ကမ္ဘာတိုင်ဆုံးမောင်စစ်မုန်း - ငြိမ်းချမ်းရေးမိစ္ဆာနဲ့ ပြိတ္တာတွေ ဟီလာတိုက်ချိန်
ကမ္ဘာတိုင်ဆုံးမောင်စစ်မုန်း - ငြိမ်းချမ်းရေးမိစ္ဆာနဲ့ ပြိတ္တာတွေ ဟီလာတိုက်ချိန်
မိုးမခ ၊ ဧပြီ ၄ ၊ ၂၀၂၅
နိုင်ငံခြားက ဝင်လာတဲ့ပစ္စည်းတွေကို အထူးကြပ်မတ်ဖမ်းဆီးဖို့၊ အထူးသဖြင့် အစားအစာနဲ့ ဆေးဝါးလိုဟာမျိုးတွေ ဦးစားပေး ဖမ်းဖို့ ဟိုသရေကြိုး စိုးဝင်းရဲ့ အထူးစီမံချက်ကလည်း ဒီငလျင်မှာ လူတွေ များများသေစေတဲ့ အကြောင်းကြီးတခုပါပဲ။
ခုလည်း ထိုင်ဝမ်က ကယ်ဆယ်ရေးပစ္စည်းအများကြီးနဲ့ ရောက်လာတာကို အဝင်မခံဘဲ လေဆိပ်ကနေ ကန်ထုတ်တယ်။ ထိုင်ဝမ်အဖို့တော့ မိအေး သုံးခါနာတာပေါ့လေ။ စကစကလဲ တရုတ် ကြောက်လို့ တနိုင်ငံထဲ မူဝါဒကို ထောက်ခံပါတယ်။ NUG ကလဲ စကစနဲ့ ၎င်းအတူတူပါပဲ ပြောခဲ့တယ်။ ခု နှစ်ဖက်လုံးက နိုင်ငံတကာက ကူကြဖို့ပြောပြီး လာလဲကူရော မဝင်ရတဲ့။ NUG ကတော့ ဘယ်ငြင်းပါ့မလဲ။ စကစက ငြင်းတာ။ NUG အနေနဲ့ ထိုင်ဝမ်ကို လက်မခံဘဲ ပြန်မောင်းထုတ်တဲ့ကိစ္စ ငြင်းပစ်ထုတ် မထုတ်တော့ မသိသေး။ ခု မြန်မာပြည်မှာ အကုန်ခက်နေတယ်။ လွယ်တာကို ဘာမှ မရှိတာ။ ခက်သမှ အလကားစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရေတောင် ဒီတိုင်း ခပ်သောက်လို့ မရတဲ့ အခြေအနေ။
အဲဒီလိုအခြေအနေမှာ စကစဟာ ပြိုပျက် ပိမိ ပိတ်မိနေတဲ့ အအောက်အုံတွေအောက်က လူတွေကို ကယ်ထုတ်ဖို့ အားကြိုးမာန်တက်မလုပ်ဘဲ မန္တလေး၊ ရန်ကုန်နဲ့ တောင်ကြီးမှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်နေတယ်။ ကယ်ကြပါအုံးလို့ ဟစ်အော်ငိုကြွေးနေကြတဲ့ အသံတွေ မျက်ရည်တွေ သောက ဗျာပါဒတွေကို စိုးစဉ်းမှ မစဉ်းစားဘဲ လူတွေရော ကယ်ဆယ်ရေးမှာ သုံးလို့ရတဲ့ပစ္စည်းတွေရောကို သင်္ကြန်မဏ္ဍပ်ဆောက်ရာမှာ နေ့ညဉ့်မပြတ် အားသွန်ခွန်စိုက် အသုံးပြုနေတယ်။ အကူအကယ် လာသူတွေကိုလဲ ဖြတ်တားပြီး ဖြတ်စားတာတွေ လုပ်တယ်။ အလှူပစ္စည်းတွေ ချယူတယ်။ လူတွေကို ခြိမ်းခြောက်တယ်။ အဆောက်အဦ အပြိုအပျက်တွေနားမှာလဲ ပျူတွေက မယောင်မလည်နဲ့ ကူမလိုလို ထူမလိုလိုနဲ့ ယူဖို့လုပ်ကြတယ်။ တကယ်ကူမယ့်သူတွေကို ယီးတီးယားတား လုပ်လွှတ်တယ်။ ခြိမ်းခြောက်ဟန့်တားတယ်။ ခုဆို တရုတ်ဘက်က လာတဲ့ ကြက်ခြေနီ ကားတန်းကို ပစ်ခတ်တဲ့အထိ အတင့်ရဲလာတယ်။ သူတို့ ခွင့်ပြုချက်ကို အတိအကျမယူဘဲ ညီနောင်တွေကို လက်ပြနှုတ်ဆက်ခဲ့လို့လား မသိ။
ဒီကြားထဲ သင်္ချိုင်းထဲက ကုန်းရုန်းထလာတဲ့ မကောင်းဆိုးဝါးတွေလို မီးရှို့ လူသတ် မုဒိမ်းတပ်လော်ဘီ ငြိမ်းချမ်းရေးဂဝေသီ နာမည်ခံတွေဟာ အမှောင်ထုကို အကာအကွယ်ယူ ပြူထွက်လာကြပြီး စစ်တပ်ဘက်က ငလျင်ကယ်ဆယ်ရေး အားစိုက်မလုပ်ဘဲ စစ်ကြောင်းထိုး ဗုံးကြဲ သဲသဲမဲမဲ လုပ်ခွင့်ရအောင်၊ စစ်ရှုံး ကျဆုံးခြေနေတွေ ဖာထေးခွင့်ရအောင်၊ စစ်ပြင်ဖို့ အချိန်ရအောင်၊ တော်လှန်ရေးဘက်ကို ပြစ်တင်ရှုတ်ချတာတွေဖြစ်လာအောင် ဆော်ဩပေးနေကြတယ်။
နာဂစ်တုန်းက အလောင်းတွေကို ငါးပူတင်း စားသွားလိမ့်မယ်ပြော၊ ခုလည်း သူတို့စည်းစိမ်နဲ့မိသားစုကို အသေခံ ကာကွယ်တိုက်ခိုက်ပေးရတဲ့ စစ်သား မသေမရှင်တွေကိုတောင် မီးထဲထည့်အပြီးရှင်း၊ တွေ့သမျှလူကို လူသားတံတိုင်းလုပ် စစ်ခင်းနေတဲ့ စစ်တပ်ဆီက ဘာအကောင်းလေးတခုမှ မျှော်လင့်မရနိုင်မှန်း သိကြလို့ ကိုယ့်ဘာသာ ကူကြ လုပ်ကိုင်ကြတာတွေကိုလည်း မရှုစိမ့်မကြည့်နိုင်ဖြစ်ပြီး ဟိုတား ဒီမြစ် လုပ်နေတာတွေကို ယောင်လို့တောင် မဟတော့ စစ်တပ်စိတ်ဓာတ်နဲ့ တထပ်ထည်းကျတဲ့ လော်ဘီတွေလို့ ဆိုရမှာပါဘဲ။
ခုက NUG ကလဲ စစ်ရပ်စဲကြောင်း ကြေညာ၊ ညီနောင်သုံးဖော်က စစ်ရပ်စဲကြောင်း ကြော်ညာ၊ မရပ်တာကလဲ စစ်ကောင်စီပဲ ဖြစ်နေတော့ လော်ဘီတွေ တိုင်ပတ် ဝေ့လည်ကြောင်ပတ်တွေဆက်ပြော ဟိုဖောဒီဖော လိပ်ကျောကြောင်ကော် ပြောင်ချော်ချော်ပုံပေါက်လာတယ်။ ငြိမ်းချမ်းရေးလုပ်နေတာနဲ့မတူဘဲ ငြိမ်းချမ်းရေးအဘျူ့လုပ်နေတာ သိသာလာတယ်။ ဒီအချိန်မှာ ဒေါက်ဗလာဇာနည်ဆိုတဲ့ကောင်ကလဲ ဒီဘက် သေကျေပျက်စီးနေတာမှန်သမျှ ရိုအစ်ရှူးနဲ့ တွဲတွဲ ဆွလာတယ်။ ဒီလူမျိုးတွေဘက်က ပြောသလိုလိုနဲ့ ဒီမွတ်စလင်အုပ်စုကို ဗုဒ္ဓဘာသာ အသိုင်းအဝန်းနဲ့ ရန်တိုက်တာကို မြန်မာမှာတင် မဟုတ်၊ ကမ္ဘာမှာ တစုံတရာပေါ်လာတိုင်း မဆီမဆိုင် ဆွဲစိ တိုက်ခိုက် ထိုးနှက်တာတွေ အမြဲလုပ်နေတယ်။ သူ့ မတရားရေးနေတာတွေမြင်ရပြီး ပြန်လည်ပြောဆိုကြရင်း ပဋိပက္ခမီးကို ပြန်ပြန်မွှေးပေးနေတာဟာ စစ်အုပ်စု လုပ်တဲ့ လူမျိုးရေး ဘာသာရေး ယဉ်ကျေးမှုရေး ပဋိပက္ခ ဖန်တီးပုံနဲ့အတူတူပဲ။
တကယ်တမ်းဆိုရင် စစ်တပ်မှာရော နိုင်ငံတော်မှာပါ ယာဉ်တွေ ယန္တရားတွေအများကြီးရှိတယ်။ အမြန်ဆုံးပို့ဆောင်ပေးပြီး အသွက်လက်ဆုံး ကူညီရမယ်။ သွားမယ့်သူတွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ပေးရမယ်။ ဒါမှ အချိန်မီ အသက်ကယ်နိုင်မှာ။ နှစ်ရက်၊ သုံးရက်အတွင်း အရ ကယ်ရမှာတွေကိုမလုပ်ဘဲ စစ်တပ်က အဲဒီအပျက်အစီးပုံတွေနဲ့ ပိတ်မိလူတွေကို ပြပြီး နိုင်ငံတကာကို အကူအညီတောင်းရင်း ဆက်ဆံရေးထူထောင်ဖို့ ကြိုးစားနေတာ။ ငါသာလျှင် တရားဝင်ဖြစ်တယ်နော် ဆိုပြီးလုပ်ဖို့ အားထုတ်နေတာ။ ထုံးစံအတိုင်း ငါ ခွင့်မပြုရင် မကူရ မကယ်ရစောက်ချိုးနဲ့။ ငြိမ်းချမ်းရေးဗိသုကာကြီးတွေဟာ အဲဒါတွေကို ဖိအားပေးပြောဆိုဖို့ မလုပ်ဘဲ လူမျိုးပေါင်းစုံကို အဘက်ဘက်က ဒုက္ခပေးနေတဲ့ စစ်ကောင်စီကိုသာ ယုတ်ကန်းဖို့ အခွင့်အလမ်းတွေ ဆက်လက်ဖန်တီးနေကြမယ် ဆိုရင်တော့... ငြိမ်းချမ်းရေးဗိသုကာမဖြစ်ဘဲ ငြိမ်းချမ်းရေးဘိဘုဘာသာ ဖြစ်နိုင်ပါကြောင်း။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar