ခိုင်ခိုင်စောလွင် - ပညာနှင့် မိစ္ဆာ ခွဲခြားပါ
ခိုင်ခိုင်စောလွင် - ပညာနှင့် မိစ္ဆာ ခွဲခြားပါ
မိုးမခ ၊ မေ ၁၅ ၊ ၂၀၂၅
မှတ်မှတ်ရရ စာရေးဆရာဆောင်းဝင်းလတ်နဲ့ ကဗျာဆရာ ပျဥ်းမနားမောင်နီသင်း တို့ အမျိုးသားစာပေဆုရတဲ့နှစ်။
ခုနှစ် မမှတ်မိလို့ ဂူဂဲလ်ခေါက်လိုက်တော့ ၂၀၀၁ ခုနှစ်ကတဲ့။ ဂူဂဲလ် ခေါက်တိုင်း အဖြေတန်းသိရတာတော့ မဟုတ်ပါဘူး။
ဆရာဆောင်းဝင်းလတ်နဲ့ ဆရာပျဥ်းမနားမောင်နီသင်း နှစ်ယောက်အတူ ရတဲ့ နှစ်လား ကိုယ်တိုင် ပြန်စစ်ရပါသေးတယ်။
ဆရာ ဆောင်းဝင်းလတ်က "လွမ်းလောက်ပေသည်" စာအုပ်နဲ့ အမျိူးသားစာပေဆု (ဝတ္ထုရှည်) ၊ ဆရာ ပျဥ်းမနားမောင်နီသင်းက "မြစပယ်နှင့်အခြားပုံပြင်များ" စာအုပ်နဲ့ အမျိူးသားစာပေဆု(ကလေးစာပေ)ရတယ်။
ဆရာတို့ နှစ်ယောက် မြန်မာ့အသံ(ရေဒီယို)မှာ အင်တာဗျူးဖို့ ရောက်လာကြတော့ ကျမရဲ့ မှတ်စုစာအုပ်လေး ထုတ်ပြီး ဆရာတို့ထံ အမှတ်တရ စကားတွေ ရေးပေးဖို့ ပေးလိုက်တယ်။
ဆရာ ပျဥ်းမနားမောင်နီသင်းက-
"ပန်းကလေးများ ပွင့်တော့မည်၊ဖူးတံ ဝင့်လို့ ချီ။
နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း"
ကဗျာလေး ရေး၊ ကဗျာအောက်မှာ လက်မှတ်ထိုး ပြန်ပေးတယ်။
ဒီ တို့ကျောင်း ကဗျာကို ကျောင်းသုံးစာအုပ်မှာရော၊ အများသူငါ ရေးကြရင်ရော လေးကြောင်းရေးတယ်။
ဆရာ ရေးပေးတာ ခု ရေးတဲ့ အတိုင်း နှစ်ကြောင်းပဲ ရေးတာ မှတ်မိတယ်။
ဖတ်ပြီး သဘောကျကာ ပြုံးရယ်ရင်း ဆရာ့ကို "ကျေးဇူးတင်ပါတယ်" ပြောတော့ ဖိုးလမင်းလို ဝိုင်းဝိုင်းစက်စက် မျက်နှာက ပြုံးပြီးနေတယ်။
မနေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို စစ်ခွေး လေတပ်က ဗုံးကျဲ တဲ့ သတင်း၊ စာသင်နေတဲ့ ကလေးတွေ သေဆုံးတဲ့ သတင်းဖတ်ပြီး ဖျတ်ကနည်း စိတ်ထဲကနေ ဒီကဗျာကို အကြိမ်ကြိမ် ရွတ်နေမိတယ်။
မကြာခင်မှာပဲ ပို့စ်တွေမှာ ဒီကဗျာလေးကို တင်ပြီး စိတ်ထိခိုက်ရတဲ့ အကြောင်းတွေ ရေးကြတာ ဖတ်ရတယ်။
ဒီကာလ တလျှောက် ပညာရေးနဲ့ပတ်သက်ပြီး ကူညီပေးနေရတာ ရှိနေတော့ မြေပြင်မှာ ကျောင်းတက်နိုင်ဖို့ တော်တော့်ကို ခက်ခဲကြတာ သိနေရတယ်။
စာသင်ကျောင်းနဲ့ ဝေးရာ စစ်ရှောင်နေကြရတာမျိုး၊ စစ်ရှောင်ရင်းကပဲ ဗုံးခိုကျင်းထဲကနေ ကျောင်းတက်ရတာမျိူး၊
စစ်ခွေးတွေက စာသင်ကျောင်း၊ ဆေးရုံ ၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း ဘာသောညာသော မမြင်၊ ပြည်သူမှန်သမျှ ရန်သူ ၊ အရိုင်းစိုင်းစိတ်တွေနဲ့ အသေသတ်နေတော့ ကျောင်းနေဖို့ ခက်ခဲကြတယ်။
အဲဒီ အခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားနေကြတာတွေ ရှိတယ်။
ကိုယ်တိုင် ကူပြီး လုပ်ပေးဖြစ်တဲ့ ပရောဂျက် တချိူ့မှာ ဆိုရင် ဆရာမပါပဲ ကိုယ်တိုင် လေ့လာလို့ ရနိုင်တဲ့ App တွေ၊ လေ့ကျင့်ခန်းစာအုပ်တွေ လုပ်ကြတာ ဖြစ်တယ်။
အဓိကက အင်တာနက်၊ မီး ဖြတ်ခံထားရတဲ့ တော်လှန်ရေးနယ်မြေက ကလေးတွေ အတွက် ရည်စူးတာ ဖြစ်တယ်။
အင်တာနက်ရတဲ့ ကလေးတွေက NUG အသိအမှတ်ပြု ဖက်ဒရယ်ကျောင်းတွေမှာ တက်နိုင်ကြတယ်။
တက်လည်း တက်ကြတယ်။ အသက် (၁၂ ) နှစ်၊ (၁၃)နှစ် အရွယ်လေးတွေဆီက "အဆုံးအထိ ပဲ" ဆိုတဲ့ စကားသံကြားရရင် အလုပ်တွေ မနားမနေ လုပ်ပေးနေရလည်း ကျေနပ်တယ်။ ဆက်ပြီးတော့ ဘာတွေ လုပ်ပေးနိုင်အုံးမလဲ၊ လုပ်ပေးရမလဲပဲ အကြံထုတ်နေမိတယ်။
ဒီရက်မတိုင်ခင်လေးတင် ပြီးသွားတဲ့ လေ့ကျင့်ခန်း စာအုပ်လေးတွေကို ကြည့်ပြီး ပီတိ ဖြစ်နေတာ။
ဒါတွေဟာ စစ်ကိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ကလေးတွေ ဆီ ရောက်တော့မှာ၊ အဲဒီပီတိဟာ သတင်းတွေ ကြားလိုက်ရတဲ့အခါ အင်မတန် ရင်နာရတယ်။
ပြီးတော့ အဖြစ်အပျက်ကြောင့်တင်မက ထင်ရာမြင်ရာ ရေးကြတာနဲ့ အဖြစ်မှန်ကို ဖုံးကွယ်ပြီး လိမ်ညာ တာတွေ ကြားရတာက ပိုပြီး ရင်နာစရာကောင်းတယ်။
အရိုင်းစိုင်းဆုံး ပြုမူပြီးတဲ့အပြင် အုပ်စုလိုက် အပြစ်တင်စကား၊ ငြင်းဆန်စကားတွေ ကြားရတာ လူ့အသိုင်းအဝန်းမှ ဟုတ်ရဲ့လားလို့ အဖန်ဖန် ဆန်းစစ်နေမိတယ်။
အဲဒီထဲမှာ ပညာတတ်တွေ ပါသလို ပညာမဲ့ကာ ဉာဏ်နုံ့နဲ့သူတွေ လည်း ပါကြတယ်။
အတန်းပညာတွေ ဘယ်လောက် တတ်ပါစေ။
အကောင်းအဆိုး၊ အမှားအမှန် ချင့်ချိန်နိုင်စွမ်း မရှိက ပညာမဲ့သူပါပဲ။
သတင်းထောက်ဟောင်းတစ်ယောက် ဖြစ်ခဲ့ပြီး အခုအချိန် အွန်လိုင်းမှာ လူသိများနေသူ တယောက်က အခုလို ရေးတင်တာ ဖတ်ရတယ်။
"မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် NUG အစိုးရထိန်းချုပ်နယ်မြေတွေမှာ သေဆုံးခဲ့ရတဲ့ ကျောင်းသားကျောင်းသူလေးတွေရဲ့ ပြည့်ကားနေတဲ့ လွယ်အိတ်တွေထဲမှာ ထည့်ထားတဲ့ စာအုပ်တွေဟာ စကစ အစိုးရပညာရေး သင်ရိုးညွှန်းတမ်းစာအုပ်တွေပဲလား သိချင်မိတယ်။ သိတဲ့သူ ဖြေသွားပေးပါလား" တဲ့
အဓိပ္ပာယ် အများကြီး သက်ရောက်စေပြီး အဲဒီပို့စ် မတိုင်ခင် ရေးထားတာတွေနဲ့ ဆက်နွှ ယ်လိုက်ရင် ထေ့ငေါ့နေတာ သိသာပါတယ်။
သူ့ကို အပြင်မှာ သတင်းထောက်လုပ်ဖို့ ခြေလှမ်း စလှမ်းတဲ့ နေ့က စပြီး သိခဲ့သူ ၊ တူသား အရွယ်မို့ သူ မသိတာကို သိအောင်ပြောမှ ဖြစ်မယ်ဆိုပြီး ဆဲသံဆိုသံ၊ အပြစ်တင်သံတွေကြားထဲ ဝင်ပြီး အခုလို မန့်လိုက်တယ်။
" ....ရေ
NLD လက်ထက်မှာ နိုင်ငံတကာအဆင့်မီ သင်ရိုညွှန်းတမ်း ဆွဲပြီး စာသင်နှစ်ကိုလည်း ၁၂ တန်း(Grade 12) အထိ တိုးလိုက်တယ်။
သား သိတဲ့အတိုင်း မြန်မာပြည်က အထက်တန်းအဆင့်က Grade10 အဆင့်ပဲ ရှိတော့ နိုင်ငံတကာတက္ကသိုလ်ကို ဆယ်တန်းအောင်လက်မှတ် တခုနဲ့ တက်လို့မရဘူး။
အဲဒါကို NLD လက်ထက် ပြင်နေတာ။
၂၀၂၁ စစ်တပ်အာဏာသိမ်းတာကနေ ခုချိနအထိ စကစ က သင်ရိုးညွှန်းတမ်းအသစ် မဆွဲနိုင်ပါဘူး။
NLD သင်ရိုးကို ဆက်ပြီး သင်နေတာ။
ဒါ့ကြောင့် လက်ရှိ စကစ ကျောင်း၊ ဖက်ဒရယ်ကျောင်း၊ အွန်လိုင်းပဲဖြစ်ဖြစ် မြေပြင်ပဲဖြစ်ဖြစ် သင်ကြတာ NLD လက်ထက်က ဆွဲခဲ့တဲ့ စနစ်သစ် သင်ရိုးပဲ။
သင်ပုံသင်နည်းကတော့ ဖက်ဒရယ်ကျောင်းတွေနဲ့ စကစ ကျောင်းတွေ ကွာတယ်။
Critical Thinking, Reasonable thinking စတာတွေ လွှမ်းခြုံသင်ဖို့ ထရိန်နင်ရပြီးသား ဆရာ/ဆရာမတွေက CDM အများစုဖြစ်ပြီး ဖက်ဒရယ်ကျောင်းတွေမှာ တနည်း NUG ကျောင်းတွေမှာ သင်တဲ့ အတွက် တတ်တာ မတူဘူး။
စကစ ကျောင်းတွေမှာ သင်ရိုးသစ်ကို စနစ်ဟောင်းအတိုင်း အလွတ်ကျက်သင်နေတယ်။
အန်တီ တော်ရုံ ကောမန့် လိုက်မရေးဘူး၊
အငြင်းအခုံ မလုပ်ချင်လို့။
မြန်မာပြည်နဲ့ အဆက်ပြတ်နေလို့ မသိမှာစိုးလို့ ပြောပြတာ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။"
တချို့သူတွေက NUG ကျောင်းက စကစ သင်ရိုး သင်နေတယ်ဆိုကာ လှောင်ပြောင် ပြောဆိုနေကြတော့ မသိတဲ့သူတွေပါ သိစေချင်တာလည်း ပါပါတယ်။
တကယ်တော့ လက်ရှိ အနယ်နယ် အရပ်ရပ်မှာ ကလေးတွေ ပညာသင်ယူနေရတဲ့ပုံစံဟာ မျိုးစုံပါ၊ ဒေသအခြေအနေအရ မတူကြပါဘူး။
ဒါ့ကြောင့် ဒီအချိန် ကျောင်းဖွင့်ချိန်လား မေးသူဟာ သူ တကယ် မသိဘူး ဆိုတာ ထင်ရှားတယ်။
မသိတဲ့အပြင် ဇွန်လ မှာ ကျောင်းစဖွင့်တယ် ဆိုတဲ့ စကစ ကျောင်းတွေ အကြောင်းပဲ သိသူဖြစ်နေလို့ ပါ။
NLD အစိုးရလက်ထက် နိုင်ငံတကာသင်ရိုးညွှန်းတမ်းအတိုင်း ပြုစုရေးဆွဲထားတယ် ဆိုတာ ကျောင်းသင်ခန်းစာ စာအုပ်တွေကို လေ့လာကြည့်ရင် သိပါတယ်။
တချို့ကျပြန်တော့ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေဟာ မီးဖြတ်၊ အင်တာနက်ဖြတ်ခံထားရတဲ့အတွက် အွန်လိုင်း သင်ကြားရေးဆိုတာဟာ NUG အတွက် ဖော်ရှိုးတွေလို့ ပြောကြပြန်တယ်။
လက်ရှိ တိုင်းပြည်မှာ ပညာသင်ယူခွင့် ဆုံးရှုံးနေကြရတဲ့ ကျောင်းသား/သူတွေ အတွက် ကြားကာလပညာရေးကို ဝိုင်းဝန်းကူညီနေကြတာ NUG အစိုးရတခုတည်း မကပါဘူး။ အဖွဲ့အစည်း၊ လူ ပုဂ္ဂိုလ် အများကြီး ရှိပါတယ်။
မီးမရ၊ အင်တာနက်ဖြတ်ခံရတာတွေ သိရှိကြသလို ဘယ်နေရာတွေ မရဘူးဆိုတာလည်း သိကြတယ်။
ကျမကိုယ်တိုင် ကူညီဖူးတဲ့ Off line နဲ့ စာသင်နိုင်တဲ့ app တွေ လုပ်ပြီးတာ ရှိပါတယ်။ အဲဒီ နယ်မြေတွေကို ဖြန့်ဝေကြမှာပါ။ ဆရာ မရှိရင်သော်မှ ကိုယ်တိုင် လေ့လာ သင်ယူ ( self study) လုပ်လို့ ရမယ့် နည်းလမ်းတွေ လုပ်နေကြတာပါ။
မသိသူက ပြောတာကို နားမလည်ဘဲ ဝေဖန်လိုက်ကြတာ သေဆုံးသွားတဲ့ ကလေးတွေ အတွက် ပိုပြီး ရင်ထုမနာ ဖြစ်ရတယ်။
စကစ ဟာ ငွေနဲ့ရင်းပြီး အုပ်စုဖွဲ့ လော်ဘီလုပ်၊ လူမှုကွန်ယက်တွေမှာ အုပ်စုဖွဲ့ကာ မမှန်တာတွေ ၊ သူတို့ ပြောချင်တာတွေကို အပြန်အလှန် ရေးသား ပြောတာတွေ ထင်ထင်ရှားရှား လုပ်နေတယ်။
ဘန်ကောက်ပို့စ် သတင်းစာမျက်နှာ မှာ ဒီပဲယင်း၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စကစ ဗုံးကြဲလို့ ကျောင်းတက်နေတဲ့ ကလေးတွေ သေဆုံးကြတဲ့ သတင်း တက်လာတာနဲ့ ကောမန့်မှာ အင်္ဂလိပ်လို ဝင်မန့်ကြတယ်။
PDF တွေ လုပ်တာ၊ စကစ မလုပ်ဖူး ဆိုတာတွေ၊ အရင့်အရင်က ပုံဟောင်း၊ ဗီဒီယိုအဟောင်းတွေ ပါတင်ပြီး မန့်ကြတာ ။ အချိန်နဲ့ တပြေးညီ။ သာမန်လူတစ်ယောက်ဟာ ဒီအဖြစ်အပျက်ဟာ စကစပဲဖြစ်ဖြစ်၊ PDF ပဲဖြစ်ဖြစ် ဘယ်သူ လုပ်တယ်ဆိုတာ ချက်ချင်း မပြောနိုင်ပါဘူး။ အဖြေထုတ်လို့ မရနိုင်ပါဘူး။
ဘန်ကောက်ပို့စ်လို သတင်းဌာနဟာ သူ့နိုင်ငံက သတင်းကိုတောင် အချက်အလက် ခိုင်ခိုင်မာမာ ရမှ တင်တတ်တဲ့ သတင်းဌာနပါ။
ခုလို သတင်းမျိုး အထောက်အထား မခိုင်လုံဘဲ မတင်ဘူး။ အဲဒီအောက်မှာ ဝင်မန့်ကြတာ၊ သူတို့ကိုယ်တိုင် ဖွင့်ထားတဲ့ ပေ့ချ်တွေ ဆိုက ဆိုဖွယ်မရှိ။
ဒီလောက် လူမဆန်စွာ သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းလက်က လွတ်အောင် ညီတူညာတူ ရုန်းကြရမှာ ရန်ဖြစ်မနေကြဘဲ စုစည်းညီညွတ်ကြပြီး သွေးကွဲအောင် လှည့်ပတ် ဝင်နှောင့်နေတဲ့ ငိုစားရယ်စား တဘဝစားတွေကို ဖယ်ကြဥ်ကြပါ။
နေခြည်မှာ ရွှေရည်လောင်းတဲ့ တို့ကျောင်းတွေမှာ တို့ကလေးတွေ ကြောင့်ကျစိတ် ကင်းစွာ ပညာသင်ယူနိုင်တဲ့ အခြေအနေ ရောက်အောင် ခလုတ်ကန်သင်းတွေကို ဖယ်ရှားကာ ရှေ့သို့ ရှေ့သို့ ဆက်လျှောက်ကြပါ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar