အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ တရုတ်သမ္မတနဲ့ သီးခြားတွေ့ဆုံမှုရဲ့ အကျိုးဆက်
မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၃၀ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၅
အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ တရုတ်သမ္မတနဲ့ သီးခြားတွေ့ဆုံမှုရဲ့ အကျိုးဆက်
SCO လို့ အတိုကောက်ခေါ်ဆိုတဲ့ Shanghai Cooperation Organization ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ရဲ့ ထိပ်သီးအစည်းအဝေးနဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်ဖက်ဆစ်ကျူးကျော်မှု အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ဖိတ်ကြားခံရတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်နေပြီး ဒီနေ့မှာ တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင်နဲ့ သီးခြားတွေ့ဆုံခဲ့တဲ့အကြောင်း စစ်ကော်မရှင်ဘက်ကရော တရုတ်နိုင်ငံဘက်ကပါ သတင်းထုတ်ပြန်ခဲ့ကြတာ တွေ့ရပါတယ်။
စစ်ကော်မရှင်ဘက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီး နဲ့ အခြား ဝန်ကြီး ၃ ဦး ကာကွယ်ရေး ဝန်ကြီးဌာနက ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ကျော်စွာလင်း၊ စစ်ကော်မရှင်အတွင်းရေးမှူး ရဲဝင်းဦး တို့ပါ ခရီးစဥ်မှာ ပါဝင်ကြပြီး တရုတ်သမ္မတနဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလက ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဖိတ်ကြားတဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲ နှစ် ၈၀ ပြည့်အခမ်းအနား မော်စကိုမြို့မှာ တက်ရောက်စဥ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ တရုတ်သမ္မတနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ သို့ပေမယ့် အခုတကြိမ် တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ တရုတ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဥ်မှာတော့ အရင်တွေ့ဆုံမှုထက်ပိုတဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ ပါဝင်တာတွေ့ရပါတယ်။
အခုတွေ့ဆုံမှုမှာတရုတ်နိုင်ငံဘက်က အဓိကဆွေးနွေးတဲ့ အကြောင်းအရာတွေအနက် မြန်မာနိုင်ငံရေးမှာ မြန်မာနိုင်ငံ အနေနဲ့ “အမျိုးသားအခြေအနေ နဲ့ သင့်တော်တဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်း “ ကို ထောက်ခံအားပေးကြောင်းကိုလည်း တရုတ်သမ္မတက ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံဘက်က ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။
အဆိုပါ “မြန်မာနိုင်ငံရဲ့ အမျိုးသား အခြေအနေနဲ့ သင့်တော်တဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်း” ဆိုတဲ့ စကားလုံး အသုံးအနှုန်းက ဘာကို ရည်ရွယ်ဆိုလိုသလဲ ဆိုတဲ့ မေးခွန်း လည်း မေးစရာရှိလာပါတယ်။ တရုတ်သမ္မတဆိုလိုတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဆိုတဲ့ နိုင်ငံရေး ဖွံ့ဖြိုးရေးလမ်းကြောင်းထက် ဗဟိုအာဏာလို့ ခေါ်တဲ့ မြန်မာစစ်တပ်က ဗဟိုအစိုးရအင်အားကောင်းတဲ့ အနေအထားမျိုးကို ဆိုလိုချင်တာဖြစ်ပုံရပါတယ်။
အနောက်နိုင်ငံတွေက ကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်ထက် ဗဟိုချုပ်ကိုင်မှု အားကောင်းတဲ့ ဗဟိုအစိုးရ အင်အားကြီးမားတဲ့ ဗဟိုအစိုးရတရပ် မရှိလို့ မဖြစ်ဘူးဆိုတဲ့ အယူအဆကို တရုတ်နိုင်ငံက ဆုပ်ကိုင်ထားတာ ထင်ရှားစေတာ ဖြစ်ပါတယ်။ ယမန်နှစ် သြဂုတ်လ နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုအစည်းအဝေးမှာ ပြောကြားခဲ့တာလည်း အများသိရှိခဲ့ပြီး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အခု ခရီးစဥ်က ယမန်နှစ် သြဂုတ်လ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ်မူဝါဒ အလှည့်အပြောင်းနောက်ပိုင်း တရုတ်နိုင်ငံနဲ့ အာဏာသိမ်း စစ်အစိုးရတို့အကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့ ဖြစ်ရပ်တခုလို့ ဆိုရင် မှားမယ်မထင်ပါဘူး။
ယမန်နှစ်လယ်ပိုင်းက စလို့ တရုတ်နိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲ နဲ့ လက်တွေ့ဆောင်ရွက်မှုတွေ ဖြစ်တဲ့ MNDAA, TNLA, KIA နဲ့ UWSA တို့ကို စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ဖိအားပေးခဲ့တာ၊ အဆိုပါ လက်နက်ကိုင် အဖွဲ့တွေကို အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်ဆွေးနွေးဖို့၊ ရလဒ်ထွက်ဖို့ နဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူထားတဲ့ နယ်မြေတချို့ကိုပြန်ဆုတ်ခွာဖို့ တရုတ်နိုင်ငံအနေနဲ့ လုပ်နိုင်စွမ်းရှိတဲ့ နည်းလမ်းအားလုံးအသုံးပြု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက MNDAA လက်နက်ကိုင် အဖွဲ့ကို ငြင်းဆန်ရန် ခက်ခဲတဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လားရှိုးမြို့ ကိုပြန်လည် စွန့်လွှတ်ခဲ့သလို အပစ်ရပ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ UWSA ကိုလည်း စစ်တပ်နဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခြင်း မရှိသည့်တိုင် ၁၀၂၇ စစ်ဆင်ရေးမှာ နောက်ကွယ်က လက်နက်၊ ငွေကြေး ထောက်ပံ့မှုရှိနေတဲ့ သတင်းအချက်အလက်တွေကြောင့် တရုတ်နိုင်ငံက UWSA ကို ယမန်နှစ်ကတည်းက တောက်လျှောက် ဖိအားပေးခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲက အရှုံးနဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ် အဖို့ အသက်ကယ်ဆေးရလိုက်တဲ့ သဖွယ်ဖြစ်ပြီး နကိုက တရုတ်နိုင်ငံကို ခပ်ဝေးဝေးနဲ့ နေခဲ့တဲ့ အာဏာသိမ်းစစ်တပ်က တရုတ်နိုင်ငံရဲ့ မူဝါဒ အကွေ့အပြောင်းနောက်ပိုင်း တရုတ်နိုင်ငံအားကို ပိုမိုရယူလာခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ စစ်အာဏာသိမ်းပြီးကာစ ကာလတွေမှာ ရုရှားနဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို ဦးစားပေးခဲ့ပြီး တရုတ်နိုင်ငံနဲ့ ခပ်တန်းတန်း ဆက်ဆံရေးသာ ရှိခဲ့တာတွေ့ရပါတယ်။ ၂၀၂၃ အကုန်နဲ့ ၂၀၂၄ ခုနှစ် အစပိုင်းတွေ စစ်ရေးအရ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်လာရချိန် တရုတ်ရဲ့ မူဝါဒ အပြောင်းအလဲဖြစ်ပြီးနောက်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အရေးတယူ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ကာလတွေမှာတွေ့မြင်ရခဲ့တဲ့ စစ်တပ်ထောက်ခံသူ အမျိုးသားရေး အစွန်းရောက်အင်အားစုရဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ၂၀၂၄ ခုနှစ် သြဂုတ်လ နောက်ပိုင်း လုံးဝ မတွေ့ရတော့တာ သတိပြုမိကြပါလိမ့်မယ်။
၂၀၂၄ ခုနှစ် သြဂုတ်လ နောက်ပိုင်း တရုတ်နိုင်ငံရဲ့ မူဝါဒအလှည့်အပြောင်း အခင်းအကျင်းက မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေး အပေါ်ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးအပေါ် အိမ်နီးချင်းနိုင်ငံရဲ့ မတည်ငြိမ်မှုကနေ ၄င်းတို့နိုင်ငံအပေါ် သက်ရောက်နိုင်ခြေ၊ မြန်မာနိုင်ငံတွင်းက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့ လုံခြုံရေး အနာဂတ် အာမခံမှု၊ မြန်မာနိုင်ငံတင်မက ဒေသတွင်း ပထဝီနိုင်ငံရေး အခြေအနေတွေ အားလုံးကို ခြုံငုံပြီးချမှတ်ရာမှာ အာဏာသိမ်း စစ်တပ်ကို ဖြစ်စေချင်တဲ့ လိုအပ်ချက်တွေ သတ်မှတ်ချက်တွေ လက်ခံပြီး ထောက်ခံအားပေးဖို့ ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့ အနေနဲ့ အဆိုပါ တရုတ်နိုင်ငံနဲ့ အာဏာသိမ်းစစ်ကောင်စီ ဆက်ဆံရေး အနေအထားအပေါ် အခြေတည်ပြီး မိမိတို့ ရဲ့ မဟာဗျူဟာကို ပြန်လည် သုံးသပ်ချမှတ်ကြဖို့ အရေးကြီးပါတယ်။ တရုတ်နိုင်ငံကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားတာမျိုး တရုတ်ရဲ့ မူဝါဒကို ပြောင်းလဲအောင် ကြိုးပမ်းတာမျိုးထက် လက်ရှိဖြစ်နေတဲ့ ရောက်နဲ့တဲ့ ပကတိ အခြေအနေနဲ့ လိုက်ဖက်တဲ့ နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာ အသစ်ပြန်လည် ချမှတ်ကြဖို့ အချိန်ရောက်နေပြီလို့ ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar