ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မသာအိမ် လက်ဖက် တက်စားကြသူများ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မသာအိမ် လက်ဖက် တက်စားကြသူများ
မိုးမခ ၊ ဇူလိုင် ၁ ၊ ၂၀၂၅
"တလရ အဖွဲ့ရဲ့ ဂိတ်ကို ဖြတ်တဲ့အချိန် ဂိတ်မှန်းမသိလို့ ကျော်သွားတာကို သေနတ်နဲ့ပစ်တယ်၊ ပြီးတော့ ကျည်ဆန်ဖိုး ပြန်တောင်းတယ်၊ အဲဒီလို သိရတော့ ဒေါသထွက်နေတာ။
အဲဒါကို သူ ဥပမာပေးတယ်။
"ကိုယ့်ရိုက်ဖို့တုတ် ကောက်ခဲ့လို့ ငယ်ငယ်က အမေခိုင်းသလိုပဲ" တဲ့။ ထတောင်ရယ်မိတယ်၊
ကန်တော့နော်။" တဲ့။
အဲဒီပို့စ်ကိုဖတ်ပြီး သင် ဘယ်လို ခံစားရပါသလဲ။
ဗိုလ်ဇေယျ တပ်ဖွဲ့က ဒီပဲယင်း အင်ဘုတ်ကျေးရွာကို ခွဲတမ်း သိန်း ၄၅၀ တောင်း
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာအုပ်စုကို ဗိုလ်ဇေယျအဖွဲ့က ကျည်ကာအင်္ကျီ၊ ဦးထုပ်နဲ့ စာသင်ကျောင်းဗုံးခိုကျင်း တည်ဆောက်ပေးဖို့အတွက်ဆိုပြီး ကျပ်သိန်း ၄၅၀ ကို ပေးဖို့ တောင်းခံနေပါတယ်။
ဒီနှစ် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းလောက်မှာ အင်ဘုတ်ကျေးရွာအုပ်စုက ဒေသခံတွေကို ဗိုလ်ဇေယျ တပ်ဖွဲ့က တအိမ်တယောက်အစည်းအဝေးခေါ်ယူပြီး ကျည်ကာအင်္ကျီ၊ ဦးထုပ်နဲ့ ဗုံးခိုကျင်း တည်ဆောက်ဖို့အတွက် အင်ဘုတ်ကျေးရွာ အုပ်စုက ခွဲတမ်း သိန်း ၄၅၀ ပေးဖို့ အလှူခံခဲ့ပါတယ်။ အစည်းအဝေးမှာ ရွာသားတဦးက ဗုံးခိုကျင်းအတွက် NUG အစိုးရက ဘတ်ဂျက် မချပေးဘူးလားမေးတဲ့အခါမှာ မချပေးတာကြောင့် ရွာကပဲ ပေးရမယ်လို့ ဆိုပါတယ်။
“မကြည်ဖြူတဲ့ သူတွေရှိသလို ကြည်ဖြူတဲ့ သူတွေလည်း ရှိပါတယ်။ ကြည်ဖြူတဲ့သူ့ကတော့ ချက်ချင်းထည့်တယ်လေ။ မကြည်ဖြူတဲ့ သူတွေကတော့ လာကောက်မှထည့်မယ်။ ငွေရေးကြေးရေးကတော့ ခက်ခဲတာပေါ့၊ အခုက စပါးပေါ်ချိန်၊ သီးနှံပေါ်ချိန် မဟုတ်ဘူးလေ။ အဲဒါကြောင့် ခက်ခဲတာပါ၊ အဲဒါကြောင့် သဘောမတူတဲ့ သူတွေရှိတာပါ။” လို့ အင်ဘုတ်ကျေးရွာသား တဦးက TM Media ကို ပြောပါတယ်။
“အရင်ကလည်း အခုလိုပဲ သေနတ်ဝယ်ဖို့ဆိုပြီးကောက်ပါတယ်။ ပထမပွဲစားက ငွေလိမ်သွားတယ်လို့ ပြောတယ်။ ဒုတိယက အဆက်အသွယ်တော့ ပြန်ရပြီ ညှိနေတုန်းဆိုပြီး ပြောတယ်။ နောက်တော့ အတိုတလတ်၊ အရှည်တလတ် ရပြီလို့ ပြောတယ်။ အဲဒီထဲက ရွာလူထုက မယုံကြတော့တာ၊ ဒါပေမဲ့ ရွာအပေါ်မှာ ကောင်းခဲ့တာတွေရော၊ ကြောက်တာရောကြောင့် နောက်ကွယ်မှာပဲ ပြောကြတာပေါ့။ အခုလည်း ကြောက်တာကြောင့် အောင့်အည်းပြီး ထည့်ကြတာပါ” လို့ ဆိုပါတယ်။
ကဲ နူရာဝဲစွဲ လဲရာသူခိုးထောင်းလို့ပဲ ပြောရတော့မယ့် သတင်းတွေပေါ့။ တော်လှန်ရေးက တချို့နေရာတွေမှာ ဖွတ်သထက် ညစ်လာတယ်။ သူတို့စိတ်နဲ့သူတို့ ပုန်ကန် လက်သီးလက်မောင်းတန်းလမ်းပေါ်ထွက်လာတဲ့သူတွေကို သူတို့ တော်လှန်ရေးလှိုင်း တက်စီးလာသူတွေက သူတို့ကို ပြန်အနုကြမ်းစီးတာတွေ လုပ်လာကြတယ်။ တကယ်တော့ လူထုက သူတို့ လွတ်မြောက်ရေးအတွက် တကယ်တိုက်နေရင် အိမ်တိုင်ချွတ် လှူကြ ထည့်ကြမှာပါ။ အိမ်မီးရှို့ခံ ပါဝင်ထားကြတာဘဲ။ ကိုယ့်သားသမီး ဝင်တိုက်နေတဲ့ပွဲကို အလှထိုင်ကြည့်မနေပါဘူး။ လူထုကို အတင်းဖိအားပေး အကျပ်ကိုင် ငွေထည့်ခိုင်းတာတွေ မဖြစ်သင့်ပါဘူး။ အဲဒီလိုမဖြစ်အောင် အဲလိုလက်နက်ကိုင်တွေကို ထိန်းကျောင်းဖို့လိုသလို ရန်ပုံငွေ အခွန်ငွေတွေကို အမှန်အကန် အမျှအတ စီးဆင်းဖို့လည်း လိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်၏ အဓမ္မပြုကျင့်ခံရသည့် လောင်းလုံးက သက်ကြီးပိုင်း အမျိုးသမီး စိတ်ကျန်းမာရေး အခြေအနေဆိုးရွားနေဟုဆို
(မဇ္ဈိမ) ။ ။ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းပါ တပ်သား၏ အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခံရသည့် အသက် ၇၀ ကျော်အရွယ် အမျိုးသမီးသည် ဖြစ်စဥ် နောက်ဆက်တွဲ စိတ်ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) တာဝန်ရှိသူထံက သိရသည်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာအတွင်းဇွန်လ ၁၄ ရက်ကစ၍ စစ်ကောင်စီ စစ်ကြောင်းထိုးလာ၍ ဒေသခံများအားလုံးနီးပါး ရှောင်တိမ်းခဲ့သော်လည်း ထိုအမျိုးသမီးသည် ကျန်းမာရေးမကောင်းသည့်ခင်ပွန်းအား ပြုစုရန် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကြောင်းပါ ဖိုးချေအမည်ရှိ စစ်ကောင်စီတပ်သားက နှစ်ရက်ဆက်တိုက် ငါးကြိမ် ခင်ပွန်းဖြစ်သူရှေ့တွင် ထိုအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
ဒီသတင်းဖတ်ရတော့ သက်သက်ခိုင်ကို အဲဒီနေရာမှာ ထားကြည့်မိတယ်။ သူ ခုလို တပ်မတော်ဟာ တိုင်းပြည်အတွက် အားကြိုးမာန်တက်လုပ်နေကြောင်း ပြောနိုင်အုံးမလား သိချင်မိတယ်။
ဒီလို လင်သားရှေ့ထား သူ့မယား မုဒိမ်းကျင့် အသိပုံမှန်မရှိတဲ့ စရိုက်လက္ခဏာရှိတဲ့ ကောင်တွေနဲ့ပြောမယ့် ငြိမ်းချမ်းရေး၊ ဒီလို သက်ကြီးရွယ်အိုတွေတောင် မုဒိမ်းကျင့်တဲ့ကောင်တွေက ပြောတဲ့ ငြိမ်းချမ်းရေးစကားဟာ ဘယ်နှပြား တန်မလဲ။ စာသင်ကလေးတွေ ဆေးရုံတွေကို ဗုံးကြဲ အရပ်ဘက်အိမ်တွေ မီးရှို့၊ တွေ့သမျှ လူသတ်၊ ဘာငြိမ်းချမ်းတဲ့ဓာတ်မှ မရှိတဲ့ကောင်တွေက ငြိမ်းချမ်းမှုကို အရေးအရာလုပ်ရမှန်း တကယ်သိမလား။ ငြိမ်းချမ်းစိတ်တကယ်ရှိမလား။ အခုတိုက်တွန်းနေကြတာက သုံးငယ်တွေ တရက် တကောင် သွားအစားခံရမယ့် ခြင်္သေ့နဲ့ လုပ်ထားတဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်ဘူးလား။
ဒီရက်ပိုင်း အဲဒီအရည်မရ အဖတ်မရတွေကို ငြိမ်းချမ်းရေးခေါင်းစီးနဲ့ လူစုပြီး ရွေးကောက်ပွဲအကြောင်း ပြောနေကြတယ်။ မင်းအောင်လှိုင်က သူ့ကိုယ်သူတောင် အာဏာမလွှဲရဲဘူး။ လွှဲလိုက်ရင် တပ်ချုပ်ရာထူးပြုတ်ပြီး ဂုတ်ပြတ်ရုံရှိတော့တာ သူ သိတာပေါ့။ ရွေးကောက်ပွဲကို မပြီးဆုံးတဲ့ရွေးကောက်ပွဲအဖြစ် လုပ်ထားပြီး နိုင်ငံတကာဆက်ဆံရေးသူငယ်ထောင်တာလေ။ ငြိမ်းချမ်းရေးပွဲစားတွေကလည်း မင်းအောင်လှိုင်နဲ့တပ်ရဲ့ ဒီအားနည်းချက်ကို ကောင်းကောင်းသိနေတော့ ပွဲခကြိုက်ဈေးတောင်းပြီး ရောင်းနေကြတာပေါ့။ ပွဲလန့်တုန်း ဖျာခင်းရတာ ပွဲစားအတွက် တကယ့်အကွက်လေ။ ဗိုက်နာဈေး ပေးသလောက် ယူရမယ့် အခြေအနေ မဟုတ်လား။
ခု လုပ်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ စစ်တပ်က သေနတ်ကိုင်ခွင့်၊ အာဏာသိမ်းခွင့်၊ သတ်ဖြတ်နှိမ်နင်းခွင့်၊ ထောင်သွင်းညှဉ်းပန်းခွင့် အော်တိုမစ်တစ်ရှိပြီးသား၊ မင်းတို့က သေနတ်တွေနဲ့ ပြန်ခုခံတိုက်ခိုက်တာ အမှားကြီး မှားတာလေ၊ ပြန်တောင်းပန်ဝန်ချ နောက်မလုပ်တော့ပါဘူးဗျ ဆိုပြီး အလုပ်အကျွေးပြန်ပြုပေး ဆိုတဲ့အထာ။ ပြောနေသူတွေ ကြည့်လိုက်တော့လဲ နိုင်ငံရေးသမားတို့၊ ဥပဒေပညာရှင်တို့၊ ပါတီထောင်ထားသူတို့သာ ဆိုတယ် အကုန်လုံးက မသာ မိတ်ကပ် လိမ်းထားတဲ့ရုပ်တွေချည်း။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar