စစ်စရိတ်နဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး
မြန်မာနွေဦးခရိုနီကယ် - မေ ၂၈ မြင်ကွင်း
(မိုးမခ) မေ ၂၉ ၊ ၂၀၂၅
စစ်စရိတ်နဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး
ကမ္ဘာကြီးမှာ လူသားချင်းစာနာမှု အကူအညီ ကန်ဒေါ်လာ သန်းဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်း အနည်းငယ် စုဆောင်းရရှိဖို့ အသည်းအသန် ပြောဆိုတိုက်တွန်းနေရတဲ့ အချိန်မှာပဲ တဖက်မှာ ယူကရိန်း နဲ့ ဂါဇာမှာ စစ်ပွဲတွေအတွက် လက်နက်နဲ့ စစ်ပစ္စည်း စစ်အသုံးစရိတ် ဒေါ်လာဘီလျံ နဲ့ ချီကူညီဖို့ ကတိပေးနေကြတာ၊ လက်နက်ခဲယမ်းတွေ ဒုံးကျည်၊ ဒုံးကျည်ကာကွယ်ရေး စနစ်တွေ စတဲ့အရာတွေအတွက် ဒေါ်လာ ဘီလျံချီ အသုံးပြုနေကြတာ သတင်းတွေထဲ တွေ့ရမှာ ဖြစ်ပါတယ်။
အာဖရိကတိုက်က နိုင်ငံအချို့မှာ စစ်ဒဏ်ကြောင့် သို့မဟုတ် ညံ့ဖျင်းတဲ့ စီမံအုပ်ချုပ်မှုကြောင့် အငတ်ဘေး၊ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေကြရချိန်၊ မြန်မာနိုင်ငံ နဲ့ ကပ်လျှက် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အနီးက ကော့က်စ်ဘဇားမှာ တသန်းနီးပါးသော ရိုဟင်ဂျာဒုက္ခသည်တွေ စားရေရိက္ခာအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရအချို့ရဲ့ အကူအညီအပေါ် မှီခိုနေကြရချိန်၊ ထိုင်း-မြန်မာနယ်စပ်က ဆယ်၂ ခုကျော်ကြာနေပြီ ဖြစ်တဲ့ ဒုက္ခသည်စခန်းတွေမှာ တလ ဘတ် ၅၀ ကျော်သာရရှိတဲ့ နိုင်ငံတကာ အထောက်အပံ့ကို မှီခိုရှင်သန်နေကြရချိန်မှာ ကမ္ဘာမှာတော့ စစ်လက်နက်တွေ စစ်ပွဲတွေ ကာကွယ်ရေး အသုံးစရိတ်တွေ ဘီလျံရာဂဏန်းကနေ ထောင်ချီထိ သုံးစွဲနေကြတာ ဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဥ်တွေ၊ ဖြစ်ပျက်နေတာတွေကို ကြားသိနေရချိန်မှာ နိုင်ငံတွေရဲ့ အစိုးရအဖွဲ့တွေ ခေါင်းဆောင်တွေ အနေနဲ့ စစ်ရေးအသုံးစရိတ် ဘီလျံနဲ့ချီ သုံးဖို့ အလွယ်တကူ ဆုံးဖြတ်နေကျချိန်မှာ ကမ္ဘာပေါ်က တချို့သောဒေသတွေက လူသားချင်းစာနာမှု အကူအညီ၊ အငတ်ဘေးအတွက် ဒေါ်လာ သန်းဆယ်ဂဏန်း ရာဂဏန်းကို ဘာကြောင့် မကူညီချင်ကြသလဲ ဆိုတဲ့မေးခွန်း အစဥ်ခေါင်းထဲ ပေါ်လာလေ့ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံအသီးသီးက အစိုးရတွေ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ ၄င်းတို့နိုင်ငံရဲ့ အကျိုးစီးပွား၊ အမျိုးသားရေးဝါဒနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး လုပ်ဆောင်ဖို့ တိမ်းညွှတ်နေတဲ့ လူထုရဲ့ ထောက်ခံမှု စိတ်ခံစားမှုတွေကို ၄င်းတို့ပါတီက ရရှိဖို့ လုပ်ဆောင်ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သလို နိုင်ငံရေးသမားတွေနဲ့ စစ်လက်နက် ပစ္စည်းထုတ်လုပ်ကြတဲ့ ဘီလျံရာချီ ရင်းနှီးမြှုပ်နှံမှု ပမာဏရှိတဲ့ လက်နက်ခဲယမ်း၊ စစ်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းကြီးတွေရဲ့ အကျိုးအမြတ်တွက် လုပ်ဆောင်ပေးကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကမ္ဘာကြီးတခုလုံး မလုံမခြုံခံစားနေကြရမှ တနိုင်ငံနဲ့ တနိုင်ငံ စစ်ရေးအင်အားတွေ ဖြည့်တင်းပြီး ရန်စောင်နေကြတဲ့ အခြေအနေမျိုးမှ စစ်လက်နက်တွေ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဒါက ကမ္ဘာ့အခြေအနေ ဖြစ်ပြီး တကယ်ပြောချင်တာက မြန်မာ့အခြေအနေ ဖြစ်ပါတယ်။ စစ်ရေး အသုံးစရိတ်အတွက် တနှစ်ကို ဒေါ်လာ ၅ ဘီလျံလောက် အသုံးပြုနေတဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီအနေနဲ့ မုန်တိုင်းဒဏ်သင့်တဲ့ ဒေသတွေ၊ ရေဘေးသင့်တဲ့ ဒေသတွေ နဲ့ ငလျင်ဘေးကြောင့် ကြီးမားတဲ့ ပျက်စီးမှု ကြုံတွေ့နေရတဲ့ ဒေသတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာ သုံးစွဲတဲ့ ငွေကြေးပမာဏက ကျပ်ငွေ ဘီလျံ ရာဂဏန်းတောင် မရှိခဲ့တာ တွေ့ကြရမှာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်က မိုခါ လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ကနေ ဝင်ရောက်ခဲ့တာကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသက မြို့တွေမှာ နေအိမ် ရိက္ခာတွေပျက်စီး၊ ရေတွင်း၊ ရေကန်၊ စိုက်ပျိုးရေး နဲ့ ရေလုပ်ငန်းတွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့ကြရတာ ဖြစ်ပါတယ်။ မိုခါ မုန်တိုင်းဒဏ်ကြောင့် ကျပ်ငွေ ဘီလျံ ၅၃၀ ကျော် ဆုံးရှုံးခဲ့ရပေမယ့် ပြန်လည်ထူထောင်ရေးမှာ စစ်ကောင်စီ၏ သုံးစရိတ်က ကျပ်ငွေ ၇၃ ဘီလျံကျော်သာရှိတယ်လို့ သတင်းဖေါ်ပြမှုတွေမှာ တွေ့ရပါတယ်။
အလားတူ ယမန်နှစ် မိုးနှောင်းပိုင်း ရာဂီမုန်တိုင်းရဲ့ အကြွင်းအကျန် မိုးသည်းထန်မှုကနေ ဒေသအများအပြား ရေကြီးမှုကြောင့် ကျပ်ငွေ ဘီလျံ ၄၆၀ ကျော်ဆုံးရှုံးခဲ့ရပြီး ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ကျပ်ငွေ ၅၄ ဘီလျံသာ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
အခု လက်ရှိရင်ဆိုင်နေရတဲ့ စစ်ကိုင်း၊ မန္တလေး ငလျင်ဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုးက ကျပ်ငွေ ဘီလျံ ၃၆၀၀ ကျော်ရှိပြီး ဘယ်လောက် သုံးစွဲနေသလဲဆိုတဲ့ ကိန်းဂဏန်းတွေတော့ မသိရှိရသေးပါဘူး။ မြန်မာစစ်အာဏာသိမ်း ကောင်စီ အနေနဲ့ ပြည်တွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NUG လက်အောက်က တပ်ဖွဲ့တွေ၊ NUG လက်အောက်မှာ မရှိတဲ့ PDF တပ်ဖွဲ့တွေနဲ့ ရင်ဆိုင် တိုက်ခိုက်နေရာမှာ တနှစ်ထက် တနှစ် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလာနေတာတွေ့ရမှာပါ။ ၂၀၂၂/၂၀၂၃ ခုနှစ်မှာ ကာကွယ်ရေး အသုံးစရိတ် ကျပ်ဘီလျံ ၅၆၀၀ ထိ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရဲ့ အသားတင်ကုန်ထုတ်လုပ်မှု ပမာဏနဲ့ နှိုင်းယှဥ်ရင် ဒီပမာဏဟာ များပြားလွန်းတဲ့ ပမာဏ ဖြစ်တာ မေးစရာမလိုလောက်အောင် ထင်ရှားပါတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားဟာ ပြည်တွင်းစစ် ဖြစ်ပွားခြင်း မရှိတဲ့ နိုင်ငံတွေနဲ့ မတူဘဲ စစ်ကောင်စီဘက်က စစ်ရေးအသုံးစရိတ် သုံးစွဲသလို စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အဖွဲ့အသီးသီးမှာလည်း စစ်ရေးအသုံးစရိတ် အသီးသီးရှိနေကြတာ ဖြစ်ပါတယ်။ အဆိုပါ လက်နက်ကိုင် အဖွဲ့တွေကတော့ စစ်ရေးအသုံးစရိတ် ဘယ်လောက်ရှိသလဲဆိုတာ ထုတ်ပြန်အသိပေးခြင်း မရှိကြလို့ ကိန်းဂဏန်း သိရှိဖို့ မလွယ်ကူပါဘူး။
စစ်အစိုးရလို လေတပ်၊ ရေတပ်နဲ့ အင်အား သောင်းဂဏန်းကြီးကနေ သိန်းဂဏန်း ရှိတဲ့ တပ်တွေကို လစာပေးရတာမျိုး မဟုတ်လို့ စစ်ကောင်စီလို အသုံးစရိတ် ပမာဏ မရှိနိုင်သော်လည်း တိုက်ပွဲတွေ ဆင်နွှဲရင် ဆင်နွှဲသလောက် လက်နက်ခဲယ မ်း၊ တပ်ဖွဲ့ရဲ့ ရိက္ခာ၊ သယ်ယူပို့ဆောင်ရေး၊ မှောင်ခိုစျေးကွက်က ဝယ်ယူရတဲ့ လက်နက်ခဲယမ်း ဖြစ်လို့ ပုံမှန်ထက် စျေးနှုန်းကြီးမြင့်တာတွေ ရှိလိမ့်မှာ မှန်းဆကြည့်နိုင်ပါတယ်။
အစိုးရ နေရာကို ယူထားတဲ့ စစ်ကောင်စီ အနေနဲ့ သယံဇာတနဲ့ အခွန်အကောက် ကနေ စစ်အသုံးစရိတ်ကို ရရှိသလိုပဲ စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း သယံဇာတ နဲ့ အခွန်အကောက်က အဓိကထား ရယူစုဆောင်းကြပြီး အချို့သော အနည်းစုပမာဏက တရားမဝင် လုပ်ငန်း ဖြစ်တဲ့ ကျားဖြန့်လို မူးယစ်ဆေးဝါး ကုန်ကူးတာတွေကနေ ရရှိကြတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးရဲ့ အသုံးစရိတ်တွေကို မှန်းဆကြည့်ရင် စစ်ကောင်စီ အသုံးစရိတ်ပမာဏရဲ့ နောက်တဆ နီးပါးလောက် ရှိကောင်း ရှိနိုင်ပါတယ်။
ပြည်တွင်းစစ်မှာ အနိုင်ရဖို့အရေးကြီးတာကြောင့် သယံဇာတတွေ အလွန်အကျွံထုတ်ယူတာ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်တာ၊ ရေမြေ ပတ်ဝန်းကျင်တွေ ပျက်စီးတာတွေကိုလည်း ခုနေ အရေးမထားနိုင်ကြ တော့တဲ့ အနေအထားဖြစ်ပါတယ်။
ပြည်သူလူထုအနေနဲ့ကတော့ အထက်က စစ်ရေးအသုံးစရိတ်တွေ အတွက်ကောက်ခံတဲ့ အခွန်အကောက်တွေ ထမ်းဆောင်ရတာ၊ သယံဇာတ ထုတ်ယူမှုကြောင့် ပျက်စီးထိခိုက်ရတဲ့ သဘာဝပတ်ဝန်းကျင်တွေရဲ့ သက်ရောက်မှု၊ ရေကြီးမှု၊ အဆိပ်သင့်မှု၊ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ အခြားတရားမဝင် လုပ်ငန်းတွေရဲ့ အကျိုးဆက်တွေကို စစ်ပွဲတွေအတွင်း ထိခိုက်ပျက်စီးမှုအပြင် ထပ်မံ အပိုဆောင်း ခံစားကြရပြန်တာ ဖြစ်ပါတယ်။
အပြန်အလှန်ပိတ်ဆို့မှုနဲ့ မပိတ်ဆို့သော်လည်း ဖြတ်သန်းသယ်ဆောင်တဲ့ ကုန်ပစ္စည်းတွေအပေါ် ကြီးလေးတဲ့ အခွန်အကောက်ဒဏ်ကြောင့် ပြည်သူလူထု အနေနဲ့ စားသောက်ကုန်၊ ဆေးဝါး၊ အမိုးအကာ အဆောက်အဦတွက် လိုအပ်တဲ့ ပစ္စည်းတွေကို မတန်တဆပေး ဝယ်ယူသုံးဆောင်နေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။
သဘာဝဘေး၊ ငလျင်ဘေးမှာ အကူအညီ ပြန်လည်ထူထောင်ရေးကို အုပ်ချုပ်သူတွေထံက အကူအညီထက် မိမိတို့အင်အား၊ ပြည်သူလူထုအချင်းချင်း အကူအညီနဲ့ ပြန်လည်ထဖို့ ကြိုးစားနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လူထုရဲ့ ပခုံးပေါ် ထမ်းပိုးထားရတဲ့ ဝန်က စစ်ပွဲတွေကြောင့် သဘာဝဘေးအန္တရာယ်တွေကြောင့် တစတစ ပိုမိုလေးလံလာနေတာတော့ အသေအချာပင် ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar