မောင်လူမွှေး - ပညာမျိုးစေ့
မောင်လူမွှေး - ပညာမျိုးစေ့
မိုးမခ ၊ မေ ၈ ၊ ၂၀၂၅
မောင်လူမွှေးဟာ ပညာဒါနဆရာ၊ ဘော်ဒါကျူရှင်ဆရာ၊ ကိုယ်ပိုင်ကျောင်းဆရာ ဘဝတွေကို ဖြတ်သန်းခဲ့သူ ဖြစ်တယ်။ လက်ရှိအချိန်မှာတော့ မောင်လူမွှေးဟာ ကိုယ့်ဇာတိဒေသမှာ တောကျောင်းဆရာ လုပ်နေတယ်။ အရင်က ကျောင်းဆရာ လုပ်ခဲ့တဲ့နေရာတွေဟာ မြို့တွေမှာဖြစ်လို့ တောကို ရောက်နေတဲ့ မောင်လူမွှေးနဲ့ တပည့်အများစု ဝေးနေကြပါတယ်။ ဒါပေမဲ့ တောထဲတောင်ထဲမှာကိုပဲ ကိုယ့်တပည့်တွေနဲ့ ရှားရှားပါးပါး ပြန်ဆုံရတာလေးတွေ ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က မောင်လူမွှေး သင်တန်းဆင်းပွဲတစ်ခုကို တက်ခဲ့တယ်။ သက်ဆိုင်ရာ တပ်ရင်းမှူးတွေက တက်ပြီးစကားပြောကြတယ်။ အဲဒီမှာ ခပ်တောင့်တောင့်နဲ့ လူငယ်တပ်ရင်းမှူးတစ်ယောက်လည်း ပါတယ်။ သူ စကားပြောတော့ မောင်လူမွှေး အောက်ကနေ နားထောင်နေခဲ့တယ်။ အခမ်းအနားတွေပြီးလို့ အားလုံးပြန်ခါနီးမှ အဲဒီတပ်ရင်းမှူးလေးက မောင်လူမွှေးကို "ဆရာလားလို့" ဆိုပြီး မိတ်ဆက်စကားလာပြောပါတယ်။
သူ ပြောပြမှပဲ သူဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က မောင်လူမွှေး ပညာသင်ပေးခဲ့တဲ့တပည့် ဖြစ်နေတယ်ဆိုတာ သိရတော့တယ်။ ၂၀၀၉ ခုနှစ်၊ မောင်လူမွှေး ပညာဒါနဆရာဘဝမှာ တွေ့ဆုံခဲ့ရတဲ့ တပည့်ဖြစ်တယ်။ တော်လှန်ရေးကာလမှာ မောင်လူမွှေးက တောကျောင်းဆရာဘဝ ရောက်နေပြီး သူက ကျောင်းသားတပ်မတော်တပ်ရင်းတစ်ခုရဲ့ ရင်းမှူး ဖြစ်နေတယ်။ ကိုယ့်တပည့်တစ်ယောက်ကို ဒီလိုတည်တည်ကြည်ကြည်နဲ့ တော်လှန်ရေးထဲ ရောက်နေတာ မြင်ရတော့ မောင်လူမွှေး ဂုဏ်ယူတယ်။
နောက်တပည့်မလေးတစ်ယောက်ကိုတော့ မောင်လူမွှေး မြို့ကို စွန့်ခွာပြီး ကိုယ့်ဇာတိဒေသကို လာတဲ့လမ်းမှာ တွေ့ခဲ့ရတယ်။ ဒီတပည့်မလေးကိုတော့ အဆက်အသွယ်မပြတ်တာရော၊ သူကျောင်းသူလေးဘဝကတည်းက သူ့အိမ်ကိုရောက်ဖူးတာတွေရောကြောင့် ဆရာတပည့် ရင်းနှီးပြီးသား ဖြစ်တယ်။ သူဟာ သူ နေတဲ့ဒေသရဲ့ ဆေးတာဝန်ခံဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ ရှေ့တန်းတွေထိ ဆေးအဖွဲ့ကို ဦးစီးလိုက်ပါနေသူလေး ဖြစ်တယ်။ စစ်ရှောင်စခန်းတွေကို ခက်ခက်ခဲခဲသွားရောက်ပြီး ဆေးဝါးကုသပေးနေသူလည်း ဖြစ်တယ်။ ဒီတပည့်မလေးဟာလည်း လွန်ခဲ့တဲ့ ၁၆ နှစ်ကပညာသင်ပေးခဲ့ရတဲ့တပည့်မလေး ဖြစ်တယ်။ သူ့အတွက် မောင်လူမွှေး ဂုဏ်ယူတယ်။ မိန်းကလေးဖြစ်ပေမယ့် စွန့်စွန့်စားစားတာဝန်ထမ်းဆောင်နေသူမို့ ပိုပြီးဂုဏ်ယူတယ်။
လွန်ခဲ့တဲ့ ၁၆ နှစ်ကျော်က မောင်လူမွှေး ပညာဒါနသင်ပေးခဲ့တဲ့တပည့်တွေ ဒီတော်လှန်ရေးထဲမှာ တွေ့နေရတယ်။ အဲဒီထဲမှာ နောက်ထပ်တပည့်မလေးတစ်ယောက်ကတော့ ထောင်ထဲရောက်နေရှာတယ်။ သူဟာ ကျောင်းသူဘဝကတည်းက စိတ်မာကျောသူလေးဖြစ်တယ်။ အာဏာသိမ်းတော့ သူ CDM ဝင်တယ်။ မောင်လူမွှေးရဲ့တပည့် အဲဒီ CDM ဆရာမလေးကို စစ်ကောင်စီက PDF တွေထောက်ပံ့မှုနဲ့ လွန်ခဲ့တဲ့နှစ်နှစ်က ဖမ်းဆီးခဲ့တယ်။ သူလက်ထိတ်ခတ်ခံထားရပုံကို စစ်ကောင်စီလော်ဘီ တယ်လီဂရမ်မှာ ဖော်ပြထားတာ တွေ့ရတယ်။ အဲဒီပုံထဲက ကိုယ့်တပည့်မလေးရဲ့အကြည့်ကို မောင်လူမွှေးမမေ့နိုင်ပါ။ ခံပြင်းတဲ့အကြည့်၊ ကြောက်ရွံ့ခြင်းမရှိတဲ့ မျက်လုံး။ မောင်လူမွှေး ကိုယ့်တပည့်ကို သနားတာထက် လေးစားတာက ပိုသွားခဲ့တယ်။
တော်လှန်ရေးကာလဦးမှာ သူ့အလောင်းကို မောင်လူမွှေးပါသယ်ပြီး သူ့ကိုအုတ်ဂူသွင်းတော့ ကိုယ်တိုင် အလေး ပြုခဲ့ရတဲ့ ကျဆုံးတပည့်လေးကိုလည်း မမေ့ပါ။ ဒီတပည့်လေးဟာ မြို့တွင်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်။ လက်နက်တွေ ခုလိုကိုင်ပြီး မတော်လှန်နိုင်ခင် ဂတ်စ်ဂန်းလေးကို ကိုင်ပြီး ကျဆုံးခဲ့ရရှာတဲ့ တပည့်ဟာ လွန်ခဲ့တဲ့ ၁၃ နှစ် မောင်လူမွှေး ပညာဒါနကျောင်းက တပည့်တစ်ယောက်ဖြစ်တယ်။
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က မောင်လူမွှေး ပညာဒါနသင်ခဲ့တဲ့ တပည့်တွေထဲက နှစ်ယောက်ဟာလည်း ထောင်ထဲ ရောက်နေတယ်။ ပညာဒါနမှာ အတော်ဆုံးကျောင်းသားဟာ စစ်ကောင်စီရဲ့ နှစ်ပေါင်းလေးဆယ် ထောင်ချခြင်းကိုခံထားရတယ်။ အရည်အသွေးရော၊ သတ္တိပါကောင်းတဲ့ တပည့် ခုလိုကာလ ထောင်ထဲရောက်နေတာ ဆရာတစ်ယောက်အနေနဲ့ ရင်နာမဆုံးဘူး။ နောက် ပျော်ပျော်လည်းနေတတ်၊ သူတစ်ပါးကိုလည်း ကူညီတတ်တဲ့ တပည့်တစ်ယောက်ကတော့ တော်လှန်ရေးဆက်သားလုပ်မှုအတွက် စစ်ကောင်စီရဲ့ထောင်ချခြင်းကို ခံရတယ်။
တော်လှန်ရေးထဲမှာ ပြန်တွေ့ရတဲ့ တပည့်တွေဟာ မောင်လူမွှေး အခမဲ့ပညာသင်ဒါနသင်ပေးခဲ့တဲ့ တပည့်တွေပဲ ဖြစ်နေတာကို သတိထားမိတယ်။ ပြီးခဲ့တဲ့ လပိုင်းကတော့ လိုင်းပေါ်ကနေ အသံ မေ့ဆေ့တစ်ခုဝင်လာတယ်။ "ဆရာနေကောင်းလား၊ ဆရာ့တပည့်ကတော့ တော်လှန်ရေးသမားကြီးဖြစ်နေပြီဗျာ" တဲ့။ စကားပြောကြည့်လိုက်တော့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က မောင်လူမွှေး သင်ခဲ့တဲ့ ကိုယ်ပိုင်ကျောင်းကြီးရှိရာ ဒေသက တပည့်တစ်ယောက် ဖြစ်နေတယ်။
"ကိုယ်ပိုင်ကျောင်းက တပည့်တွေလည်း မခေဘူးဟ" ဆိုပြီး မောင်လူမွှေး သူနဲ့ဆက်စကားပြောကြည့်တော့ ဒီတပည့်ဟာလည်း မောင်လူမွှေး ပညာဒါနသင်ပေးခဲ့တဲ့ တပည့်ပဲ ဖြစ်နေပြန်ပါတယ်။ အဲဒီဒေသမှာ မောင်လူမွှေး ကိုယ်ပိုင်ကျောင်းဆရာလုပ်နေတုန်း ပညာဒါနကျောင်းတစ်ခုက အကူအညီတောင်းလို့ အဲဒီပညာဒါန ကျောင်းမှာ မောင်လူမွှေး အင်္ဂလိပ်စာ တစ်နှစ်သင်ပေးခဲ့ရတယ်။ "ဆရာ့ တပည့်ပဲဗျာ.. ဘယ် အဲဒီလောက်ခေပါ့မလဲ" လို့ သူက ဂုဏ်ယူပြီးပြောလိုက်သေးတယ်။
တော်လှန်ရေးမှာ ပညာဒါန ကျောင်းသူကျောင်းသားဟောင်းတွေပဲ ပြန်တွေ့ရတာက မောင်လူမွှေးအဖို့ ထူးခြား ချက်ဖြစ်တယ်။ ပညာဒါနမျိုးစေ့တွေ အောင်တယ်ဗျာလို့ မောင်လူမွှေး မိတ်ဆွေ ဆရာတစ်ယောက်က မှတ်ချက်ပေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မိန်းကလေး CDM သူနာပြုတစ်ယောက် မောင်လူမွှေးနေထိုင်ရာ ရောက်လာတော့ မောင်လူမွှေးနားကပ်ထိုင်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ပါတယ်။ သူမိတ်ဆက်မှ လွန်ခဲ့တဲ့ဆယ်နှစ်ကတပည့်မှန်း သိတော့တယ်။ ပြီးတော့ သူက ပညာဒါနကျောင်းကမဟုတ်ဘဲ မောင်လူမွှေးသင်ခဲ့တဲ့ကျူရှင်ဘော်ဒါက တပည့်ဖြစ်ပါတယ်။ သူ လုပ်နေတဲ့ ဆေးရုံဝန်းကျင် ဗုံးကြဲခံရတုန်းက ဗုံးခိုကျင်းထဲခုန်ချတာမှာ အကျမတော်ဖြစ်ပြီး ပါးတစ်ခြမ်း ခုထက်ထိ နာနေတယ်လို့ ပြောပြတယ်။ ခု ရွာကို ခွင့်ပြန်လာတာ ခွင့်ရက်ကုန်လို့ ဆေးရုံကို ပြန်တော့မယ် ၊ သူ့နေရာရောက်ရင် ဆက်ဆက်ဝင်ပါလို့ ပြောဆိုနှုတ်ဆက်သွားတယ်။ သူနဲ့တွေ့ပြီးမှပဲ "ဘော်ဒါကျူရှင်တပည့်လည်း မခေပါဘူးဟ" လို့ ကိုယ့်ဘာသာကိုယ် ပြောနိုင်ပါတော့တယ်။
ပညာဆိုတာ အကြောင်းကို သိတာ၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြားသိတာ။ ဓမ္မဘက်က ရပ်တည်ဖို့ကြတော့ သတ္တိရှိဖို့၊ ရဲရင့်ဖို့၊ စွန့်လွှတ်နိုင်ဖို့၊ ဖြောင့်မတ်ဖို့ စတာတွေ လိုအပ်ပါတယ်။ မောင်လူမွှေးဟာ ပညာမျိုးစေ့တွေကို ချနိုင်ခဲ့တယ်လို့ ကိုယ့်ဟာကိုယ် ယုံကြည်သူဖြစ်တယ်။
ခုလည်း တောကျောင်းဆရာအဖြစ်နဲ့ ပညာမျိုးစေ့တွေ ချနေတယ်။ ခုပျိုးနေတဲ့ပညာမျိုးစေ့ထဲမှာတော့ သတ္တိပါ မဖြစ်မနေ ထည့်ပေါင်းပေးဖို့ လိုမယ်လို့ မောင်လူမွှေး ခံယူမိပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar