မောင်လူမွှေး - စိတ်ထုံကျဥ်နာ စွဲမှာစိုးတယ်
မောင်လူမွှေး - စိတ်ထုံကျဥ်နာ စွဲမှာစိုးတယ်
မိုးမခ ၊ ဩဂုတ် ၂ ၊ ၂၀၂၅
ပြီးခဲ့တဲ့ ရက်ပိုင်း တစ်မနက်မှာ မောင်လူမွှေးရဲ့ ညာဘက်လက်တစ်ခုလုံး ကျဥ်နေပါတယ်။ ညာဘက်လက်တစ်ခုလုံး ကျဥ်နေတော့ မောင်လူမွှေးလည်း ကြားဖူးနားဝနဲ့ လေဖြတ်မှာကြောက်နေမိပါတယ်။ နေ့လယ်ပိုင်းကျတော့ ဘယ်ဘက်လက်ရောပါကျဥ်လာပါတော့တယ်။ ဘယ်ဘက်လက်ကျဥ်လာတဲ့အခါ နှစ်ဖက်လုံး ကျဥ်လာတာဖြစ်တဲ့အတွက် လေဖြတ်ချင်တဲ့သဘောတော့ မဟုတ်ဘူးဆိုပြီး မောင်လူမွှေး ဝမ်းသာသွားပါတော့တယ်။
မောင်လူမွှေး လက်နှစ်ဖက် ကျဥ်ရတဲ့ အကြောင်းအရင်းက ထူးရှာစရာမလိုပါ။ တရားခံဟာ မောင်လူမွှေးအိမ်ရာ ပဲဖြစ်ပါတယ်။ မောင်လူမွှေး သမံတလင်းပေါ်မှာ ဖျာခင်းပြီး အိပ်နေတာ လချီကြာခဲ့ပါပြီကော။ မိုက်လှပါတကားလို့ ဆိုခါမှဆိုတော့ "သမံတလင်းပေါ်ဘာကြောင့်အိပ် လေယာဥ်ကြောက်လို့ အိပ်ပါတယ်" ခင်ဗျာ။ မတော်တဆ လေယာဥ်ဗုံးဒဏ် ခံခဲ့ရရင် ကြမ်းပြင်မှာ အိပ်တာက နိမ့်တော့ ပိုလုံခြုံတယ် မဟုတ်လား။
သမံတလင်းမှာ လချီအိပ်ခဲ့တဲ့အတွက် လက်ဟာ ကျဥ်နေတယ်။ နောက်ဆုံးတော့ မောင်လူမွှေးလည်း ကိုယ့်ကျန်းမာရေးအတွက် သတ္တိမွေးပြီး အခန်းထဲက ခုတင်ပေါ်ကို ပြောင်းအိပ်ရပါတော့တယ်။ မောင်လူမွှေး လက်တွေသာ ဆက်တိုက်ကျဥ်နေရင် ဘယ်လို စာရေးမလဲ။ ဘယ်လို စာသင်မလဲ။ စစ်ရှောင်စခန်းက ကလေးတွေအတွက် ဘယ်လို ကူညီနိုင်မလဲ။ ဒီအတွေးတွေဟာ လက်ကျဥ်တဲ့ ဝေဒနာကို သိသိသာသာ ခံစားရတဲ့ သုံးရက်တာအတွင်း မောင်လူမွှေးကို နှိပ်စက်ခဲ့ပါတယ်။
ခုတော့ ခုတင်ပေါ်ပြောင်းအိပ်လိုက်တာနဲ့ မောင်လူမွှေးလက်လည်း တော်တော်သက်သာသွားပြီဖြစ်ပါတယ်။ အလုပ်တွေကိုလည်း ပုံမှန်ပဲ လုပ်နေလျက်ပါပဲ။ မောင်လူမွှေးရဲ့ အပေါင်လေးတစ်ယောက်ကတော့ ခြေလက်တွေ ထုံတာ၊ ကျဥ်တာဟာ သုံး လေးရက် ကျဥ်လိုက် ပျောက်သွားလိုက် ဖြစ်တတ်တယ်လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။ မောင်လူမွှေးလည်း နောက်တစ်ကြိမ် သိသိသာသာကျဥ်လာရင်တော့ သူနာပြုဆရာမနဲ့ ပြမယ်လို့ စိတ်ကူးထားပါတယ်။ မောင်လူမွှေး နေတဲ့နေရာမှာ ဆရာဝန်မရှိလေတော့ ဆေးခန်းပြရင် သူနာပြုဆရာမနဲ့သာပြရမှာ ဖြစ်ပါတယ်။
အခု လက်တွေ ထုံကျဥ်တာကို မောင်လူမွှေး ဘဝမှာ ပထမဆုံး ခံစားဖူးတာ ဖြစ်တယ်။ လက်တွေထုံကျဥ်ရတဲ့ အကြောင်းက သံမံတလင်းမှာအိပ်လို့။ သံမံတလင်းမှာ အိပ်တာက လေယာဥ်ကြောက်လို့။ ထုံကျင်နာရဲ့ အဓိကတရားခံဟာ အကြောက်တရား ဖြစ်နေပါတော့တယ်။
လက်ထုံကျဥ်တဲ့ ဝေဒနာကို ခံစားရင်း မောင်လူမွှေး စိတ်ထဲ အတွေးတစ်ခု ဝင်ခဲ့ပါတယ်။ တကယ်တော့ အကြောက်တရားဟာ လူတွေရဲ့စိတ်ကိုလည်း ထုံကျင်နာစွဲစေနိုင်တာပဲလို့ ဆိုတဲ့ အတွေးဝင်လာတာပါ။ စစ်ကောင်စီ စစ်ကြောင်းကို ကြောက်ရ၊ လေယာဥ်ကိုကြောက်ရ၊ မူမမှန်တဲ့ လက်နက်ကိုင်ထားသူတွေကို ကြောက်ရနဲ့ စိတ်ထုံကျဥ်နာစွဲနေသူတွေ ဘယ်လောက်များ ရှိလေမလဲလို့ မောင်လူမွှေး တွေးမိပါတယ်။ မြေပြင်မှာ စိတ်ထုံကျဥ်နာ စွဲနေသူတွေအချို့ကိုလည်း မြင်ဖူးတွေ့ဖူးပါတယ်။
မောင်လူမွှေး လက်နှစ်ဖက် ထုံကျဥ်နေတဲ့ရက်တွေက အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူး။ လုပ်ရကိုင်ရတာလည်း အားရကျေနပ်မှုမရှိပါဘူး။ စိတ်ထုံကျဥ်နာစွဲသူတွေ ဆိုရင်ရော ဘယ်လိုနေမလဲ။ ဘဝမှာ ရှင်သန်ရုန်းကန်ရတာ ဘာအရသာမှမရှိ ဖြစ်နေမှာ သေချာပါတယ်။
ဘဝမှာ အကြောက်တရားတွေ ဖိစီးလွန်းတဲ့အခါ စိတ်ထုံကျဥ်နာစွဲနိုင်ပါတယ်။ ဒီတော့ စိတ်ထုံကျဥ်နာစွဲတဲ့အထိ အကြောက်တရားတွေ အဖိစီးမခံရအောင်တော့ မောင်လူမွှေးတို့ ကြိုးစားကြရမှာဖြစ်တယ်။ ကိုယ်က ဦးဆောင်ပြီး မကြိုးစားနိုင်ရင်တောင် ဦးဆောင်ကြိုးစားသူတွေရဲ့နောက်ကနေ လိုက်ကြရမှာဖြစ်တယ်။ စိတ်ထုံကျဥ်နာစွဲသွားရင် ဘဝဟာ အဓိပ္ပာယ်ယျမဲ့တာမို့ အကြောက်တရားဖိစီးမှုအောက်ကနေ မဖြစ်မနေ ရုန်းထွက်နိုင်အောင်ကြိုးစားကြရမှာ ဖြစ်တယ်။
စိတ်ထုံကျဥ်နာ စွဲသွားရင်တော့ မောင်လူမွှေး လက်တွေထုံကျဥ်လို့ ခုတင်ပေါ် ပြောင်းအိပ်သလိုတော့ လွယ်လွယ်ပြောင်းလဲမှုလုပ်ပြီး ကုသလို့ရမှာ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်စိတ်ထုံကျဥ်နာမစွဲခင် ကြိုတင်ကာကွယ်ခြင်းပဲ ဖြစ်မယ်။ ဒီတော့ ကိုယ့်စိတ်ကို ထုံကျဥ်နာစွဲလောက်တဲ့အထိ အကြောက်တရားတွေ ရှိလာပြီဆိုရင် အဲဒီအကြောက်တရားကို တွန်းလှန်ရုန်းကန်ကြပါ။ စည်းလုံးညီညွတ်စွာ တိုင်ပင်ဆွေးနွေးပြီး ရုန်းကန်ကြပါ။ စိတ်ထုံကျဥ်မှုဝေဒနာနဲ့ အဓိပ္ပာယ်မဲ့စွာ၊ အရသာမဲ့စွာ ဘဝကို ရှင်သန်ရမယ့်အစား ညီညွတ်စွာ ရုန်းကန်လှုပ်ရှားပြီး ရှင်သန်ကြပါလို့ မောင်လူမွှေး တိုက်တွန်းလိုက်ပါရစေခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar