Breaking News

သတင်းမီဒီယာတွေက ဘယ်လောက်ထိ ဖြစ်ရပ်မှန်၊ အချက်အလက်မှန်၊ တရားမျှတမှုကို ဖော်ပြနိုင်ကြသလဲ

မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၂ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၃၊ ၂၀၂၅

သတင်းမီဒီယာတွေက ဘယ်လောက်ထိ ဖြစ်ရပ်မှန်၊ အချက်အလက်မှန်၊ တရားမျှတမှုကို ဖော်ပြနိုင်ကြသလဲ 

ကချင်လူမျိုးလို့ ယူဆရတဲ့ Jan Khone ခေါ် Naw Hkung ဆိုတဲ့အမည်နဲ့ လေ့လာသူတယောက်က ၄င်းရဲ့ဝက်ဆိုက်မှာ “မြန်မာ့ပဋိပက္ခတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုကို လက်မခံနိုင်ခြင်းနှင့်သတင်းအချက်အလက်၏အခန်းကဏ္ဍ” ခေါင်းစဥ်ဖြင့် မီဒီယာသတင်းအချက်အလက်အကြောင်း လက်ရှိမြန်မာနိုင်ငံရဲ့ စစ်ပွဲ နဲ့ ငြိမ်းချမ်းရေးရှုထောင့်ကနေ သုံးသပ်ချက်တခု ရေးသားထားတာတွေ့ရပါတယ်။ 

ရေးသားသူဟာ ဘယ်သူဘယ်ဝါဆိုတာ သေချာစွာမသိရှိသည့်တိုင် သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုက စဥ်းစားစရာကျိုးကြောင်းဆီလျော်မှု ရှိနေတာကြောင့် အနည်းငယ်မိတ်ဆက်ပေးလိုတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အချို့သောပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးလို့ဆိုလိုက်တာနဲ့ ဘောမ၊ သာကူး၊ ဆိတ်လဇိဆိုပြီးတုံ့ပြန်လာကြတာတွေ့ရကြောင်း နဲ့ အဲလိုဖြစ်ရခြင်းက ဘာကြောင့်လဲလို့ သူ့အနေနဲ့ ပညာရပ်ဆန်ဆန်လေ့လာကြည့်ရာမှာ ကိုယ်အားပေးမယ့်ဘက်က အကြွင်းမဲ့နိုင်မယ်လို့ယုံကြည်တဲ့အတွက်ဖြစ်တယ်လို့ရေးသားထားပါတယ်။ အနိုင်ရလဒ်ကိုလုံးဝရနိုင်တယ်လို့ပြင်းထန်စွာယုံကြည်နေချိန် သရေရလဒ်ကိုလက်ခံဖို့ တိုက်တွန်းခြင်းဟာ အင်မတန်ခါးသီးတဲ့တိုက်တွန်းချက် ဖြစ်တာကြောင့်လို့ သူကဆိုပါတယ်။ ဘာကြောင့် တချို့က နိုင်ငံရေးဆွေးနွေးဖို့တိုက်တွန်းနေပြီးတချို့က နိုင်ငံရေးဆွေးနွေးခြင်းဟာ ဒုက္ခဆင်းရဲမှလွတ်မြောက်ခွင့်ဆုံးရှုံးခြင်းလို့ မြင်နေကြသလဲလို့ မေးခွန်းထွက်ပေါ်လာပြီး အဆိုပါမေးခွန်းရဲ့အဖြေက သတင်းအချက်အလက်တွေ နဲ့သက်ဆိုင်တဲ့ အချက် ၆ ချက်ပေါ် အခြေခံတယ်လို့ သူက ဆိုထားပါတယ်။ 

အဲဒီ ၆ ချက်ကသတင်းအရင်းအမြစ်ရနိုင်မှု အကန့်အသတ်ရှိခြင်း၊ ရလာတဲ့သတင်းအချက်အလက် ကွဲပြားခြင်း၊ သတင်းအပေါ် ရှုမြင်သုံးသပ်မှု နောက်ခံအကြောင်းအရာ ကွဲပြားခြင်း၊ သတင်းအပေါ် ရှုမြင်သုံးသပ်နိုင်သောပညာအရည်အချင်း ကွဲပြားခြင်း၊ ဘက်မလိုက်သတင်းမီဒီယာနှင့်သတင်းသုံးသပ်သူ မရှိခြင်း သို့မဟုတ် အားနည်းခြင်း နဲ့ နောက်ဆုံးတချက်က စစ်ရေးသတင်းတွေမှာ ဝါဒဖြန့်ချိမှုတွေကြောင့် ဆိုရှယ်မီဒီယာအကြောင်းအရာဖုံးအပ်ခြင်းတို့ ဖြစ်တယ်လို့ သူက ကောက်ချက်ချပါတယ်။ 

ပထမဆုံးအချက်ဖြစ်တဲ့ သတင်းရင်းမြစ်ကန့်သတ်ချက်ဆိုတာကိုရှင်းလင်းပြရာမှာ ပြည်သူတွေအနေနဲ့ သူတို့ရွေးချယ်တဲ့ သတင်းရင်းမြစ်တွေပေါ်မှာပဲမှီခိုနေကြတာကြောင့် သတင်းရင်းမြစ် မတူကွဲပြားရင် အခြေအနေပေါ် ရှုမြင်သုံးသပ်ပုံလည်း ကွဲပြားသွားတယ်လို့ သူက ကောက်ချက်ချပါတယ်။ လက်နက်ကိုင်ပဋိပက္ခဒေသတွေမှာ အင်တာနက်ဖြတ်တောက်မှု၊ သတင်းစီးဆင်းမှုကို ကန့်သတ်ခြင်း ကလည်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကိုသိရှိဖို့ ခက်ခဲစေတယ်လို့ သူက ဆိုပါတယ်။ 

စစ်ဖြစ်ပွားလာရင် ပထမဆုံးကျဆုံးတာ အမှန်တရားပဲလို့ ကမ္ဘာမှာ ဆိုရိုးစကားတရပ်ရှိပါတယ်။ စစ် ပွဲတွေဖြစ်ပွားနေစဥ်ကာလမှာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ အဖြစ်အပျက်အချက်အလက် အမှန်ကိုထုတ်ပြန်လိုကြတာမဟုတ်ပါဘူး။ တိုက်ပွဲသတင်းတွေကို လက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်ရာမှာ  တဖက်ရန်သူရဲ့သေဆုံးမှုအရေအတွက်ကိုပိုမိုပြောဆိုလိုကြပြီး မိမိတို့တပ်ဖွဲ့ မိမိတို့ဘက်ကထိခိုက်သေဆုံးမှုတွေကိုတတ်နိုင်သမျှ ဖုံးကွယ်လိုကြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ ရန်သူဘက်ကိုစိတ်ဓာတ်ကျစေဖို့ ရည်ရွယ်သလို မိမိတို့ဘက်ကလည်း ဆုံးရှုံးမှုတွေရှိနေသည့်တိုင် စိတ်အားတက်ကြွနေဖို့ ရည်ရွယ်လုပ်ဆောင်ကြတာ ဖြစ်လို့ ဒီကိစ္စနဲ့ပတ်သက်လာရင် ဘယ်လက်နက်ကိုင် အဖွဲ့မှရိုးရိုးသားသား ထုတ်ပြန်ပြောဆိုကြမှာ မဟုတ်ဘူးဆိုတာက ခါးသီးတဲ့အမှန်တရားတရပ် ဖြစ်ပါတယ်။ 

သူထောက်ပြတဲ့ ဒုတိယအချက်ဖြစ်တဲ့ရရှိလာတဲ့သတင်းအချက်အလက်ကွဲပြားခြင်းကလည်း အမြင်မတူညီမှုကိုဖြစ်စေတယ်လို့ သူက ဆိုပါတယ်။ စစ်ပွဲမှာတိုက်ခိုက်နေကြတဲ့ ဘက် ၂ ဘက်ဟာ ရည် မှန်းချက်၊ စစ်ရေးအောင်မြင်မှုတွေကိုချဲ့ကားပြောဆိုလေ့ရှီပြီး ရန်သူရဲ့ အင်အားနဲ့လုပ်ဆောင်ချက်တွေကိုလျှော့ချပြီး ပြောဆိုလေ့ရှိပါတယ်၊ အဲဒီလိုလွဲမှားစွာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် ပြည်သူတွေအနေနဲ့ အခြေအနေမှန်နဲ့ ဝေးကွာစေပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုမလိုအပ်ဘူးလို့ထင်မြင်စေတယ်လို့ သူက ရေးသားထားပါတယ်။ နောက်တချက်ကတော့ သတင်းအချက်အလက်အပေါ် ဖွင့်ဆိုမှု ကွဲ ပြားခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် စစ်ရေးအရ ရှုံးနိမ့်လို့ဆုတ်ခွာရတာကို အချို့က ဗျူဟာမြောက်ဆုတ်ခွာခြင်းလို့မြင်ကြတာဖြစ်ပါတယ်။ တဖက်ကတော့ ဒါကို ရှုံးနိမ့်ခြင်းလို့ ရှုမြင်ကြမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

နယ်မြေတခုအခြေစိုက်စခန်းတခု မြို့တမြို့ကနေ တပ်တွေဆုတ်ခွာရတာကို ဆန့်ကျင်နေတဲ့အမြင် ၂ မျိုးနဲ့ နားလည်လက်ခံကြတာကို သာဓကအဖြစ်နဲ့ သူက ဖော်ပြထားပါတယ်။ 

တတိယအချက်က ရရှိတဲ့သတင်းအပေါ် ရှုမြင်သုံးသပ်နိုင်တဲ့ နောက်ခံ အကြောင်းအရာ ကွဲပြားတာကြောင့် မတူညီတဲ့ သုံးသပ်ကောက်ချက်ချမှုတွေပေါ်ထွက်လာနိုင်ခြင်းနဲ့ စတုတ္ထ အနေနဲ့ က သတင်းအပေါ် ရှုမြင်သုံးသပ်နိုင်တဲ့ပညာအရည်အချင်းကွဲပြားခြင်းကြောင့် ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို နားမလည်နိုင်ကြတာလို့ သူက ဆိုပါတယ်။ ဒီနေရာမှာ ဝေဖန်ပိုင်းခြားနိုင်စွမ်းမတူကြတာ၊ ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို နားလည်နိုင်စွမ်းမတူကြတာတွေကြောင့်လို့ ခွဲခြမ်းစိတ်ဖြာသူက ဆိုပါတယ်။ 

ပဥ္စမအချက်အနေနဲ့က ဘက်မလိုက်သတင်းမီဒီယာ နဲ့သတင်းသုံးသပ်သူမရှိခြင်း သို့တည်းမဟုတ် အားနည်းခြင်းလို့ သူက ကောက်ချက်ချပါတယ်။ မီဒီယာတွေ မှာ ဝါဒဖြန့်မှုတွေ လွှမ်းမိုးနေတယ်လို့ သူက ကောက်ချက်ချပါတယ်၊ ဝါဒဖြန့်ချိမှုတွေနဲ့ ပြည့်နေတာကလည်း အခြေအနေမှန်ကိုဖုံးအုပ်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လက်မခံနိုင်တဲ့အခြေအနေ ကို ဖြစ်စေတယ်လို့ ရေးထားပါတယ်။ 

ဆိုရှယ်မီဒီယာတွေပေါ်မှာ စစ်ရေးသတင်း ဝါဒဖြန့်ချိမှုတွေကြောင့် အခြားသောအကြောင်းအရာတွေကို ဖုံးကွယ်သွားစေပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လက်မခံနိုင်တဲ့ စိတ်ဓာတ်ကို ပိုမိုအားဖြည့်ပေးတယ်လို့ သူက ရေးသားပါတယ်။ 

အထက်ပါသုံးသပ်ချက်တွေက မြန်မာနိုင်ငံက လက်ရှိဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ နဲ့ ဒီအခြေအနေကနေအဖြေထွက်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ မီဒီယာရဲ့အခန်းကဏ္ဍကို လေ့လာ အကဲဖြတ်ရေးသားချက်တွေ ဖြစ်ပါတယ်။ 

မြန်မာ့သတင်းမီဒီယာနယ်ပယ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အခက်အခဲတွေ အတက်အဆင်းများတဲ့ခရီးလမ်းကိုဖြတ်ကျော်ခဲ့ကြရတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှု၊ ဖြိုခွဲနှိမ်နှင်းမှု၊ ပစ်ခတ်မှု၊ အသက်သေဆုံးမှုတွေ၊ ဖမ်းဆီးမှုနှိပ်စက်မှုတွေကို စစ်အာဏာမသိမ်းခင်က ရှိခဲ့တဲ့အနေအထားအတိုင်းတင်ဆက်ဖို့ကြိုးပမ်းခဲ့ရာမှာ အာဏာသိမ်းစစ်တပ်က ဆန္ဒပြမှုတွေ၊အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့   သတင်းသမားတွေကို ဖမ်းဆီးတာ သတင်းဌာနရုံးခန်းတွေကိုဝင်စီးနင်းပြီး ဖမ်းဆီးတာတွေဖြစ်ပွားရာက သတင်းမီဒီယာအများအပြား ပြည်ပကို တိမ်းရှောင်ကာ လုပ်ကိုင်ကြတဲ့ အခြေအနေကို ရောက်စေခဲ့တာပါ။ 

ဒီလိုအခြေအနေမှာ သတင်းမီဒီယာတွေရဲ့ ကြားနေ ဘက်မလိုက်တဲ့ ရပ်တည်ချက် ဆုံးရှုံးခဲ့ကြတာ ဖြစ်ပါတယ်။ နကိုက Professional ရပ်တည်ချက်ကို ကိုင်စွဲကာ သတင်းတင်ဆက်နေတဲ့ မီဒီယာ အချို့သည်ပင်လျင် တော်လှန်ရေး မီဒီယာအဖြစ်ကို ပြောင်းလဲခဲ့ကြတာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖော်ပြရာမှာ ဘယ်လောက် ကြမ်းတမ်းတဲ့ အသုံးအနှုန်း ဖြစ်စေ သုံးတာ မှန်တယ်လို့ ယူဆကာ အချက်အလက်တွေ မှန်ကန်ဖို့ထက် ရပ်တည်မှုဘက် မှန်ကန်ဖို့က အဓိက ဆိုတဲ့ အယူအဆကို ကိုင်စွဲခဲ့ကြတာ ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ၊ မြေအောက်လှုပ်ရှားသူတွေ၊ မြို့ပေါ်ပြောက်ကျားအင်အားစုတွေရဲ့ ပြောဆိုမှုတွေ၊ အသုံးအနှုန်းတွေမှာ လူသားမဆန်တဲ့အသုံးအနှုန်းတွေ ပါရှိတာ၊ သို့မဟုတ် သတင်းရေးသားသူကိုယ်၌က တမင်တကာ သုံးနှုန်းတာတွေလည်း အဆိုပါကာလတွေမှာ အများအပြားတွေ့ခဲ့ကြရပါလိမ့်မယ်။ 

ဒီလို Professional ဆန်ဆန်တင်ဆက်ဖော်ပြမယ့်လမ်းကြောင်းကနေ လွဲချော်အောင် စစ်အာဏာသိမ်းမှု အခြေအနေကတွန်းအားပေးခဲ့တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ သို့ပေမယ့် အချိန်ကာလတခု ရောက်တဲ့အခါ မြန်မာ့မီဒီယာတွေရဲ့အနေအထားကို ပြန်လည်သုံးသပ်ကြဖို့ လိုအပ်လာတာအမှန်ပဲ ဖြစ်ပါတယ်။ 

သတင်းမီဒီယာတွေအဖြစ်မှန်ကို ဘယ်လောက်တင်ဆက်နိုင်ကြသလဲ၊ သတင်းမီဒီယာက ဘယ်လောက်ထိ လွတ်လပ်မှုရှိသလဲ၊ အများပြည်သူရဲ့ အမြင်၊ ခံစားချက်တွေကို ဘယ်လောက်ထိကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်နိုင်သလဲဆိုတာတွေကို သတင်းမီဒီယာတွေ ကိုယ်တိုင်ကပြန်လည် သုံးသပ်ကြည့်ကြဖို့လိုအပ်လာနေပြီ ဖြစ်ပါတယ်။ မိမိတို့ ဖြစ်စေချင်တဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ သတင်းအချက် အလက်တွေကိုသာရွေးချယ်စုဆောင်းပြီး ဆိုရှယ်မီဒီယာပလက်ဖောင်းကရမယ့်ဝင်ငွေကို သတင်း ဌာနတွေမျှော်လင့်ပြီး ပရိသတ် လက်ခုပ်သံရမယ့် ခေါင်းစဥ်မျိုးအချက်အလက်မျိုး ရှုထောင့်မျိုးနဲ့ တင်ဆက်နေကြရင်ဖြင့်အဖြစ်အပျက်တွေက လက်တွေ့ဘဝက အခြေအနေတွေနဲ့ ကြာလေ ပိုဝေးလေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

လုံးဝဘက်မလိုက်သော၊ တိကျမှန်ကန်သော၊ အများပြည်သူအကျိုးကိုသာလျှင် ပထမဦးထိပ်ထားသောသတင်းမီဒီယာတွေ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာလည်း ရှားပါးလာနေတာ သေချာလေ့လာ ကြည့်တဲ့အခါ တွေ့လာရပါတယ်။ 

ကမ္ဘာမှာ သတင်းတင်ပြပုံ အရည်အသွေး ထိပ်တန်းကျတယ်ဆိုတဲ့ သတင်းဌာနတွေ သည်ပင်လျင် ပိုင်ဆိုင်မှုအရ သတင်းဌာနကို ဦးဆောင်သူတွေရဲ့ ဖုံးကွယ်ထားတဲ့ အကျိုးစီးပွားတွေအရ ပေါ်လစီပုံသွင်းခံနေကြရတာ ဖြစ်ပါတယ်။ ယခုနှစ်ပိုင်းတွေမှာ ပါလစ္စတိုင်းဂါဇာကမ်းမြောင်မှာဖြစ်ပွားနေတဲ့ သတ်ဖြတ်မှုတွေ၊ လက်နက်နဲ့ အငတ်ဘေးကျအောင် ပိတ်ဆို့မှုနဲ့ အရပ်သားသေဆုံးမှုတွေကို လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန်ကပညာရှင်တွေ နိုင်ငံတကာအတိုင်းအတာနဲ့ အသိ အမှတ်ပြုခံထားရတဲ့သူတွေက လူမျိုးတုန်းသတ်ဖြတ်မှုပါလို့ဆိုသည့်တိုင် အဆိုပါသတင်းဌာနတွေက လူမျိုးတုန်းသတ်ဖြတ်မှုစကားလုံးကိုမသုံးစွဲဖို့ အယ်ဒီတာမူဝါဒချမှတ်ထားတဲ့အကြောင်း ဖတ်ရှုလေ့လာရပါတယ်။ 

ဒီလိုအဖြစ်အပျက်တွေအခြေအနေတွေက ဘက်မလိုက်မှု၊ မျှတစွာ တင်ဆက်မှု၊ အများပြည်သူ အကျိုးကိုသာ သစ္စာခံ ဦးထိပ်ထားတယ်ဆိုတဲ့ လွတ်လပ်တယ်ဆိုတဲ့ သတင်းမီဒီယာတွေရဲ့ တိမ်းစောင်းနိုင်ခြေတွေကို အစဥ်သတိပြုဖို့ သတိပေးလိုက်သလို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် - စာရေးသူဆိုချင်တာတွေထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုတာဟာ အနာဂတ်အတွက်မရှိမဖြစ်လိုအပ်သည့် နိုင်ငံရေးဖြေရှင်းနည်းတစ်ခုဖြစ်တယ်ဆိုတာက တချက်၊ အမြင်ကွဲပြားတဲ့ ပြည်သူတွေကြားမှာ အဲသည်အချက်ကို နားလည်မှု၊ လက်ခံမှုတွေ တည်ဆောက်ကြဖို့ အရေးကြီးတယ်ဆိုတာက တချက်ကို ထောက်ပြထားတာ တွေ့ရပါတယ်။

-

Join Us @ MoeMaKa Telegram

t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar