Breaking News

ကိုသန်းလွင် - ကျလာသည့်မျက်ရည်

ကိုသန်းလွင် - ကျလာသည့်မျက်ရည်

မိုးမခ ၊ ဩဂုတ် ၃ ၊ ၂၀၂၅


( ၁ )

ငိုခြင်းသည် လူသားများမှာသာ ရှိသော အရည်အချင်းတစ်ခု ဖြစ်ပါသည်။ ရုပ်ရှင်မင်းသမီးများလည်း ငိုကြ ပါသည်။ ဘောလုံးသမားများလည်း ငိုကြပါသည်။ တောရွာမှ မိခင်များသည်လည်း သူတို့သား သေဆုံးသောအခါမှာ ငိုကြပါသည်။ သင် ငိုခဲ့ရသည်မှာ ဘယ်သောကာလကဟု မသိနိုင်သော်လည်း သင်လည်းပဲ ငိုခဲ့ဖူးသည်မှာသံ သယဖြစ်ဖွယ်မရှိပါ။

အခြားသောသတ္တဝါများလည်း မျက်ရည်ကျကြသော်လည်း သိပ္ပံပညာရှင်များက ယုံကြည်ကြသည်မှာ လူသားသည် အမြဲငိုနေရပြီး မျက်ရည်သည် မျက်စိကို ချောမွေ့စေရန်နှင့် အကာကွယ်ပေးရန်ဖြစ်ကာ သင်၏ ခံစားချက်ကို ဘေးလူများ သိရှိစေရန်လည်း ဖြစ်ပါသည်။ လူများသာ လုပ်နိုင်ကြသည့်ကိစ္စ အနည်းငယ်ရှိရာတွင် ခံစားချက်ကြောင့် ကျရသော မျက်ရည်မှာ နားမလည်နိုင်စရာ အချက်များ ရှိပါသေးသည်။ 

 ( ၂ )

အခြားသတ္တဝါများသည်လည်း မျက်ရည်ကျကြပါသည်။ လူသားသည်သာ အမြဲငိုနေကြရပါသည်။ အများက ယုံကြည်ကြသည်မှာ မျက်လုံးကို ချောမွေ့စေရန် ဆီထည့်ပေးသလို မျက်ရည်ကျရပါသည်။ မိမိခံစားချက်ကို ပြသရန်လည်း ဖြစ်ပါသည်။ ဘွဲ့ယူအခမ်းအနားများ၊ အောင်ပွဲများ၊ မိမိတန်ဖိုးထားသည့် အရာတစ်ခုကို လုပ်နိုင်ပြီ ဆိုလျှင် မျက်ရည်ကျကြသည်။ ဝမ်းသာ ဝမ်းနည်းမှုများ ဖြစ်ပေါ်တိုင်း မျက်ရည်ကျကြသော်လည်း အဘယ်ကြောင့် မျက်ရည်ကျသည် ဆိုခြင်းမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။ 

သုတေသနလုပ်သူများက ကျွန်တော်တို့ ခံစားချက်များသည် နျူရိုသိပ္ပံပညာက နားလည်သည်ထက် ပို၍ ရှုပ်ထွေးသည်ဟု ဆိုကြသည်။ ဦးနှောက်တွင် ဝမ်းနည်းမှုကို ကိုင်တွယ်သော နေရာမရှိ၊ ငိုနေချိန်နှင့် ဒေါသထွက်နေချိန်တို့တွင် ဦးနှောက်ထဲမှာ ဘာတွေ ဖြစ်နေသနည်း ဆိုသည်ကို သိနားလည်ရန် (Scan) လုပ်စရာတွေကလည်း အများကြီး ရှိနေပါသေးသည်။ 

လူသားတို့၏ မျက်ရည်ကျခြင်းကို နားလည်အောင်လုပ်ရာတွင် အနည်းအကျဉ်း တိုးတက်မှုရရှိခဲ့သည်။ မျက်ရည် ဘာကြောင့် ကျရသနည်း။ မျက်ရည် ဘယ်မှာ အခြေခံသည်ကို သိလိုခဲ့ကြသည်။ ဘယ်လို ထုတ်လုပ်ပေးသည်ကို ရှာဖွေခဲ့ကြသည်။ 

မျက်စိလုံး (eye ball) ပါဝင်သော သတ္တဝါများသည် အသွင်နှစ်မျိုးဖြင့် မျက်ရည်ကျကြသည်။ Basal အခြေခံနှင့် Reflex တုံ့ပြန်မှုအရ ထွက်လာကြပါသည်။ အခြေမှထွက်သော မျက်ရည်သည် မျက်လုံးကို စိုစွတ်ပါသည်။ တုံ့ပြန်မှုအတွက် ထွက်သောမျက်ရည်က မျက်လုံးကို အကာအကွယ်ပေးသည်။ ဥပမာ- ဖုန်မှုန့်နှင့် အခြား ပြင်ပမှလာသော အမှုန်များမှ အကာအကွယ်ပေးခြင်း ဖြစ်သည်။ 

လူသားတို့ ခံစားချက်များမှလာသော မျက်ရည်က တစ်မျိုး ရှိသေးသည်။ ဝမ်းနည်းသည့်အခါ၊ ခံစားချက် ပြင်းထန်လွန်းသည့်အခါ၊ ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ကြောင့်လည်း မျက်ရည်ကျရသည်။

ထိုမျက်ရည် သုံးမျိုးသည် သဘာ၀ တူညီကြပြီး ရေ၊ ဆီ၊ mucus ဘက်တီးရီးယားတို့ကို တိုက်ခိုက်သော ပရိုတင်းနှင့် အီလက်ထရိုလိုက်တို့ ပါဝင်ကြသည်။ အခြေခံ မျက်ရည်တို့သည် တနေကုန် ပမာဏသေးငယ်စွာ ထွက်နေကြပြီး ၎င်းတို့ကို သတိပြုမိချင်မှ ပြုမိကြပါလိမ့်မည်။ ထိုမျက်ရည်စက်များ အငွေ့ပျံသည့်အခါ မျက်လုံးသည် အေးကျန်ရစ်သည်။ ထိုသို့ အငွေ့ပျံခြင်း အမြဲဖြစ်နေစေရန် ထိုမျက်ရည်များ အမြဲထွက်လာနေကြသည်။ 

တုံ့ပြန်မှုအရ (သို့) ခံစားချက်အရ ထွက်ရသော မျက်ရည်များမှာ ကြက်သွန်လှီးသောအခါနှင့် အသုဘများတွင် ထွက်ကျနိုင်ရန် မျက်လုံးတဝိုက် မျက်ရည်ဥများ ရှိနေကြခြင်း ဖြစ်ပါသည်။ ထိုမျက်ရည်များကို မျက်ခုံးအောက်မှာ ရှိနေသည့် ဂလင်းများက ထုတ်ပေးပြီး ထိုထွက်ရှိမှုကို ဦးနှောက်က ထိန်းချုပ်ပေးသည်။ 

တိရစ္ဆာန် အမြောက်အမြားသည် နာကျည်းချက်ဖြင့် ညည်းညူကြသည်။ ၎င်းတို့သည် ငယ်စဉ်ဘဝကစ၍ သူတို့ဘဝရပ်တည်ရေး (Survival) အတွက် ညည်းညူကြသည်ဟု ယုံကြည်ကြသည်။ ရော်ဘင်ငှက် ကလေးများ၏ အသံ၊ ဆိတ်များ၏ ငိုသံသည်သူတို့ ဆာလောင်သည့်အခါ၊ ကြောက်ရွံ့သည့်အခါ၊ ဒဏ်ရာရသည့်အခါ မိဘများသိအောင် အော်ဟစ်ပြီး ညည်းညူကြသည်။

သို့သော် တိရစ္ဆာန်များသည် ဝမ်းနည်းသောကြောင့် မျက်ရည်မကျကြပါ။ လူသားများက မွေးပြီး ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိ မငိုကြပါ။ သို့သော် မွေးခါစကလေးများသည် တခြားသတ္တဝါများကဲ့သို့ ဝမ်းခေါင်း ကို ခြစ်၍ ငိုကြွေးကြသည်။ တခါတရံ သူတို့ မျက်လုံးထဲမှ ဆားငံရည်ပါသော မျက်ရည်များ ယိုစီးကျကြသည်။ 

လူတို့သည် စိတ်ပျက်သောအခါ မျက်ရည်ကျခြင်းမှာ ဘယ်အခါမှ စသည်ကို သေချာမသိကြပါ။ တွဲလွဲခိုတတ်သော မျောက်များ၊ လင်းနို့ငှက်များကတော့ ခြောက်သွေ့သော မျက်လုံးများနှင့် မျက်ရည်ကျနိုင်ကြသည်။ တခါတရံ မျက်နှာကို ရှုံ့လိုက်ခြင်း၊ နာကျင်စွာ ဟစ်အော်ခြင်းတို့က သင့်မျက်လုံးဂလင်းများမှ မျက်ရည်ကို ကျဆင်းစေပါသည်။ ထို့ပြင် သန်းဝေခြင်း၊ ရယ်မောခြင်း၊ အန်ခြင်းတို့ကလည်း မျက်ရည်ကို ထွက်ကျစေနိုင်သည်။

မျက်ရည်ကျခြင်းသည် နာကြည်းစွာ ဟစ်အော်ခြင်းထက် ပို၍ကောင်းသည်။ ကျွန်တော်တို့သည်အသက်  ကြီးလာသည်နှင့်အမျှ ငြိမ်သက်စွာ ငိုယိုနိုင်ကြသည်။ လေယာဉ်ပျံပေါ်ဝယ် ကလေးငယ်တစ်ယောက်၏ ငိုသံကို အားလုံး ကြားနိုင်ကြသော်လည်း ရုပ်ရှင်ကြည့်ရင်း ဝမ်းနည်း၍ မျက်ရည်ကျမှုကို ခုံနီးချင်းများကသာ မြင်နိုင်ကြသည်။ တနည်းပြောရသော် မျက်ရည်များက အဝေးမှာ ရှိနေသူကို မသိစေဘဲ အနီးနားမှ လူများကိုသာ သင် ဝမ်းနည်းနေကြောင်း သိစေနိုင်သည်။ 

လူကို မွေးဖွားလာသည်မှ တစ်နှစ်အတွင်း သူတို့ စိတ်ခံစားမှုကို ပြသရန်အတွက် မျက်ရည်ကျကြသည်။ ဒူးခေါင်းကွဲခြင်း၊ ပျားတုပ်ခံရခြင်း၊ အိုက်စခရင် မြေပေါ်သို့ကျခြင်းတို့ကြောင့် ဖြစ်သည်။ ထိုခံစားရမှုများမှာ အသက်အရွယ် ကြီးလာသည်နှင့်အမျှ ပြောင်းလဲသွားရသည်။ ရုပ်ခန္ဓာ နာကျင်၍ ငိုရခြင်းထက် နှလုံးသားခံစားချက်ကြောင့် ငိုကြွေးရသည်။ သင့်တွင် နှလုံးသားချင်း ဆက်သွယ်ရသော၊ အရေးကြီးသော လူအရေအတွက်သည်လည်း တဖြည်းဖြည်း များလာပါသည်။

အများဆုံး ငိုကြွေးရသည်မှာ ချစ်ရသူများနှင့် ခွဲခွာရခြင်းကြောင့် ဖြစ်သည်။ ကလေးများ အိမ်ကို လွမ်းဆွတ်သည့်အခါ အသက်ကြီး၍ ချစ်ရသူများ သေဆုံးသည့်အခါ ဖြစ်သည်။ အခြားသူများ၏ ကံကြမ္မာဆိုးများ ကြုံရသည့်အခါတွင်လည်း ငိုရပါသည်။ ထိုကဲ့သို့ ကိုယ်ချင်းစာသည့်တရား ပေါက်ဖွားလာသောအခါ ရင်းနှီးသောမိတ်ဆွေ ဖြစ်စေ၊ သူစိမ်းတရံကဖြစ်စေ၊ စိတ်ကူးယဉ်ကမ္ဘာထဲမှဖြစ်စေ သူလိုဖြစ်ခဲ့လျှင်ဟူသော အသိနှင့် ငိုကြသည်။ သိပ္ပံပညာရှင်များက ဝမ်းနည်းဖွယ် ရုပ်ရှင်ကားများကိုပြပြီး မျက်ရည်ကျ၊ မကျကို စစ်ဆေးကြည့်ကြသည်။ 

မျက်ရည်ကျရသော ဖြစ်ရပ်များမှာ ဝမ်းနည်းခြင်းနှင့် ဆက်စပ်နေသလို အကူအညီ ကင်းနေခြင်း၊  ဘာမှ မတတ်နိုင်ဘဲ လက်လျှော့လိုက်ရခြင်းကဲ့သို့သော ဖြစ်ရပ်များမှာလည်း ကြုံကြရသည်။ ထိုအခါ စိတ်ပျက်မှုကြောင့် မျက်ရည်ကျရသည်။ မည်သို့ဆိုစေ မျက်ရည်ကျရခြင်းမှာ အကူအညီပေးမှုကို ခံယူလိုခြင်း ဖြစ်သည်။ ကမ္ဘာတဝန်း သုတေသနပြုလုပ်ချက်များအရ သိရသည်မှာ မိန်းမများသည် ယောက်ျားများထက် အမြဲတစေ ပို၍ငိုကြရသည်။ 

ငိုရခြင်းမှာ လူမှုရေးဖိအားများအရသော် လည်းကောင်း၊ ကျား မ လိင်ကွဲပြားမှုအရသော် လည်းကောင်း ဖြစ်သည်။ ယောက်ျားနှင့် မိန်းမတို့သည် ငယ်စဉ်က ပမာဏညီမျှစွာ ငိုခဲ့ကြပါလိမ့်မည်။ ကျား၊ မ ကွဲပြားခြင်းမှာ အသက်အရွယ် ကြီးပြင်းလာသောအခါ ပို၍သိသာလာသည်။ 

ကလေးသူငယ်များကို သင်ကြားပေးသည်မှာ ယောကျာ်းများက မိန်းကလေးများထက် ပိုမို၍ မာကျောရမည်ဟု ဖြစ်သည်။ ထို့ပြင် ဟိုမုန်းများကလည်း ယောက်ျားများက ထစ်ခနဲရှိ မငိုမိအောင် အကူအညီပေးကြပါလိမ့်မည်။ အများက ယုံကြည်ကြသည်မှာ တက်စထရိုစတုံး testosterone နှင့် အက်စထရိုဂျင် (estrogen) ဟိုမုန်း သည် မျက်ရည်မကျအောင် တားဆီးပေးသည်။ 

လူမှုပုဂ္ဂိုလ်ရေးရာ ကွာခြားချက်လည်း ရှိနိုင်ပါသည်။ ကိုယ်ချင်းစာစိတ် အများအပြား ရှိသူတို့မှာ ပို၍ ငိုကြွေးလွယ်ကြသည်။ အယ်လ်ကိုဟော မှီဝဲခြင်းနှင့် အိပ်ရေးပျက်လျှင် ငိုကြွေးရန် လွယ်ကူပါသည်။ အဘယ့ကြောင့် ဆိုသော် မျက်ရည်ကို ထိန်းသိမ်းရန် ပို၍ခက်ခဲသောကြောင့် ဖြစ်ပါသည်။

(၃)

ငိုကြွေးခြင်း၏ နောက်ထပ် နားလည်ရန် ခက်ခဲသော အကြောင်းအရာတစ်ခုမှာ ငိုကြွေးပြီးလျှင် ခံစားမှု ကောင်းမွန်လာခြင်း ဖြစ်သည်။ လူပေါင်းများစွာ၏ အတွေ့အကြုံကို မေးမြန်းကြည့်ရာ တဝက်ကျော်ကျော်က သူတို့သည် ငိုလိုက်လျှင် ခံစားရတာ ပိုကောင်းလာတယ်ဟု ဖြေကြသည်။ ၄၀ ရာခိုင်နှုန်းကတော့ ခံစားရတာ ဘာမှ မထူးခြားပါဟု ဆိုသည်။ ခံစားရ ပိုဆိုးသည်ဟု ၁၀ ရာခိုင်နှုန်းက ဖြေသည်။ ပါတနာများအချင်းချင်း ပြေလည်သွားစေသော ပြဿနာများကို ဖြေရှင်းရခြင်းက ငို၍ ကောင်းမွန်သော ခံစားမှုကို ပေးသည်။ ထာဝရ ခွဲခွာရမည့်သူ သေသွားခြင်းကမူ ဘာမှ ထူးခြားမည် မဟုတ်ပါ။

တစ်ယောက်တည်း ငိုကြွေးရသည်မှာ မိမိကိုယ်ကိုယ် ဆေးကုသပေးသလို ဖြစ်ပါသည်။ သင် ဘာကြောင့် ငိုကြွေးရသလဲ ဆိုတာကို ဆန်းစစ်မိစေသည်။ ငိုကြွေးပြီးလျှင် ဘယ်လို ခံစားရသလဲဆိုသော အချက်မှာ ဘေးကလူများ၏ တုံ့ပြန်ချက်ပေါ်တွင်လည်း မူတည်ပါသည်။ ဘေးကလူတွေက သဘောတူညီမှုရလျှင် ပို၍ကောင်းမွန်စွာ ခံစားရလေ့ရှိသည်။ ဒေါသနှင့် ရယ်စရာအဖြစ် သဘောထားကြလျှင် ပို၍ ခံရခက်တတ်ပါသည်။

သင့်ဘေးမှာ ငိုကြွေးနေသူနှင့် တွေ့လျှင် သင်က ကူညီရန် အသင့်ပါဟူသော အမူအရာကို ပြပါ။ 

သိပ္ပံပညာက ထိုသို့ပြုမူချက်က ငိုကြွေးသူကိုအကျိုးသက်ရောက်မှု ရှိသည်ဟု ဆိုပါသည်။

ကိုသန်းလွင်

Ref: We all need to cry, but the science is still misty. By Dana smith N.Y.Tuies Nov 22, 2024




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar