မောင်လူမွှေး - ဖုန်တက်နေတဲ့ ပြည်သူ့နီတိ
မောင်လူမွှေး - ဖုန်တက်နေတဲ့ ပြည်သူ့နီတိ
မိုးမခ ၊ ဧပြီ ၃ ၊ ၂၀၂၅
၂၀၂၅ မတ်လဟာ ပူလောင်ပြီး ကုန်လွန်ခဲ့ပါပြီ။ ဝမ်းနည်းစရာတွေနဲ့ ကုန်ဆုံးခဲ့ပါပြီ။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ငလျင်အကြီးအကျယ် ဒဏ်ခံရမှုတွေ မတ်လအတွင်း မြန်မာပြည်သူတွေ ခံခဲ့ကြရတယ်။ မတ်လအတွင်း အဖြစ်အပျက်တွေဟာ ကြေကွဲစရာပါ။
ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်တွေကို မောင်လူမွှေးရဲ့ ဖုန်းစုတ်လေးကတဆင့် သိရတာရှိသလို ကြမ်းတမ်းတဲ့ မြေပြင်လမ်းပေါ် ဆိုင်ကယ်ပုပုလေးနဲ့ သွားလာရင်း ကိုယ်တွေ့မျက်မြင် တွေ့ရ၊ ကြားရတာတွေလည်း ရှိပါတယ်။
စစ်ကိုင်း၊ မန္တလေးဘက်မှာ ငလျင်ကြောင့် လူတွေ ထောင်ချီ သေဆုံးကြတော့ လူသေအလောင်းထည့်တဲ့ အိတ်တွေ ချက်ချင်း ဈေးတက်ကုန်တယ် ဆိုတဲ့ သတင်းဟာ မောင်လူမွှေးရဲ့ ရင်ကိုဝင်ဆောင့်ခဲ့ပါတယ်။ နောက်တော့ ရေကအစ စားသောက်ကုန်ပစ္စည်း ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်တဲ့တင်းတွေကို ကြားရတော့တာပါပဲ။
"သွားပြောလို့ မရပါဘူး။ ဒါ မြန်မာပြည်ပါ" ဆိုတဲ့ ဆရာကြီးတစ်ယောက်ရဲ့ စကားကို သတိရမိပါတယ်။
ငလျင်ကြောင့် အိုးပစ်အိမ်ပစ် လူတွေ ရှောင်တိမ်းနေကြရချိန်မှာ ပစ္စည်းတွေ ပျောက်ကြတယ်။ ခိုးယူသူတွေ ရှိတယ်ဆိုတဲ့ သတင်းစကားတွေကတော့ သတင်းတောင် မဟုတ်တော့ပါဘူး။ ဒီကိစ္စကို ဆန်းတယ်လို့ မောင်လူမွှေးလည်း မတွေးတော့ပါဘူး။ သွားပြောလို့ မရပါဘူး။ ဒါ မြန်မာပြည်ပါ။
နောက်တစ်ခုက လွတ်မြောက်နယ်မြေမှာ စစ်ကောင်စီက ဗုံးကြဲလို့ တစ်မိသားစုလုံး သေဆုံးတဲ့ အိမ်ကနေ ဗုံးဒဏ်ကြောင့် မီးမလောင်ဘဲ ကျန်နေတဲ့ ပိုက်ဆံနဲ့ အဖိုးတန်ပစ္စည်းတွေကို ကောက်ယူသွားတယ်ဆိုတဲ့ သတင်းကိုကြားတော့ မောင်လူမွှေး အံ့အားသင့်ခဲ့ရပါတယ်။ မောင်လူမွှေးလည်း မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ လေကြောင်းပစ်ခံရတဲ့ ဒေသခံကို မေးရပါတယ်။
"ဟုတ်တယ်။ ဘယ်သူတွေမှန်း မသိသေးဘူး။ ဗုံးကြဲခံရတာမှာ ဒဏ်ရာရတဲ့ ကလေးကတော့ မျက်နှာတွေ မြင်ရင် သူ မှတ်မိတယ်လို့ ပြောတယ်" ။
ဗုံးကြဲပြီးလို့ ခဏလေးအတွင်း ကယ်ဆယ်သူတွေ မလာခင် ပိုက်ဆံနဲ့ ပစ္စည်းကို အမြန်ယူ ထွက်သွားကြတာပါ။ ငါတို့ လွတ်မြောက်နယ်မြေလည်း "မြန်မာပြည်" ပဲဟလို့ မောင်လူမွှေး စိတ်ထဲက အော်မိခဲ့ပါတယ်။
ငလျင်ဘေးအန္တရာယ်ကြောင့် လူတွေ သေဆုံးလို့ အလောင်းထည့်တဲ့အိတ်တွေ အပါအဝင် ရေက အစ ဈေးနှုန်းတွေ တက်တာ၊ လူမရှိတဲ့ နေအိမ်တွေကနေ ပစ္စည်းတွေ ယူဆောင်တာက ကိုယ့်လူမျိုးတွေအနေနဲ့ ရှက်စရာ အပြုအမူဖြစ်ပြီး ဗုံးကြဲခံရလို့ တမိသားစုလုံး သေဆုံးတဲ့နေရာကနေ ပိုက်ဆံနဲ့ အဖိုးတန်ပစ္စည်းတွေ ယူတာကတော့ အကျည်းတန်လွန်းတဲ့ အပြုအမူဖြစ်ပါတယ်။
ဒီလိုလုပ်တဲ့သူတွေကို ရှုတ်ချရင်ရော ရှက်တတ်ကြပါ့မလား။ အပြစ်ပေးရင်ရော နောက်မလုပ်ကြတော့ဘူးလားဆိုပြီး မောင်လူမွှေး စဥ်းစားပါတယ်။ ဒီလိုကိစ္စတွေဟာ လူအဖွဲ့အစည်းတစ်ခုလုံးနဲ့သက်ဆိုင်တာပါ။ လူ့အဖွဲ့စည်းတစ်ခု ယဥ်ကျေးဖို့ဆိုတာ မလွယ်ပါလား။ အချိန်အများကြီး ယူရဦးမှာပါလားလို့ မောင်လူမွှေး သဘောပေါက်မိပါတယ်။ ပြီးတော့ စာသင်ကျောင်းတစ်ကျောင်းမှာတွေ့ခဲ့ရတဲ့ ဖုန်တက်နေတဲ့ ပြည်သူ့နီတိစာအုပ် အသစ်စက်စက်ကလေးတွေကိုလည်း မြင်ယောင်မိပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar