မောင်လူမွှေး - စစ်ရှောင်စခန်းက နေဝင်ချိန်
မောင်လူမွှေး - စစ်ရှောင်စခန်းက နေဝင်ချိန်
မိုးမခ ၊ မေ ၁၃ ၊ ၂၀၂၅
မေလ ပထမပတ်ထဲ စစ်ရှောင်စခန်းတစ်ခု ရောက်တော့ အသုဘတစ်ခုနဲ့ ကြုံရတယ်။ အသက်ကိုးဆယ်အရွယ် အဘွားတစ်ယောက်ရဲ့ နာရေးဖြစ်တယ်။ ရွာကြီးသူတစ်ဦးဖြစ်တဲ့ အဘွားအိုဟာ တောင်ကုန်းမိုမိုရဲ့ခြေရင်း တဲကလေးမှာပဲ ခေါင်းချသွားခဲ့ရှာတာပါ။
စစ်ရှောင်တဲလေးပေါ်မှာ ငုတ်တုတ်လေး ထိုင်ငေးနေတဲ့ အဘွားအို၊ ပူလွန်းလို့ စစ်ရှောင်တဲအောက်မှာ အင်္ကျီမကပ်နိုင်ဘဲ ခွေခွေလေး အိပ်နေတဲ့ အဘိုးအိုနဲ့ စစ်ဒဏ်ကြောင့် ကယောင်ကတမ်းပြောဆိုနေတဲ့ အဘိုးအိုတွေကို မောင်လူမွှေး တွေ့ခဲ့ဖူးပြီ။
ပျူစောထီးတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာက ထွက်ပြေးလာကတည်းက အပြေးမရပ်တော့ဘဲ လမ်းပေါ်တွေ၊ တောတောင်ထဲတွေ လျှောက်ပြေးနေတဲ့ အသက်ခုနစ်ဆယ်ကျော် အဘိုးအိုတစ်ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဆုံးသွားရှာတယ်။
မောင်လူမွှေးတို့ဒေသမှာ အဘိုး၊ အဘွာားတွေဟာ အိမ်ခေါင်မိုးနဲ့တူတယ်။ အဘိုး၊ အဘွား အိမ်ကို ဘယ်သားသမီး၊ ဘယ်မြေးမြစ်မဆို စားနိုင်၊ ဝင်နိုင်၊ ထွက်နိုင်၊ အိပ်စက်နိုင်ကြတယ်။ သားသမီး၊မြေးမြစ်တွေဟာ သူတို့မေတ္တာအမိုးအောက်မှာ စည်းလုံးကြတယ်။ နောက်ဆုံးကျန်နေတဲ့ အဘိုး၊အဘွား ဆုံးရင် " ခေါင်ပြိုပြီ" လို့တောင် ဆိုကြတယ်။
အဘိုး၊ အဘွားတွေ သေဆုံးတဲ့အခါ သူတို့ရဲ့နောက်ဆုံးခရီးကို စည်စည်ကားကား လိုက်ပို့လေ့ရှိကြတယ်။ ဆွေမျိုးမိတ်ဆွေတွေ အစုံလာကြတာမို့ ထမင်းကျွေးရာမှာ ဝက်သားပိဿာချိန် ရာဂဏန်း ကုန်အောင်ကျွေးကြရတယ်။ တကယ်တော့ အဘိုး၊ အဘွားတွေရဲ့အသုဘဟာ မျိုးဆက်ဟောင်းတစ်ခုကိုနူတ်ဆက်တဲ့ အခမ်းအနားလည်းဖြစ်ပါတယ်။
နေအိမ်တွေ ဆုံးရှုံးပြီး စစ်ရှောင်စခန်းကို ရောက်နေကြတဲ့ အဘိုး၊ အဘွားတွေကတော့ သားသမီး၊မြေးမြစ်တွေ၊ ဆွေမျိုးတွေအတွက် အိမ်ခေါင်မိုးမဟုတ်ရှာကြတော့ပါဘူး။ စစ်ဒဏ်ကြောင့် အဘိုး၊ အဘွားတွေဟာ " အိမ် ခေါင်မိုး" ကနေ " ဝန်ထုပ်ဝန်ပိုး" ဖြစ်ကြရရှာတယ်။
မင်းအောင်လှိုင်ဟာ ကလေးတွေရဲ့ အနာဂတ်ကိုသာမက အဘိုး၊ အဘွားတွေရဲ့ ဖြစ်တည်မှု ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးပစ်တဲ့ တရားခံ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးရဲ့ ဝန်ထုပ်ဝန်ပိုးကြီးလိုခံစားပြီး ဘဝနေဝင်ချိန်ကို စောင့်နေကြရတဲ့အဘိုး၊ အဘွားများစွာ မောင်လူမွှေးတို့ နိုင်ငံမှာရှိနေတယ်။
မနက်ခင်းနေထွက်ချိန်ကို တဲလေးပေါ်ကနေ သူတို့စောင့်ကြတယ်။ နေနည်းနည်းပူလာပြီဆိုရင် ခါးလောက်သာ မြင့်တဲ့ တဲအောက်မြေပြင်က ဖျာလေးပေါ်မှာ လဲလျောင်းရင်း နေအေးချိန်ကို စောင့်ကြပြန်တယ်။ ညနေမိုးချုပ်ရင် တဲပေါ်တက်ပြီး အမှောင်ထဲမှာလဲလျောင်းရင်း အိပ်ပျော်ချိန်ကို စောင့်ကြတယ်။ အိပ်မက်သစ်တွေ မလာတော့တဲ့ အိပ်ပျော်ခြင်းကို သူတို့စောင့်ရတာ ဘယ်လောက်ခက်ခဲလိမ့်မလဲလို့ မောင်လူမွှေး တွေးမိတယ်။.
အိပ်မက်သစ်တွေ မရှိတော့တဲ့ သူတို့ဘဝတွေရဲ့ နေဝင်ချိန်မှာ တိုက်ခတ်ပေးတဲ့ လေညင်းလေး ဖြစ်ချင်သူတွေ ရှိကြမလား။ တရားရေအေး သွားရောက်တိုက်ကျွေးမယ့် သံဃာတော်တွေ ရှိကြမလား။ မောင်လူမွှေး တောင့်တမိတယ်။ စစ်ရှောင်စခန်းက အဘိုး၊ အဘွားတွေရဲ့နေဝင်ချိန်ဟာ တိတ်ဆိတ်ခြောက်ကပ်လွန်းလှတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar