Breaking News

ပိတ်ဆို့မှုတွေ၊ ကန့်သတ်မှုတွေနဲ့ မြန်မာလူထုအဖို့ အခက်ခဲဆုံးကာလ တခုကို ကျော်ဖြတ်ရမယ့် အနေအထားရောက်နေ

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၃၁ မြင်ကွင်း

မိုးမခ ၊ စက်တင်ဘာ ၁၊ ၂၀၂၅


ပိတ်ဆို့မှုတွေ၊ ကန့်သတ်မှုတွေနဲ့ မြန်မာလူထုအဖို့ အခက်ခဲဆုံးကာလ တခုကို ကျော်ဖြတ်ရမယ့် အနေအထားရောက်နေ 

အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ စစ်ရေး မဟာဗျူဟာတွေ အပြောင်းအလဲတွေ၊ ပိတ်ဆို့မှုတွေနဲ့ ထိုးစစ်တွေ၊ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု အကူအညီကို ရယူပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကို အပစ်ရပ်အောင် လုပ်ဆောင်နိုင်ခဲ့တာတွေ နဲ့ လက်နက်ခဲယမ်း ရရှိဖို့ ခက်ခဲအောင် လုပ်ဆောင်လာတာတွေက ၂၀၂၅ ခုနှစ်ထဲမှာ တခုပြီးတခု မြင်တွေ့လာရတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေဟာ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကိုလည်း ထိခိုက်စေသလို ပြည်သူလူထုအပေါ်လည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီလို အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ဆို့မှုတွေ ထိုးစစ်တွေ တိုက်ပွဲနည်းဗျူဟာတွေ ပြောင်းလဲကာ တော်လှန်ရေး အင်အားစုတွေကို ခံစစ်ကနေ ထိုးစစ်အဖြစ် ပြန်လည်ပြောင်းလဲ တိုက်ခိုက်လာနိုင်တာတွေကို တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အောက်က အုပ်ချုပ်ရေး စစ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ အပြောင်းအလဲနဲ့ ဆီလျော်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်တပ် အနေနဲ့ ၄င်းတို့ရဲ့  အာဏာချုပ်ကိုင်ထားမှုကို တရားဝင်စေဖို့ ကြိုးပမ်းမယ့် ရွေးကောက်ပွဲ မကျင်းပခင် ၅ လ ခန့်အလိုမှာ ဆုံးရှုံးထားတဲ့ နယ်မြေတွေထဲက ရနိုင်သမျှ ပြန်လည်ရယူဖို့ ရည်မှန်းထားတယ် ဆိုတာ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေ ထိုးစစ်အသွင်နဲ့ အင်အားအများအပြား သုံးပြီး ဦးတည်ရာနေရာ တခုကို အရပ်မျက်နှာ ၃ ခုလောက်ကနေ ဦးတည် တိုက်ခိုက်လာနေတာတွေက သက်သေအဖြစ် တွေ့နေရတာပါ။ 

ကရင်နီပြည် (ကယား) မှာ ဒီမော့ဆို မိုးဗြဲ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နောင်ချို၊ မန္တလေးတိုင်းမှာ သပိတ်ကျဥ်းတို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့တာတွေ့ရပါတယ်။  

ဒီလို မြို့တချို့နဲ့ နယ်မြေတချို့ကို ပြန်လည်သိမ်းယူနိုင်ခြင်းဟာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် ဧရိယာ တတ်နိုင်သမျှ ကျယ်ပြန့်အောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်သလို စစ်ရေးအရ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ၄င်းတို့ကို ထောက်ခံသူတွေကို စိတ်အားတက်ကြွအောင် အတိုင်းအတာတခုထိ အထောက်အကူ ဖြစ်ကောင်း ဖြစ်စေပါလိမ့်မယ်။ 

သို့ပေမယ့် ပြည်သူလူထု အဖို့တော့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူအုပ်ချုပ်နေတဲ့ နယ်မြေတွေကနေ ပြန်စွန့်ခွာပြီး နောက်တကြိမ် စစ်ဘေးတိမ်းရှောင်ကြရတဲ့ အခက်အခဲက ကြီးမားလှပါတယ်။ အသက်အန္တရာယ် ဘေးမကျရောက်ဖို့ ၆ လ ၁ နှစ်နီးပါး ပြန်ထူထောင် လုပ်ကိုင်ထားတဲ့ နေအိမ်၊ လုပ်ငန်း အသက်မွေးဝမ်းကျောင်း အလုပ်တွေကို နောက်တကြိမ် စွန့်ထားခဲ့ရပြီး စစ်ဘေးရှောင် ဘဝကို ထပ်ကျရောက်ကြရ ပြန်ပါတယ်။ 

အာဏာသိမ်း စစ်တပ်က စစ်ရေး ထိုးစစ်သာ မကပဲ လူသုံးကုန်ပစ္စည်း၊ ဆေးဝါး နဲ့ လောင်စာဆီတွေကို ပမာဏ ကန့်သတ် သယ်ယူခွင့်ပြုတာတွေလည်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ယခင်ထက်ပိုပြီး ကုန်စည်အဝင် ကန့်သတ်တဲ့ ထုတ်ပြန်ချက် ညွှန်ကြားချက်တွေ ထုတ်ပြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ 

လွန်ခဲ့တဲ့ တနှစ်ခွဲကျော်ကတည်းက ကုန်စည် သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတဲ့ ရခိုင်ပြည်နယ်ကိုလည်း ဆက်လက် ပိတ်ဆို့ ကန့်သတ်ထားဆဲ ဖြစ်သလို စစ်ကိုင်း နဲ့ မကွေးကို ပိုပြီး တင်းကြပ်အောင် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းက ရခိုင်ပြည်နယ်လို ကုန်းလမ်း လမ်းကြောင်း ၂ ခုလောက်သာ ရှိတာမဟုတ်လို့ စစ်တပ်အနေနဲ့ လုံးဝ ပိတ်အောင် လုပ်ဆောင်ဖို့ ခက်ခဲလိမ့်မှာ ဖြစ်ပေမယ့် အခုကန့်သတ်တဲ့ အမိန့်တွေကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်နေပြီး ဖြစ်ပါတယ်။ 

ကချင်ပြည်နယ်ဆီ သယ်ဆောင်တဲ့ လူသုံးကုန်၊ စားသောက်ကုန်၊ လောင်စာ နဲ့ ဆေးဝါးတွေကို စစ်ကိုင်းတိုင်းက ဖြတ်သန်းသယ်ဆောင်ရတာ ဖြစ်ပါတယ်။ မန္တလေး-မြစ်ကြီးနားလမ်းတလျှောက် စစ်တပ်ဘက်က ထိန်းချုပ်ထားတဲ့ လမ်းပိုင်းအချို့ရှိပြီး အများစုကိုတော့ တော်လှန်ရး လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ 

ဒီလို ထိန်းချုပ်ထားစဥ်မှာ ကချင်ပြည်နယ်ဘက် သယ်ဆောင်တဲ့ကုန်ကား၊ လူစီးကားတွေ နဲ့ ကုပစ္စည်းတွေ အပေါ် PDF လက်နက်ကိုင် အဖွဲ့တွေကလည်း အခွန်အကောက် ကောက်ခံသလို အာဏာသိမ်း စစ်တပ်ဘက်က ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတွေမှာလည်း စစ်တပ်က အခွန်အကောက် ကောက်ခံတာ ဖြစ်ပါတယ်။ 

ဒီလို ကုန်စည်ဖြတ်သန်းသယ်ဆောင်မှုတွေအပေါ် လမ်းပြုပြင်ထိန်းသိမ်းစရိတ် မဟုတ်တဲ့ ကုန်စည်တန်ဖိုး၊ ကားအရွယ်အစားအပေါ် မူတည် အခွန်ကောက်ခံနေကြတဲ့ သဘောဖြစ်ပြီး ဒီလိုဝင်ငွေတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ လိုအပ်တဲ့ ရန်ပုံငွေ၊ တိုက်ပွဲတွေမှာ ကုန်ကျတဲ့ လက်နက်ခဲယမ်း စရိတ်တွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ 

 အခုလို စစ်ကိုင်းတိုင်း ကို ဖြတ်သန်းသယ်ဆောင်တဲ့ ကုန်စည်တွေ အပေါ်  အခွန်အကောက် ကောက်ခံတာတွေ နဲ့ ပတ်သက်လို့ မကြာသေးခင်က သတင်းမီဒီယာ တခုမှာ ဖော်ပြထားတဲ့ “တော်လှန်ရေးကို စိတ်ကွက်စေတဲ့ ကွင်းလမ်း” ဆိုတဲ့ သတင်းဆောင်းပါး တပုဒ်မှာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို ဖြတ်သန်းခဲ့ရင် စစ်အုပ်စု အနေနဲ့ အခွန်အကောက်ရမှာမို့ ကွင်းလမ်းက ဖြတ်သန်းဖို့ ကန့်ဘလူ ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ဦးမဲခေါင်နဲ့ ကန့်ဘလူ ပကဖ တာဝန်ခံတို့က ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းမှာ စီစဥ်ခဲ့ကြတဲ့ အကြောင်း ဒီကွင်းလမ်း ၂ ခု အနက်က တခုခုကို သုံးဖို့ ပကဖ နဲ့ ပအဖ တာဝန်ခံတို့က အမိန့်ထုတ်ခဲ့တာကြောင့် ကွင်းလမ်းကို ဖြတ်သန်းကြတဲ့ ကုန်စည်သယ်ဆောင်တဲ့ ကားတွေ အနေနဲ့ မိုင် ၁၀၀ လောက်ပိုဝေးသွားစေပြီး ကွင်းလမ်းတွေက မိုးရာသီမှာ ဗွက်နစ်တဲ့ ဒုက္ခကို ဆိုးဆိုးရွားရွားကြုံကြရသလို နွေရာသီမှာတော့ ဖုန်ထူတဲ့ ဒုက္ခကို ကြုံကြရတယ်လို့ ရေးသားထားပါတယ်။ မိုးရာသီ ဗွက်နစ်တဲ့အခါ ထွန်စက်နဲ့ ဆွဲခ သိန်းဆယ်ဂဏန်းနဲ့ ချီကုန်ကျတာ လမ်းခရီး နှောင့်နှေးတာ ရေ၊ ထမင်း စတာတွေ မတန်တဆစျေးကြီးတဲ့ ဒဏ်တွေကိုပါ ကားသမားနဲ့ ခရီးသွားတွေကြုံတွေ့ကြရတယ်လို့ သတင်းဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။ 

ဒီဖြစ်ရပ်ကတော့ စီမံခန့်ခွဲမှု အလွဲ၊ လူထုကို တော်လှန်ရေးအပေါ်  စိတ်ကွက်အောင် စိတ်ပျက်အောင် မရည်ရွယ်ပဲ လုပ်ဆောင်သလို ဖြစ်စေတယ်လို့ သတင်းဆောင်းပါးက ရေးသားထားတာတွေ့ရပါတယ်။ 

စစ်အုပ်စုက လူထုရဲ့ ဒုက္ခတွေကို ထည့်သွင်းစဥ်းစားခြင်း မရှိဘဲ ပိတ်ဆို့တာတွေ လုပ်ဆောင်သလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လမ်းလွှဲတာ ကောက်သင့်တဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့ ရံပုံငွေပြည့်မှီအောင် ကုန်စည်သယ်ဆောင်မှုတွေဆီက  အခွန်အကောက် ကောက်ခံတာမျိုးတွေက ရှောင်ကျဥ်ရမယ့် အရာတွေလို့ မြင်ပါတယ်။ 

လာမယ့် ကာလတွေမှာ ထိုးစစ်တွေ ခုခံစစ်တွေနဲ့ အတူ နေရပ်က ထပ်မံတိမ်းရှောင်ရတာမျိုးတွေ ၊ ကုန်ပစ္စည်းရှားပါး စျေးမတန်တဆကြီးမြင့်တဲ့ ပြဿနာအခက်အခဲတွေကို ပြည်သူလူထုအနေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရဦးမယ့် အနေအထားတွေ မြင်တွေ့နေရတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar