ကိုသန်းလွင် - ဘဝတိုးတက်မှု
ကိုသန်းလွင် - ဘဝတိုးတက်မှု
မိုးမခ ၊ ဩဂုတ် ၃၁ ၊ ၂၀၂၅
(၁)
ကမ္ဘာပေါ်မှ လူအများစုသည် အရင်ကထက် ပို၍ ကောင်းကောင်းမွန်မွန် နေနိုင်ကြပါသည်ဟု ဆိုသည်။ ထို့ပြင် သူတို့ အနာဂတ်အရေးကို တွေးကြည့်လျှင် အားတက်ဖွယ် သတင်းကောင်းများရှိသည် ဆိုပါ၏။ ဂဲလပ် အသင်းကြီး (Gallup Organization) မှ ဆာဗေးအသစ်တစ်စောင် ထွက်လာခဲ့ရာ ၎င်းသည် နိုင်ငံပေါင်း ၁၄၂ နိုင်ငံမှ လူအများကို အင်တာဗျူးလုပ်ထားပါသည်။ သူတို့ ဘယ်လိုခံစားနေရသည်။ သူတို့ဘဝများသည် အောင်မြင်မှု ရခဲ့သည် (သို့) ရုန်းကန်လှုပ်ရှားနေရသည် စသည်တို့ကို မေးမြန်းခဲ့ပါသည်။
သူတို့ဘဝများသည် အောင်မြင်မှု ရနေသည်ဆိုသော လူတို့သည် လွန်ခဲ့သည့် ဆယ်နှစ်ကာလအတွင်း များပြားလှပါသည်။ တကမ္ဘာလုံးအနေဖြင့် နာကျင်သော ခံစားရပါသည် ဆိုသော လူတို့မှာ ၂၀၀၇ ခုနှစ်မှ စတင်၍ ၇% ခန့် လျှော့ကျနေသည်။ အထူးသဖြင့် ယခင်က ဆင်းရဲခဲ့သော ကော့ဆိုဗို၊ ဗီယက်နမ်၊ ကာဇက်စတန် နှင့် ပါရာဂွေးနိုင်ငံတို့မှာ ဖြစ်ပါသည်။
(၂)
ကံမကောင်းစွာဖြင့် ပြောရမည့် သတင်းဆိုးများလည်း ရှိပါသည်။ ရုတ်တရက် ကောင်းမွန်စွာ နေရာမှ ပြုတ်ကျသလို ဖြစ်နေသော နေရာများလည်း ရှိသည်။ ထိုနိမ့်ကျသော အဖြစ်နှင့် ရင်ဆိုင်ရသူများမှာ အနောက်နိုင်ငံများ ဖြစ်ပြီး အမေရိကန်၊ ကနေဒါ၊ အနောက်ဥရောပ၊ သြစတြေးလျနှင့် နယူးဇီလန် တို့ ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်က ၆၇% မျှသော အမေရိကန်နှင့် ကနေဒါနိုင်ငံသားတို့က ကောင်းကောင်းမွန်မွန် နေရပါသည်ဟု ဆိုခဲ့ကြရာ ယခုအခါမှာ ၄၆% ကသာ ထိုသို့ ပြောတော့သည်။
တနည်းဆိုသော် လူနေမှုအဆင့် မြင့်မားသည်ဆိုသော နိုင်ငံများမှာ ကောင်းမွန်စွာနေရာမှ အကြီးအကျယ် လျော့ကျနေသည်။ သူတို့သည် ယခုအချိန်တွင် တိုးတက်သော နိုင်ငံများနှင့်စာသော် ကောင်းကောင်းမွန်မွန် နေနေရသော်လည်း ထိုလူစုမှာ အကျဘက်သို့ ဦးတည်နေပါသည်။
ဤအရာသည် အံ့သြစရာလည်း မဟုတ်ပါ။ လွန်ခဲ့သော ဆယ်နှစ်အတွင်း ၎င်းတို့၏ စီးပွားရေးဆိုင်ရာ အဆင့် (economic health) နှင့် လူမှုရေးဆိုင်ရာအဆင့် (social health) တို့အကြား အဆက်အသွယ် ပြတ်တောက်နေခြင်းကြောင့် ဖြစ်သည်။ ထိုအချိန်များအတွင်း အမေရိကန်၏ ဂျီဒီပီသည် တဟုန်ထိုး တိုးမြှင့်ခဲ့ပြီး လုပ်အားခလည်း မြင့်တက်လာကာ အလုပ်လက်မဲ့ဦးရေမှာလည်း နည်းပါးခဲ့သည့်အပြင် ဝင်ငွေကွာဟမှုမှာလည်း လျော့ကျခဲ့သည်။ တချိန်တည်းမှာပင် မိမိကိုယ်ကိုယ် သတ်သေသောနှုန်းမှာ မြင့်တက်ခဲ့ပြီး လူမှုရေးအထီးကျန်ဖြစ်မှုလည်း များပြားခဲ့သည်။ လူမှုရေး ယုံကြည်မှု (Trust) မှာ အနည်းဆုံးအခြေအနေသို့ ရောက်ခဲ့ပြီး ဇန်နဝါရီလမှ စတင်၍ မိမိဘ၀ကို ကျေနပ်အားရပါသည် ဆိုသော အမေရိကန်လူဦးရေမှာ နည်းပါးခဲ့သည်။ ထူထောင်ခဲ့သည်မှာ ၂၅ နှစ် သက်တမ်းရှိပြီဖြစ်သော အယ်ဒါမင် ထရပ် ဘာရိုမီတာ (Edelman Trust Barometer Report) အရ ပြောရသော် ၃၀% မျှသော အမေရိကန်တို့သာ မိမိတို့ဘဝသည် ပိုကောင်းလာသည်ဟု အထင်ရှိကြသည်။
သူတို့၏ဘဝသည် အောင်မြင်သောဘဝ ဖြစ်စေရန် လူမှုရေးအဆင့်အတန်း မြင့်လာနေသော လူနေမှု ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရလျှင်ကောင်းပါသည်။ “ဘဝကို အဘယ်ကြောင့်နေရသည်“ဆိုသော ရည်ရွယ်ချက် အပြည့်နှင့် နေနိုင်ကြသည်ဆိုလျှင် အောင်မြင်ခြင်းပင် ဖြစ်ပါသည်။ စည်းကမ်းသေဝပ်သော၊ တည်ငြိမ်သော လူ့အဖွဲ့ အစည်းတစ်ခုတွင် (၁) ယုံကြည်မှု (၂) တရားမျှတမှုနှင့် (၃) လူတိုင်းတွင် တူညီသော ရည်ရွယ်ချက်ရှိရန် လိုသည်။
ဂဲလပ် မှ ဝှစ်တား (Dan Witters) က ပြောသည်မှာ အောင်မြင်သည်ဟု ပြောသူများမှာ လူနေမှုစနစ် တစ်ခုလုံးနှင့် ဆက်သွယ်နိုင်သူ ဖြစ်ရမည်။ သူတို့သည် သူတို့နေထိုင်မှုကို ဂုဏ်ယူသူများ ဖြစ်ပါသည်။ ဘာသာရေးဆိုင်ရာ စသည့် လူစုလူဝေးနှင့် ကျင်းပသော အစည်းအဝေးများတွင် ဝင်ဆန့်သူလည်း ဖြစ်ရမည်။ သင့်တွင် နေထိုင်ရေးနှင့်ပတ်သက်၍ ကောင်းသောအမြင် ရှိသည်ဆိုခြင်းမှာ ပိုမိုအောင်မြင်ရေးအတွက် အကောင်းဆုံး တွန်းအားပေးရာဖြစ်ပြီး နောင် ၅ နှစ်အကြာတွင် ဘာဖြစ်ရမည်ဆိုခြင်းကို မျှော်လင့်နိုင်သူလည်း ဖြစ်ရပါမည်။
နောက်ထပ် ဆာဗေးတစ်ခုမှာ ကမ္ဘာ့အောင်မြင်မှု လေ့လာရေး (Global Flourishing study) ဖြစ်သည်။ ဗင်ဒါဝှီး (Tyler J.Vander Wheele) သည် ဟားဗတ်တက္ကသိုလ်မှ ဖြစ်၍ ၂၀၂၂ တွင် သူသည် လူပေါင်း ၂၀၀,၀၀၀ ကျော် ကို နိုင်ငံပေါင်း ၂၂ နိုင်ငံ၌ မေးမြန်းခဲ့ပါသည်။ အချို့နိုင်ငံများမှာ လူသုံးကုန်ကြွယ်ဝမှု၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ ကိစ္စများတွင် တိုးတက်ခဲ့ရာ အထင်ရှားဆုံးနိုင်ငံ နှစ်ခုမှာ ပိုလန်နှင့် အစ္စရေးနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံများစွာတို့တွင် ကုန်ပစ္စည်းသုံးစွဲရာ၌ ချမ်းသာလာပါ၏။ သို့သော် လူတို့မှာ လူဖြစ်ရခြင်း ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်မှာ မရှိဘဲ ဖြစ်နေရပါသည်။ သူတို့မှာ ဂျပန်နှင့် စသည့် စကင်ဒီနေးဗီးယား နိုင်ငံများ ဖြစ်ကြသည်။ စီးပွားရေးတွင် ထူးထူးခြားခြား အောင်မြင်မှုမရှိ၊ သို့သော် လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ ကိစ္စများတွင် အောင်မြင်ကြသည်။ ၎င်းတို့မှာ အင်ဒိုနီးရှား၊ မက်ဆီကို နှင့် ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ကြသည်။
ဗင်ဒါဝှီး ဆာဗေးမှ ကောင်းမွန်သည်ဟု ပြောသော နိုင်ငံတို့မှာ သူတို့၏ လူမှုဆက်ဆံရေးနှင့် တန်ဖိုးထားမှုမှာ ကောင်းမွန်နေပြီး လူနေမှုအဆင့်အတန်း မြင့်မားသောနိုင်ငံများ ဖြစ်ကြသည်။ ဥပမာ အမေရိကန်နိုင်ငံသည် ကောင်းမွန်စွာ နေထိုင်ရမှု ကျဆင်းနေချိန်တွင်စီးပွားရေးမှာ ကောင်းမွန်နေသည်။ သို့သော် လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ တန်ဖိုးမှာ လျှောကျနေသည်။
ချမ်းသာသောနိုင်ငံများတွင် အဘယ်ကြောင့် ဤသို့ နောက်ကျနေရပါသနည်း။ ဗင်ဒါဝှီးက အဆိုပြုသည်မှာ လူတို့၏ ဦးစားပေးမှုပုံစံကြောင့် ဖြစ်ပါသည်။ လူတို့သည် သူတို့ တန်ဖိုးအထားဆုံးအရာကိုသာ ရကြပါသည်။ နိုင်ငံတစ်ခုသည် စီးပွားရေး တိုးတက်လာချိန်တွင် ထိုသို့ဖြစ်ရန် လူ့အဓိပ္ပာယ်နှင့် လူထုစည်းရုံးမှုတို့တွင် ကျဆင်းတတ်ပါသည်။
အနောက်နိုင်ငံများတွင်ထားသော တန်ဖိုး ဆိုသည်မှာ လူတို့အတွက် အဆိပ်အတောက် ဖြစ်ရပါသည်။ လွန်ခဲ့သော ဆယ်ရာစုနှစ်အတွင်း မြောက်အမေရိကန်၊ ဥရောပနှင့် အင်္ဂလိပ်စကားပြောသော နိုင်ငံများသည် ကျန် ကမ္ဘာ့နိုင်ငံများနှင့် ယဉ်ကျေးမှု ကွဲပြားခြားနားသွားပါသည်။ ကမ္ဘာတန်ဖိုးဆိုင်ရာဆာဗေး (World Value Survey) က ဆိုသည်မှာ ၁၉၆၀ ပြည့်နှစ်ကစ၍ လူတို့ တန်ဖိုးထားခဲ့ကြသည်မှာ လက်တွေ့သုံးစွဲရသော ပစ္စည်းနှင့် တကိုယ်ကောင်းဝါဒကို ကိုင်စွဲခြင်း၊ မိမိကိုယ်ကို စင်တာ (Center) ထား၍ စဉ်းစားခြင်း ဝါဒကြီးစိုးခဲ့သည်။ ၎င်းမှာ အရှေ့ဥရောပနိုင်ငံများဖြစ်သော ဆားဗီးယား၊ ကွန်ဖြူးရှပ်နိုင်ငံဖြစ်သည့် ကိုရီးယားနှင့် ကက်သလစ်နိုင်ငံ ဖြစ်သည့် မက်ဆီကိုနိုင်ငံတို့ ဖြစ်သည်။ ထိုနိုင်ငံများတွင် ကောင်းကောင်းမွန်မွန် နေထိုင်ရခြင်းမှာ ကျဆင်းခဲ့သည်ဟု ဂဲလပ်က ဆိုသည်။ ဤပြောင်းလဲမှုကို ဆန့်ကျင်ခဲ့သောနိုင်ငံများမှာ ပို၍ကောင်းမွန်စွာ နေထိုင်ကြရသည်။ အနောက်နိုင်ငံများ၏ အဓိကပြောင်းလဲချက်မှာ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်သည် လူ့အဖွဲ့အစည်း၏ လွှမ်းမိုးမှုအောက်မှာ မနေလိုခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ အကျိုးသက်ရောက်မှုကို ယနေ့ ခံစားနေရသည်။
ထိုအဖြစ်ကို ပထမဆုံး ခံစားရသူများမှာ လူငယ်ထုဖြစ်သည်။ လူအများသည် Bowling Alone Era ခေါ် တစ်ယောက်တည်းက စားရသောခေတ်ကို သတိရမိကြပါလိမ့်မည်။ သို့သော် ယနေ့ခေတ်မှာ လူငယ်တို့သည် ပို၍ မယုံကြည်ရသော၊ ပို၍ ဝါးအစည်းပြေသော ခေတ်ကာလကို ရင်ဆိုင်နေကြရပါသည်။ လူငယ်တို့၏ ဘဝမှာ ငယ်ငယ်က ပျော်ရွှင်သောဘဝကို ရခဲ့ကြသည်။ ဆယ်ကျော်သက်အရွယ်တွင် ပျော်ရွှင်မှု ကျဆင်းသွားပြီး အလုပ်မှ အနားယူချိန်တွင်မှ ပျော်ရွှင်မှုများ ခံစားလာရသည်။ U Shape ကဲ့သို့ ဘဝမှာ ပြောင်းလဲခဲ့ရသည်။ ယခုအခါ လူငယ်တို့၏ဘဝမှာ မျဉ်းစောင်း (Slope) ပုံစံဖြစ်နေပြီး လူငယ်ဘဝမှာ ပျော်ရွှင်မှု မရခဲ့၊ ဆယ်ကျော်သက်ဘဝတွင် အိုကေခဲ့ပြီး အနားယူချိန်တွင်မှ ပျော်ရွှင်မှုကို ခံစားကြရသည်။ လူငယ်ထုတွင် သြစတြေးလျ၊ ဘရာဇီး၊ ဂျာမနီ၊ ဆွီဒင်၊ ဗြိတိန်နှင့် အနောက်နိုင်ငံများ ပါဝင်ခဲ့ပြီး အမေရိကန်လူငယ်များမှာ အခံစားရဆုံး ဖြစ်သည်။
(၃)
အထူးသဖြင့် တိုးတက်လိုသူ (Progressive) များမှာ အဆိုးရွားဆုံး ခံစားကြရသည်။ ၁၉၇၂ ခု ဆာဗေး စချိန်က စ၍ ရိုးရာ (Conservative) နေလိုသူများသည် အမြဲတစေ ပျော်ရွှင်နေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့မှာ စိတ်ပျော်ရွှင်စရာကိစ္စများကိုသာ လုပ်ကိုင်ကြသောကြောင့် ဖြစ်သည်။ အိမ်ထောင်ပြုခြင်း၊ ဘုရားကျောင်းသို့ သွားခြင်း၊ ချယ်ရီတီအဖွဲ့များနှင့် ပေါင်းခြင်း၊ မျိုးချစ်စိတ်ရှိခြင်း ဘဝနှင့်ပတ်သက်၍ ပိုမိုအဓိပ္ပာယ်ရှိသော အလုပ်မျိုးကိုသာ လုပ်ကြသည်။
သို့သော် ၂၀၁၁ ခုနှစ်က စ၍ထိုအခြေအနေများ ပြောင်းလဲသွားခဲ့ပါသည်။ ပျော်ရွှင်မှုနည်းပါးခြင်းမှသည် စိတ်ဖိစီးမှုနှင့် စိတ်ရောဂါများအဖြစ် ပြောင်းလဲခဲ့သည်။ အထူးသဖြင့် တိုးတက်လိုသည့် အုပ်စုမှ လူငယ်များ ဤပြဿနာများ ကြုံတွေ့ရသည်။ နှစ်အနည်းငယ် ကြာသောအခါ ရိုးရိုးနေ လူငယ်များအတွင်းမှာလည်း ပြဿနာများ ဖြစ်ပွားခဲ့သည်။ ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့သော လူတို့၏ရပိုင်ခွင့်နှင့် ခံစားမှုကို ဖော်ပြခြင်း (Foundation For Individual Rights and Expression) ဆာဗေးတွင် ၃၅% မျှသော ရိုးရိုးနေသော လူငယ်များသည် စိတ်ရောဂါများကိုခံစားရပြီး အခြားအုပ်စုမှာ ၅၇% မျှသော လူငယ်များသည် စိတ်ရောဂါခံစားရကြောင်း တွေ့ရှိခဲ့သည်။
သို့သော် တိုးတက်လိုသော လူငယ်များမှာ လူမှုရေး လွတ်လပ်မှုနှင့် ကိုယ် လုပ်ချင်ရာကိုယ် လုပ်ပိုင်ခွင့် ရှိကြသော်လည်း ထိုအရာများမှာ လူအုပ်စု၏ ဆိုရှယ်နှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များတွင် မကောင်းနိုင်ပေ။ စီးပွားရေး အောင်မြင်မှုကြောင့် လူတို့၏ လောဘသည် တိုးပွားလာပြီး လူမှုရေးဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာတို့ကို လျစ်လျူရှုခြင်းဖြင့် ကောင်းသော လူနေမှုစနစ်ကို တည်ဆောက်နိုင်မည် မဟုတ်ပါချေ။
Ref: There’s hope, if your not in America, by David Brooks, N.Y.Time . August 11, 2025
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar