကြပါတယ်။ လူပုံက တော်လှန်းသမား၊ စိတ်ဓာတ်က သခင်စိတ်။ ကဗျာသမား၊ စာသမား။ စကားပြောရင် "ကျုပ်! ကျုပ်တို့! ကျနော်တို့!" လို့ပြောတတ်တယ်။ ငွေနောက်မလိုက်ဘူး။ ငွေအတွက် သီချင်းမရေးတဲ့သူ။ လုပ်မစားတဲ့သူ။ မတရားတာတွေ့ရင် ပြောမယ်၊ ရေးမယ်။ မှန်တရားကို အသက်သေတဲ့အထိ မြတ်နိုးတဲ့သူ။

သူနေတာထိုင်တာ လူသားဆန်းတယ်။ လူသားဝါဒကို ထာဝရလက်ကိုင်ထားသူ။ အမြဲ ဂတုံးဆံတောက် နဲ့နေတယ်။ နယ်ချဲ့ဆန့်ကျင်သမိုင်းက ဗိုလ်အောင်ကျော်လား။ ပင်နီတိုက်ပုံ ဝတ်တတ်တယ်။ ဆေးလိပ်ကို လက်ကြားညှပ်ပြီး စကားပြောတယ်။

"ကိုမျိုးသန့်၊ ကျနော်တို့က ၆၂ ခုနှစ်ထဲက စစ်အာဏာရှင်အောက်ရောက်တယ်။ ဖိနှိပ်တယ်။ နှိပ်ကွပ်တယ်။ သတ်တယ်။ ဖြတ်တယ်။ ဒီနေ့အထိ လွတ်လပ်ရေးမရသေးဘူးဗျာ!"

"ခံစားရတယ်။ ဒါကြောင့် 'ကမ္ဘာမကြေ' သီချင်းရေးတယ်။"

"ဒီသီချင်းကို ကျုပ်တို့ ဘဝမလွတ်လပ်မချင်းဆိုနေရမယ်" ဆိုပြီး အားနဲ့ မာန်နဲ့ ပြောတယ်။ သူကို "စာသူပုန်တော်ကြီး" လို့ သတ်မှတ်တယ်။ တော်လှန်ရေးကဗျာတွေ နေ့စဉ်ရေးတယ်။ နေ့စဉ် သီချင်းတွေရေးနေတယ်။ "ကျုပ်တို့က သူကို ကိုနိုင်ကြီး" လို့ခေါ်တယ်။ သူက ထူးခြားတဲ့လူသား။ သာမန်လူတော့ မဟုတ်ဘူး။

သူ့သီချင်းတစ်ပုဒ်ရှိတယ်—
"ချို့ချို့တဲ့တဲ့၊ ဆင်းဆင်းရဲရဲ
အားလုံးဖြစ်လိုနေထိုင်ရင်း
ကိုယ်ယုံကြည်ရာတခုကလွဲဲဲဲရင်
နောက်လှည့်မကြည့်ခဲ့ဘူး"

အဲ့ဒါ "နိုင်မြန်မာ" ရဲ့ "ကျုပ်၏အကြောင်း" ထဲက သီချင်းစာသားပဲ။ သူ့စာ၊ သူ့ကဗျာ၊ သူ့သီချင်း— အကုန်ကြိုက်တယ်။ ၁၉၈၅ ခုနှစ်က "နိုင်မြန်မာနိဒါန်း" ထုတ်တယ်။ နိုင်မြန်မာကိုယ်တိုင် ရေးတယ်ဆိုတယ်။ ထိုအခွေထဲက သီချင်းတွေအကုန်ကြိုက်တယ်။

နောက်တစ်ပုဒ်ရှိသေးတယ်—
"လုပ်ရဲရင် ခံရဲ
ယောကျ်ားမှန်
သေမှလျော့မယ့် ဇွဲ"
ထိမိတယ်။

"ကိုင်ဇာ" ဆိုတဲ့ "သီဟနဒ" ဟာ "နိုင်မြန်မာ" ရေးတယ်။ ထိုအချိန်က လူငယ်တိုင်း "မင်းလည်းယောကျ်ား၊ ငါလည်းယောကျ်ား" "လက်သီးဆုပ်မလား၊ လက်ဝါးဖြန့်မလား" ဆိုပြီး စွဲနေတယ်။ ဆိုနေကြတယ်။

"ခိုင်ထူး" မိတ်ဆက်လို့ "နိုင်မြန်မာ" နဲ့ သိခွင့်ရတယ်။ သူနဲ့ စကားတွေ အများကြီးပြောခဲ့ကြတယ်။ သူဆီကို "အာရှဦးကျော့" ရဲ့မြေး "အာရှတေဇ" နဲ့ရောက်ခဲ့တယ်။ သူက ကဗျာစာအုပ်တွေ လက်ဆောင်အဖြစ် မှတ်မှတ်ရရ ပေးတယ်။

နောက်တခါ "တေးရေးဘလက်ချော (Black Chaw)" ကို "နိုင်မြန်မာ" နှင့် မိတ်ဆက်ပေးဖူးတယ်။ လက်ဖက်ရည် ဝယ်သွားတယ်။ "ကိုနိုင်ကြီး" က လက်ဖက်ရည်ကိုက်တယ်၊ တေးပေါ့လိပ်ကြိုက်တယ်။ သူဆီမှာ ကျွန်တော်တို့ လက်ဖက်ရည်သောက်ကြ၊ စကားပြောကြတယ်။ သူ့သီချင်းအကြောင်းတွေ သေသေချာချာ မေးဖြစ်တယ်။

သူက ဆေးပေါ့လိပ် ဖွားရင်း အရသာရှိရှိ သူ့သီချင်းတွေ ခံစားပြီး အဝေးတစ်နေရာ ကြည့်ကာ ပြောပြရှာတယ်။

သူက "ခိုင်ထူး" ကို ဂရုစိုက်လေးစားသူပါ။ "ခိုင်ထူး" ဆိုဖို့ သီချင်းတွေ ရေးပေးချင်တာပေါ့တဲ့။

"နိုင်မြန်မာ" ရဲ့ သီချင်းတွေဟာ လူငယ်တွေ၊ တော်လှန်ရေးနှင့် အနာဂတ်မြန်မာ့လူ့ဘောင်" အတွက် စွဲမြဲနေစေမယ့် လက်ရာတွေဖြစ်တယ်။

၇ ဖေဖော်ဝါရီ ၂၀၂၅ ခုနှစ်က နိုင်ငံကျော်တေးရေး၊ တေးဆို နိုင်မြန်မာ ကွယ်လွန်ကြောင်း ကြားသိရတယ်။ တကယ်တော့ သူ့သီချင်းတွေ လေအထဲ ပျံနေသဖြင့် "နိုင်မြန်မာ" ဆိုတာ ရှိနေဆဲပါ။

တခါက "ကိုနိုင်ကြီး" က ကျနော့် Copy စာအုပ်မှာ မှတ်မှတ်ရေးပေးခဲ့ဖူးပါတယ်။

အောက်ပါ စာသားလေးက "ကိုနိုင်ကြီး" ရဲ့ စိတ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက် ဖြစ်ပါလိမ့်မယ်။ အများအတွက် မျှဝေလိုက်ပါတယ်—

ကိုမျိုးသန့်ထွန်း …သို့
(မှတ်မှတ်ရရ)

"လုပ်စရာရှိတာတွေ ကျန်နေသေးရင်တော့....
ငါသေသွားပြီးတဲ့အခါ…..
နောက်တခါ ပြန်လာရဦးမှာပဲ…"

နိုင်မြန်မာ
(၁၈-၇-၂၀၂၀)

ကိုနိုင်ကြီး… အမြဲသတိရနေလျက်ပါ။

မျိုးသန့်ထွန်း (စစ်ကိုင်း)

(၉-၂-၂၀၂၅)


-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar