Breaking News

နေပြည်တော်သိမ်းအောင် - မင်းအောင်လှိုင်မှာ အနာဂတ်ရှိတယ်လို့ ထင်သေးလား

နေပြည်တော်သိမ်းအောင် - မင်းအောင်လှိုင်မှာ အနာဂတ်ရှိတယ်လို့ ထင်သေးလား

မိုးမခ ၊ ဧပြီ ၃ ၊ ၂၀၂၅


‘မင်းအောင်လှိုင်မှာ အနာဂတ်ရှိတယ်လို့ ထင်သေးလား? ရှိသေးတယ် ထင်ရင်တော့ စကားပြောလို့ မရတော့ဘူး၊ သင့်ရာတော်ရာ သွားနေကြပါတော့’။ 

ဒီစာသားကို ကြည့်လိုက်ရင်ပဲ အခုတလော အသံထွက်လာကြတဲ့ ညှိနှိုင်းပူးပေါင်း‌ရေးသမားများရဲ့ စကားအသွားအလာနဲ့ အတော်ကြီး ဆင်တူနေတာကို သတိထားမိကြပါလိမ့်မယ်။ မဆင်တူတာတခုကို စပြောရရင်တော့ ထိုသူတွေလို လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လို့ မသုံးနှုန်းလိုက်တာပါပဲ။

တကယ်ကတော့ ‘စစ်ရာဇဝတ်ကောင် ဝရမ်းပြေး မင်းအောင်လှိုင်ကို လူယုတ်မာလို့ ထင်သလား၊ ထင်ရင်တော့ စကားပြောလို့ရတယ်’လို့ ရေးလိုက်ရင်လည်း ရပါတယ်။ ဒါက ပြည်သူအများစု သတ်မှတ် လက်ခံထားတာပါ။ လူယုတ်မာတယောက်ဆီက ကယ်ဆယ်ရေး အစစ်အမှန် မရရှိနိုင်သလို၊ ငြိမ်းချမ်းရေး  အစစ်အမှန်ဆိုတာကိုလည်း   ဘယ်လိုမှ မျှော်လင့်လို့မရနိုင်တာကို မြန်မာပြည်သူ အများစုက နားလည်ပြီးသားပါ။

မင်းအောင်လှိုင် ဒါမှမဟုတ် မင်းအောင်လှိုင်လို ဖက်ဆစ်ကိုယ်ပွားတွေ အာဏာဆက်လက် ဆုပ်ကိုင်ထားသမျှ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့အနာဂတ် မရှိနိုင်ဘူးဆိုတာကလည်း နက်နက်နဲနဲ စဉ်းစားကြည့်ဖို့တောင် မလိုပါဘူး။

‘သင် ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ်ကောင်းအောင် ကြိုးစားမည် ဆိုရင်ကော မရဘူးလားလို့ မေးခွန်း မေးလာခဲ့သူ တဦးစီကလည်း အမျိုးသားရင်ကြားစေ့ရေး တသံတည်း ထွက်လာတာကို သတိပြုမိပါတယ်။ တကယ်တော့ အဲဒီမေးခွန်းက ကမ္ဘာ့အတိုင်းအတာနဲ့ သဘာဝဘေးအန္တရာယ်ကြီး ဆိုးဆိုးဝါးဝါး ကြုံတွေ့နေချိန်မှာတောင် လေကြောင်းတိုက်ခိုက်မှု မရပ်တန့်နိုင်တဲ့ ဖက်ဆစ်စစ်တပ်ကို သွားမေးရမှာပါ။

ပြည်သူကို ရန်သူလို ဆက်ဆံပြီး ပြည်သူအချင်းချင်း တိုက်ခိုက်ဖို့ စစ်မှုထမ်းဥပဒေကို အသုံးချတဲ့ ဖက်ဆစ်စစ်တပ်ကို၊ ၂၀၁၁ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူလို့ ပြောလာသူတဦး ဥပမာပေးခဲ့တဲ့ နိုင်ငံတကာ ပဋိပက္ခများထဲကလို အစိုးရတရပ်အဆင့်အဖြစ် သတ်မှတ် ညှိနှိုင်းလို့ မရနိုင်တော့တာကိုလည်း သဘောပေါက်ရပါလိမ့်မယ်။ ဆူနာမီဒဏ် ခံစားခဲ့ရတဲ့ အာချေး (Aceh) ပြည်နယ်က လွတ်မြောက်ရေး တိုက်ပွဲဝင်ကြသူများနဲ့ အင်ဒိုနီးရှားအစိုးရကြား ညှိနှိုင်းကြတဲ့ အဆင့်မျိုးထက်လည်း၊ လက်ရှိ မြန်မာ့ပဋိပက္ခက ပိုကျယ်ပြန့်သွားခဲ့ပြီ ဆိုတာကို နားလည်သင့်ပါပြီ။

ကျည်လွတ်မြေက လော်ဘီများရဲ့ အသံနဲ့ လူထုအသံစစ်စစ် မတူဘူးလို့ ထင်နေသူတဦးကတော့ နိုင်ငံရေးယဉ်ကျေးမှု မမြင့်မားလို့ ပူးပေါင်းဆောင်ရွက်မှု မရှိကြတာ၊ ပဋိပက္ခ မဖြေရှင်းနိုင်တာဆိုတဲ့ သူ့အမြင်ကို ထုတ်ဖော်လာပြန်ပါတယ်။ ‘သွေးကြွေးမှာ ဆွေးနွေးစရာမရှိ’ ဆိုတာကလည်း ပြည်သူ့အသံစစ်စစ် မဟုတ်ဘူးလို့ ဒီအဖွဲ့တွေက အမှတ်မှားထားနိုင်ပါတယ်။

အခုလို မင်းအောင်လှိုင်နဲ့ ရင်ကြားစေ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြဖို့ ဆိုတဲ့ အချိန်ကိုက် လှုံ့ဆော်မှုတွေကတော့ ဖက်ဆစ်စစ်တပ် ခေါင်းဆောင် စိတ်ကြိုက်ပဲ ဖြစ်တယ်။ တတိုင်းပြည်လုံး ယူကျုံးမရ စိတ်ထိခိုက် ကြေကွဲနေရတဲ့ အချိန်မှာ၊ မင်းအောင်လှိုင်က ငလျင်ကို အမြတ်ထုတ်ဖို့ စဉ်းစားနေတာကိုလည်း သံသယ မရှိကြပါဘူး။  အနိမ့်ဆုံးအနေနဲ့ သူ့ကို အစိုးရအဖွဲ့  အကြီးအကဲတဦးအနေနဲ့ နိုင်ငံတကာက ဆက်ဆံလာကြမှာက အစ၊ ဘဏ္ဍာရေး အကျိုးအမြတ် မြိုးမြိုးမြက်မြက် ရရှိနိုင်ဖို့လည်း မျှော်ကိုးနေမှာကလည်း သေချာတယ်။ 

နိုင်ငံတကာ အကူအညီတွေ အသုံးချပြီး သူ့ကို ထောက်ခံသူတွေအတွက်သာ ပိုအကျိုးရှိအောင်လုပ်ပေးရင်း၊ သူ့ အာဏာတည်မြဲဖို့၊ သူ့အနာဂတ် ပိုခိုင်မာဖို့အတွက် စိတ်ကူးယဉ်နေမှာပါ။ ဒါတွေဟာ တဖက်သတ် ယိုးစွပ်တဲ့ စကားတွေ မဟုတ်ရပါဘူး။ ပြည်သူအပေါ်  ပြုကျင့်ခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေက သက်သေပါ။ ကိုဗစ်နဲ့ ရေဘေး၊ လေဘေးတွေ သူ ဘယ်လို စီမံခန့်ခွဲခဲ့သလဲ ဆိုတာကလည်း မျက်မြင်ပါပဲ။ မလုပ်ရဲတာ ဘာမှမရှိတဲ့ မင်းအောင်လှိုင်ဟာ စိတ်ဓာတ်သိမ်ဖျင်းရုံသာမက လုပ်ရည်ကိုင်ရည်လည်း ညံ့ဖျင်းသူပါ။

ဒီတကြိမ်မှာလည်း ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျောသားရင်သား ခွဲခြား လုပ်ဆောင်နေတာကိုက မင်းအောင်လှိုင် ဘယ်လို လူစား ဆိုတာကို ထပ်ဆင့်သက်သေပြနေပါတယ်။ ဒီဖက်ဆစ်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ အာဏာဆက်ရနေသမျှ နည်းမျိုးစုံ၊ ဘေးမျိုးစုံနဲ့ ပြည်သူတွေ ဆက်အသက်ပေးနေကြရဦးမှာကို သတိချပ်ကြရပါလိမ့်မယ်။

နိုင်ငံတကာ အကူအညီ မလိုအပ်ဘူးလို့ ဘယ်သူကမှ မပြောခဲ့ပါဘူး၊ လိုအပ်ပါတယ်။ ဒါပေမဲ့ ညံ့ဖျင်းတဲ့ စီမံခန့် ခွဲမှု၊ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ဖို့ ချောင်းနေတဲ့၊ ပြည်သူကို စေတနာမရှိတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လက်ထဲ တိုက်ရိုက်ရောက်မသွားဖို့က အရေးကြီးတယ်လို့သာ ထောက်ပြနေကြတာပါ။ ဒါကလည်း အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ မင်းအောင်လှိုင်ကို မျက်စိမှိတ် ပုံအပ် ယုံကြည်ကြသူများနဲ့ မယုံကြည်ကြသူများကြား ကွဲလွဲမှုတော့ ရှိနိုင်ပါတယ်။

၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ လှုပ်ခတ်သွားတဲ့ ဟေတီမြေငလျင် (7 Mw)မှာ ကူညီထောက်ပံ့မှုတွေကို ဟေတီအစိုးရဆီ တိုက်ရိုက်မပေးပို့ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်နေ့က ယူအက်စ် ကွန်ဂရက်  ထွက်ဆိုချက်ကို ပြန်ကြည့်ရင် အဲဒီကာလအထိ ကူညီခဲ့တဲ့ ဒေါ်လာ ၁.၈ ဘီလီယံအနက် ၀.၂၉ ရာခိုင်နှုန်းကသာ ဟေတီအစိုးရဆီ တိုက်ရိုက်ရောက်သွားခဲ့တယ်လို့ သိရှိရတယ်။ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နိုင်ငံတကာ အဖွဲ့အစည်း၊ အေဂျင်စီများကို ဝင်ရောက်ကူညီခွင့်ပြုဖို့တော့ လိုအပ်သလို၊ အခက်အခဲတွေလည်း ကျော်ဖြတ်ရပါတယ်။

ပြည်သူ ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရ လက်ထက်မှာသာ ဆိုရင်တော့ နိုင်ငံတကာ သဘာဝဘေးဒဏ်များမှာ ကူညီပံ့ပိုးကြသလို အုံနဲ့ကျင်းနဲ့ ဝင်ရောက်လာကြမှာပါ။ အခုတော့ စစ်ရာဇဝတ်ကောင် ဝရမ်းပြေး မင်းအောင်လှိုင် အပေါ်  နိုင်ငံတကာရဲ့ မယုံကြည်မှုကြောင့် နိုင်ငံနဲ့ ပြည်သူ နစ်နာကြရပါတယ်။

ဒီလောက် ကြေကွဲစရာကောင်းလှတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကို ခုတုံးလုပ်ပြီး မင်းအောင်လှိုင်ကို သိဒ္ဓိတင်ပေးဖို့ ကြိုးစားနေကြသူများကိုတော့ အံ့ဩမှင်တက်ရပါတယ်။ လူယုတ်မာ ဝရမ်းပြေး မင်းအောင်လှိုင်နဲ့ ပူးပေါင်းမှသာ မြန်မာနိုင်ငံရဲ့အနာဂတ် ကောင်းမွန်နိုင်မယ် ဆိုတဲ့ အတွေးအခေါ်က တော်ရုံပွဲစားဉာဉ်မျိုးလောက်နဲ့ စဉ်းစားနိုင်မယ်  မထင်ပါဘူး။

အခုလိုအချိန်မျိုးမှာတောင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ ခါးပိုက်ဆောင်စစ်တပ်ရဲ့ အပြစ်တွေကိုတော့ မထောက်ပြဘဲ၊ အပြစ်မဲ့ ပြည်သူတွေနဲ့ ဒီလမ်းကလွဲလို့ တခြားမရှိလို့ ဒီနည်းကိုပဲ ရွေးခဲ့ကြရသူကိုပဲ ရွေးအပြစ်တင်ချင်သူတွေ ပေါ်လာတာမျိုးက လူယုတ်မာ ဝရမ်းပြေး တယောက်အတွက် သဘောတွေ့ မနောခွေ့စရာပါ။

ကြည်း၊ ရေ၊ လေ သတ်မတော်ကြီးနဲ့ နိုင်ငံတကာအဆင့်မီ လူသတ်လက်နက် အစုံအလင်တော့ ပိုင်ဆိုင်ပြီး၊ သဘာဝဘေးအန္တရာယ်ကို ထိထိရောက်ရောက် ကယ်ဆယ်ပေးဖို့ကျ ပစ္စည်းအရင်းအမြစ်နဲ့ စေတနာမရှိသူများကို ထိုသူတွေက ဝေဖန်ထောက်ပြဖူးကြပါသလား။

ယုတ်စွအဆုံး နိုင်ငံတကာ သတင်းမီဒီယာတွေကို ဝင်ခွင့်မပြုတာနဲ့ ပတ်သက်ပြီး၊ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် ဘယ်လို ခုခံပေးကြဦးမှာပါလဲ။ ဟေတီငလျင် (၂၀၁၀) တုန်းကဆိုရင် CNN က အန်ဒါဆင်ကူးပါး (Anderson Cooper) နဲ့ အဖွဲ့ဟာ ငလျင်အကြီးအကျယ်လှုပ်ပြီး ၁၈ နာရီအတွင်းလောက်မှာပဲ ဟေတီကို အရင်ဆုံးရောက်ရှိခဲ့တဲ့ အနောက်တိုင်းသတင်းဌာနပါ။ အတွေ့အကြုံရင့်ကျက်၊ အရင်းအမြစ် ပြည့်စုံတဲ့ သတင်းမီဒီယာတွေဟာ မြေပြင်အချက်အလက်တွေကို ကမ္ဘာကသိအောင် လုပ်ဆောင်ပေးနိုင်သလို၊ မမှန်မကန် လုပ်ဆောင်မှုတွေကိုလည်း ဖော်ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

ချုပ်ပြောရရင် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အမှားတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဦ တာဝန်ခံစေဖို့ တလုံး တပါဒမျှ မပါရှိဘဲ၊ မင်းအောင်လှိုင်နဲ့ ပူးပေါင်းဆောင်ရွက်စေလိုခြင်းသက်သက်ဟာ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေခြင်းသာ ဖြစ်တယ်။ ဒီလိုနည်းလမ်းမျိုးနဲ့မှသာ မြန်မာနိုင်ငံအတွက် အနာဂတ် ရှိတယ်လို့ ထင်မှတ်ထားကြသူတွေအတွက်ကတော့ ဖုတ်လှိုက်ဖုတ်လှိုက် မင်းအောင်လှိုင်ကို ရတဲ့နည်းနဲ့ အသက်ကယ်ဆေး ရှာပေးချင်ကြမှာပါပဲ။ ဒီအုပ်စုဟာ မင်းအောင်လှိုင်မှာ အနာဂတ် ရှိနေသေးတယ်လို့ ယုံကြည်ထားကြသူတွေလို့သာ မှတ်ချက်ပေးရပါလိမ့်မယ်။

နိုင်ငံတကာက မယုံကြည်သူ၊ ပြည်သူတရပ်လုံးက စက်ဆုပ်ရွံရှာကြသူ၊ ပြည်သူကို စောင့်ရှောက်ဖို့ ပျက်ကွက်သူ၊ လူယုတ်မာ လူသတ်ကောင် နေရာတည်မြဲရေးအတွက် ပြည်သူလူထု အများစုရဲ့ တံတွေးခွက်ထဲ အမျောခံပြီး၊ နည်းလမ်းရှာ ကျားကန်ပေးနေကြသူများကို မြင်ရတဲ့အခါ၊ လာရာကိုမကြည့်နဲ့ လားရာကိုသာ ကြည့်ကြဖို့ လိုအပ်တယ် ဆိုတဲ့ စကားကိုသာ ပြန်အမှတ်ရမိစေခဲ့တယ်။

မင်းအောင်လှိုင်ကတော့ တရားဝင် အသိအမှတ်ပြုခံရဖို့အတွက် ခွေးတိုးပေါက်က တိုးဝင်ရမယ် ဆိုရင်လည်း ဝင်မှာပါပဲ။ ပြဿနာက ဘယ်ခွေးတိုးပေါက်ကနေ ဘယ်လိုအနေအထားမျိုးနဲ့ တိုးဝင်ရမလဲ ဆိုတာကို သူက ဉာဏ်မမီတာပါ။ သူ့အရင် ဝင်ပြမယ့် ဒါမှမဟုတ် သူ့နဲ့အတူ လိုက်ဝင်ပြမယ့်သူတွေ ရှိရပါလိမ့်မယ်။ ဒီအတွက် ခေါင်းတပြင်ပြင် ခြေတလှုပ်လှုပ်နဲ့ ရွပိုးထိုးနေကြသူတွေကိုလည်း၊ အခုလိုပဲ ဆက်တွေ့မြင်လာရဖို့ ရှိကြတာကိုတော့ မပြတ် သတိရှိကြဖို့ လိုပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar