Breaking News

မောင်လူမွှေး - ကြောက်ရွံ့ခြင်း သေတ္တာထဲမှာ



မောင်လူမွှေး - ကြောက်ရွံ့ခြင်း သေတ္တာထဲမှာ
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၅

ပြီးခဲ့တဲ့ နှစ်နှစ် နှမ်းရိတ်သိမ်းချိန်။ လင်မယားနှစ်ယောက်ဟာ တောထဲမှာ မိသားစုလိုက်ပြောင်းနေပြီး တောင်သူလုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးကတည်းက သူတို့မိသားစုဟာ ရွာမှာမနေတော့ဘဲ တောထဲမှာပဲ အပြီးပြောင်းနေကြတာပါ။

တစ်ရက်မှာတော့ လင်မယားနှစ်ယောက်လုံး နှမ်းရိတ်ရာကနေ တဲကိုပြန်လာတော့ သူတို့ရဲ့ငါးနှစ်သားအရွယ်ကလေးကို မတွေ့လို့ ရှာကြဖွေကြပါတယ်။ နောက်ဆုံးတော့ တဲပေါ်က ကျွန်းသေတ္တာထဲမှာ အသက်မဲ့နေတဲ့ ကလေးရဲ့ ကိုယ်ခန္ဓာကိုယ်သာ တွေ့ကြရပါတော့တယ်။

မောင်လူမွှေးတို့ဒေသမှာ နှမ်းရိတ်သိမ်းချိန်ဟာ မိုးဦးကာလဖြစ်တာကြောင့် ရာသီ၍တုဟာ ပြင်းထန်ပါတယ်။ နေပူရင် အသားကုန်ပူပြီး ပူနေတဲ့ကြားထဲကပဲ မိုးရုတ်တရက်ရွာ၊ ပြီးရင်ပြန်ပူနဲ့ ခန့်မှန်းရခက်လှပါတယ်။ လေထုထဲမှာ စိုထိုင်းဆများပြီး နေရထိုင်ရခက်တဲ့ အချိန်ပါ။ ဒီလိုရာသီဥတုအနေအထားမှာ သေတ္တာထဲပိတ်မိနေတဲ့ကလေးဟာ အောက်ဆီဂျင်ပြတ်ပြီး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ကျွန်းသတ္တာထဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ကလေးဟာ လက်နက်သံတွေ၊ လေယာဥ်သံတွေကို အခြားကလေးတွေထက်ပို ကြောက်တတ်ပါတယ်။ လေယာဥ်သံကြားရင် တဲပေါ်က သေတ္တာထဲကို ဝင်ပုန်းလေ့ရှိတယ်လို့ဆိုပါတယ်။ မိဘတွေနှမ်းခင်းထဲ အလုပ်လုပ်နေတုန်း လေယာဥ်သံကြားတော့ သူသေတ္တာထဲကို ဝင်ပုန်းခဲ့တာပါ။ သေတ္တာထဲကိုဝင်ပြီး သေတ္တာအဖုန်းကို ပိတ်လိုက်တာမှာ သော့ခတ်နိုင်အောင်တပ်ထားတဲ့ သေတ္တာအဖုန်းက မျောက်လက်ဟာ သေတ္တာကိုယ်က ကွင်းကိုသွားစွပ်ပြီး အပြင်ကနေ ဂျက်ချထားသလိုဖြစ်သွားခဲ့တာပါ။

ကလေးဟာ သေတ္တာကိုအထဲကနေ ဖွင့်ဖို့ကြိုးစားရင်း အသက်ဆုံးခဲ့ရပါတယ်။ သူ့အဖေအမေကို ဟစ်အော်ခေါ်ဆိုခဲ့မှာလည်း သေချာပါတယ်။ အလှမ်းဝေးတဲ့ နေရာမှာ နှမ်းရိတ်နေတဲ့ မိဘနှစ်ပါးဟာ မကြားနိုင်ခဲ့ကြပါဘူး။ အသက်ငါးနှစ်ဝန်းကျင် ကလေးငယ်ဟာ သူ့အသိဉာဏ်လေးနဲ့ လေယာဥ်ကိုပုန်းရှောင်ရင်း သေဆုံးခဲ့ရပါတယ်။

" အဲ့ဒီကလေးဆုံးတုန်းက သားဦးဇင်းတို့ ကြွရသေးတယ်" လို့ ဦးလေးကြီးက အဖြစ်အပျက်ကို အဆုံးသတ်လိုက်ပါတယ်။

မောင်လူမွှေးဟာ ရွာမှာနေထိုင်သူဖြစ်လေတော့ ရွာထဲကအိမ်တချို့က မောင်လူမွှေးကို ရေနွေးကြမ်းသောက်ခေါ်တတ်ကြပါတယ်။ နွေနေပူပူကို ရေနွေးကြမ်းဖန်ဖန်နဲ့ ခုခံရင်း စကားစမြည်ပြောကြရပါတယ်။ မောင်လူမွှေးကိုရေနွေးကြမ်းသောက်ခေါ်တဲ့သူတွေဟာ အသက်အရွယ်ကြီးသူတွေဖြစ်လို့ ရှေးဟောင်းနှောင်းဖြစ်တွေလည်း ကြားရတတ်ပါတယ်။ ခုလည်း မောင်လူမွှေး ရွာထဲကအိမ်တစ်အိမ်မှာ ရေနွေးသောက်ရင်း ရေနွေးဝိုင်းထဲက ဦးလေးကြီးတစ်ယောက်ပြောပြတဲ့ အထက်ပါအကြောင်းအရာကို နားထောင်ခဲ့ရပါတယ်။ ပြောပြတဲ့ ဦးလေးကြီးဟာ သေဆုံးခဲ့တဲ့ကလေးမိဘနှစ်ယောက်လုံးနဲ့ ရင်းနှီးသူလို့ သိရပါတယ်။

" လွန်ခဲ့တဲ့ နှစ်နှစ်၊ ၂၀၂၃ တုန်းက လောက်က ဖြစ်ခဲ့တာ ဆရာ" လို့ မောင်လူမွှေးထိုင်နေတဲ့ ရေနွေးကြမ်းဝိုင်းထဲက အဒေါ်ကြီးတစ်ယောက်က ဝင်ပြောပါတယ်။

မောင်လူမွှေးထိုင်ခဲ့တဲ့ ရေနွေးကြမ်းဝိုင်းထဲမှာ အဖြစ်အပျက်ကိုပြောပြတဲ့ ဦးလေးတစ်ယောက်ရယ်၊ အဒေါ်ကြီးနှစ်ယောက်ရယ်၊ အိပ်နေတဲ့ ငါးနှစ်ဝန်းကျင်ကလေးတစ်ယောက်ရယ်၊ မောင်လူမွှေးရယ် ငါး ယောက်ရှိပါတယ်။

" ကျမလည်း ဒီမြေးပဲစိတ်ပူနေရတာ.." လို့ အိပ်ပျော်နေတဲ့ ငါးနှစ်အရွယ် ယောကျ်ာလေးရဲ့ အဖွားဖြစ်သူက ကျနော်တို့အားလုံးကို ရည်ရွယ်ပြီးပြောပါတယ်။ ကျနော်စိတ်မကောင်းစွာနဲ့ပဲ ရေနွေးကြမ်းဝိုင်းကနေ ထခဲ့ပါတယ်။ အပြင်မှာနေက ခြစ်ခြစ်တောက်ပူနေပါတယ်။

စစ်ကောင်စီရဲ့ လေယာဥ်တွေကြောင့် မောင်လူမွှေးနေတဲ့ ဒေသက ကလေးတွေ ပညာကိုဖြောင့်ဖြောင့်မသင်ရပါ။ ဒီလိုတွေအချိန်တွေကြာလွန်းသွားရင် ကြောက်ရွံ့ခြင်းသေတ္တာထဲမှာ ဘဝများစွာပိတ်မိသွားမလားလို့ မောင်လူမွှေး တွေးပူနေမိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar