Breaking News

တဖက်သတ် အပစ်ရပ်ကြောင်းနဲ့ ထိုးစစ်ဆင်မှုတွေ ရပ်နားကြောင်း လက်နက်ကိုင် အဖွဲ့အသီးသီးက ကြေညာ

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂ မြင်ကွင်း

မိုးမခ၊ ဧပြီ ၃ ၊ ၂၀၂၅


တဖက်သတ် အပစ်ရပ်ကြောင်းနဲ့ ထိုးစစ်ဆင်မှုတွေ ရပ်နားကြောင်း လက်နက်ကိုင် အဖွဲ့အသီးသီးက ကြေညာ

လူထောင်နဲ့ချီ သေဆုံးပြီး ထောင်နဲ့ချီ ထိခိုက်ဒဏ်ရာရကာ သန်းနဲ့ချီတဲ့ လူတွေ ငလျင်ဘေးဒုက္ခသည် အဖြစ် နေ့ချင်း ရောက်ရှိသွားစေတဲ့ စစ်ကိုင်းဒေသကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ငလျင်ဘေး ကျရောက်ပြီးနောက် အမျိုးသားညီညွတ်ရေး အစိုးရ NUG က ၂ ပတ်တာ ထိုးစစ်ဆင်မှုတွေ ရပ်နားမယ်လို့ မတ်လ ၂၉ ရက်နေ့မှာ ပထမဆုံး ထုတ်ပြန်ခဲ့ပါတယ်။ NUG လက်အောက်က ကာကွယ်ရေး ဝန်ကြီးဌာနက သီးခြားထုတ်ပြန်တရပ်ထုတ်ပြန်ပြီး ထိုးစစ် ဆင်မှု ၂ ပတ်တာ ရပ်နားမယ့် ဒေသတွေက ငလျင်ဒဏ်သင့် ဒေသတွေနဲ့ ဆက်စပ်ဒေသတွေလို့ ဖေါ်ပြထားပြီး ရပ်တန့်တဲ့ကာလက အတိအကျအားဖြင့် မတ်လ ၃၀ ရက်နေ့က နေ ဧပြီ ၁၂ ရက်အထိ ဖြစ်ပါတယ်။ ထိုးစစ်ဆင်မှု ရပ်နားတဲ့ ကြေညာချက်မှာပဲ ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေး အဖွဲ့တွေကို လိုအပ်တဲ့ အကူအညီ နဲ့ ကာကွယ်စောင့်ရှောက်မှုပေးဖို့လည်း ညွှန်ကြားထားကြောင်း ဖေါ်ပြထားပါတယ်။ 

NUG အနေနဲ့ ဘယ်နေရာ ဘယ်ဒေသတွေမှာ ထိုးစစ်ဆင်နေသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိကြရသည့်တိုင် NUG ရဲ့ ကွပ်ကဲမှုအောက်က လက်နက်ကိုင်တပ်တွေအနေနဲ့ အဆိုပါ ညွှန်ကြားချက် ထုတ်ပြန်ချက်ကို လိုက်နာကြရမယ်လို့ ယူဆရပါတယ်။ 

ဧပြီလ ၁ ရက်နေ့ ညပိုင်းမှာတော့ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ AA, TNLA, MNDAA တို့ကလည်း တလတာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်ဆုံးထိရောက်စွာ ဆောင်ရွက်နိုင်ရန်လို့ အကြောင်းရင်းကို ဖေါ်ပြထားတာတွေ့ရပါတယ်။ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာ မိမိကိုယ်မိမိ ခုခံကာကွယ်သည့် တုံ့ပြန်မှုမျိုးမှလွဲပြီး ၄င်းတို့ဘက်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်မှု ပြုမှာမဟုတ်ကြောင်း ဧပြီလ ၁ ရက်နေ့က နေ ၃၀ ရက်နေ့ထိ တလတာရပ်နားကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ နောက်တရက်ဖြစ်တဲ့ ဧပြီ ၂ ရက်နေ့မှာ ရက် ၂၀ ကြာ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ကြေညာချက် ထွက်ပေါ်ပြီး နာရီအနည်းငယ် အကြာမှာ KIO ရဲ့ ဗဟိုကော်မတီ က ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမယ်လို့  ညသန်းခေါင် မတိုင်မီလေးမှာပဲ ဧပြီ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ KIO ရဲ့ ကာလသတ်မှတ်ချက်ကလည်း စစ်ကောင်စီရဲ့ ကာလသတ်မှတ်ချက်အတိုင်း ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ဖြစ်ပါတယ်။ 

ငလျင်ဒဏ်ခံစားရတဲ့ ပြည်နယ်တွေ တိုင်းတွေ အနေနဲ့ ကြည့်ရင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတွေ ပါဝင်ပါတယ်။ အင်းလေး၊ တောင်ကြီးဒေသတွေမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ရမယ့် အထဲ ရှမ်းပြည်နယ်ရဲ့ အဆိုပါ ဒေသတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အဆိုပါ ဒေသတွေမှာတော့ စစ်ကောင်စီဘက်က ပအို့ဝ် နယ်ခြားစောင့်တပ်၊ တော်လှန်ရေး လက်နက်ကိုင်တွေဘက်က PNLA/PNLO နဲ့ ကရင်နီ(ကယား) ဒေသနဲ့ ထိစပ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ နေပြည်တော် ပျဥ်းမနားတဝိုက်မှာတော့ NUG/MOD လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ လက်အောက်က မဟုတ်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်း ရှိနေပြီး အခုလို ကြေညာချက်တွေနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်ကြသလဲဆိုတာတော့ မသိရှိကြရပါဘူး။ 

အခုလို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွားခံစားရချိန်မှာ တဖက်နဲ့ တဖက် ဆိုင်ထားကြတဲ့ ဧရိယာတွေမှာ ကူညီကယ်ဆယ်ရေးတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်အောင် အပစ်အခတ်ရပ်စဲကြရာမှာ ကာလအားဖြင့် သီတင်း ၂ ပတ်ကနေ အများဆုံး ၁ လ ဖြစ်တာတွေ့ရပါတယ်။ 

ပြည်တွင်းစစ်က ငလျင်ကပ်ဘေးကို ပိုမိုအထိနာစေတာဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် ကချင်ပြည်နယ်၊ ရှမ်းမြောက်ဒေသကနေ မန္တလေးမြို့မှာ တိမ်းရှောင်နေထိုင်နေကြတဲ့ မိသားစု အများအပြား ငလျင်ဘေးမှာ သေဆုံးကြ၊ ထိခိုက်ဒဏ်ရာရကြရတဲ့ အဖြစ်တွေ သတင်းတွေနဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ တွေ့နေရတာပါ။ 

အကယ်၍သာ အဲဒီဒေသတွေမှာ တိုက်ပွဲတွေ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိခဲ့ရင် အခုလို မန္တလေးငလျင်မှာ အသက်ဆုံးရှုံးကြရမှာ မဟုတ်ပါဘူး။ စစ်ဘေးကို တိမ်းရှောင်နိုင်ပေမယ့် ငလျင်ဘေးကို တိမ်းရှောင်လို့ မလွတ်ခဲ့ဘူးလို့ပဲ ယူဆကြရမယ့် အနေအထားဖြစ်ပါတယ်။ 

အခု သီတင်း ၂ ပတ်ကနေ ၄ ပတ်ကြာ အပစ်အခတ်ရပ်စဲခြင်းနဲ့ ထိုးစစ်ဆင်မှု ရပ်ဆိုင်းထားခြင်းတွေက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို စေ့စပ်ဆွေးနွေးခြင်းအားဖြင့် အဖြေရှာဖို့ လမ်းစတခု အခွင့်အလမ်း တခုအဖြစ် မျှော်လင့်ကြတဲ့ သူတွေလည်း မျှော်လင့်ကြပါတယ်။ 

မကြာသေးခင် ရက်ပိုင်းတွေအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ဒီဘေးအန္တရာယ်ကနေ ပြန်လည်ထူထောင်ဖို့ရာမှာ ငွေကြေး၊ အချိန်ကာလ အများကြီး လိုအပ်လာမယ့် အနေအထားမှာ စစ်ရေးအရ ဖြေရှင်းကြမယ့် အစား တွေ့ဆုံဆွေးနွေးကြဖို့ လမ်းကြောင်းကို ရေးသားကြတဲ့ နိုင်ငံရေးလေ့လာသူတွေကို ဆိုရှယ်မီဒီယာ သုံးစွဲသူအချို့က ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ 

ဝေဖန်သူတွေက အခုလို ကြုံရတဲ့ အခြေအနေတွေအတွက် အာဏာသိမ်း စစ်ကောင်စီမှာသာ အားလုံးတာဝန်ရှိပြီး စစ်ကောင်စီဆိုတာ ယုံကြည်ရတဲ့ အဖွဲ့အစည်း တရပ်မဟုတ်ဘူးဆိုတဲ့ ယူဆချက် အပေါ် အခြေခံပြီး ပြောဆိုကြတာဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စကားပြောဖို့ တိုက်တွန်းတာထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နွေဦးတော်လှန်ရေး ကာလမှာ ပေါ်ထွက်လာတဲ့ PDF တပ်ဖွဲ့တွေ အနေနဲ့ အခုလို အခြေအနေမှာ စစ်ကောင်စီ စစ်ရေးအရ အားနည်းနေချိန်မှာ ဆက်လက်ပြီး တိုက်ခိုက်အနိုင်ယူဖို့ ဆိုတာမျိုးကို ပြောဆိုတဲ့ သူအချို့လည်း ရှိနေတာတွေ့ရပါတယ်။ စစ်ကောင်စီ အနေနဲ့ ၄င်းတပ်တွေ အုပ်ချုပ်ရေး စီမံခန့်ခွဲရေး ဖရိုဖရဲဖြစ်နေချိန် အခွင့်ကောင်းယူ တိုက်ခိုက်သင့်တယ်ဆိုတဲ့ ယူဆမှုပါ။ 

သို့ပေမယ့် အဲဒီအယူအဆက သိပ်ပြီး ထောက်ခံမှု မရပဲ အခုလို ယာယီ ထိုးစစ်ရပ်၊ တဖက်သတ်အပစ်ရပ် မယ်ဆိုတဲ့ ကြေညာချက်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

လူထုအနေနဲ့ ပြည်တွင်းစစ်ရဲ့ အကျိုးဆက် သက်ရောက်မှုကို ခါးစည်းခံစားနေကြရဆဲ ဖြစ်ပါတယ်။ အဲဒီလို ပြည်တွင်းစစ်ရဲ့ ဒဏ်ကို ခါးစည်းခံစားနေကြရတဲ့ လူထုအနေနဲ့ အခုလို နှစ်ပေါင်း ၁၀၀ လောက်မှာ တကြိမ် ဖြစ်လေ့ရှိတဲ့ ကြီးမားတဲ့ ငလျင်ကြီးရဲ့ သက်ရောက်မှုကို ထပ်ဆင့်ခံစားကြရတဲ့ အနေအထားမှာ နိုင်ငံရေး စစ်ရေး ခေါင်းဆောင်တွေ အနေနဲ့ လူထုရဲ့ ဘဝတွေကို ထည့်သွင်းစဥ်းစားဖို့လည်း အရေးကြီးတယ်လို့ဆိုချင်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar