ခေါင်းကြီး - အရေးပေါ် အချက်ပေးခေါင်းလောင်းသံ
ခေါင်းကြီး - အရေးပေါ် အချက်ပေးခေါင်းလောင်းသံ
မိုးမခ ၊ ဩဂုတ် ၃ ၊ ၂၀၂၅
*ကမ္ဘာမြေတစ်ဝန်းလုံး ပဋိပက္ခတွေ မီးဟုန်းဟုန်းထ...
ကြီးနိုင်ငယ်ညှဉ်းဝါဒနဲ့ မှောင်ညစ်လှတဲ့ မတရားမှုများ...
ပြန်လည်ခေါင်းထောင်ထ ကြီးထွားလာနေတဲ့ကာလမှာ...
ပထဝီနိုင်ငံရေးအခြေအနေအရပ်ရပ်ကို...
မျက်ခြည်မပြတ် ဆက်စပ်တွေးတောပြီး...
စောကြောသုံးသပ်ကြည့်ကြမယ်ဆိုရင်...။
*ငါတို့ရဲ့ပြည်မြန်မာဟာ...
အသူတစ်ရာနက်လှတဲ့ ချောက်ကမ်းပါးရဲ့အထက်မှာ...
နှစ်ဘက်ချိတ်ဆက်သွယ်တန်းထားတဲ့ ကြိုးတန်းပေါ်ကိုရောက်...
ရင်တထိတ်ထိတ်နဲ့ လမ်းလျှောက်သွားနေရသလို ဖြစ်နေတဲ့...
အလွန်ကြောက်စရာအနေအထား ဆိုတာကို...
မျက်မှောက်ခံစားနေရတဲ့ နေ့ညများစွာ အဖြစ်သနစ်တွေနဲ့...
ပေါ်ပေါက်ထင်ရှားလာနေတဲ့ အချိုးအကွေ့အသစ်တွေကို ကြည့်ပြီး...
မြင်တွေ့ဆန်းစစ်နိုင်ကြပါလိမ့်မယ်...။
*ခြေလှမ်းတစ်ချက်မှားသွားတာနဲ့...
ချောက်ကမ်းပါးနက်ကြီးထဲကို ကားခနဲကျ...
ငရဲလားရသလို ဘဝတွေ အလုံးစုံပျက်သုဉ်း...
ကျရှုံးတိုင်းပြည်အဖြစ်...
နောင်နှစ်ပေါင်းများစွာကြာသည်အထိ...
ဒီကမ္ဘာမှာ ပကတိ တူတူတန်တန်...
နာလန်ထူပြန်ထလာနိုင်စရာ ဘယ်လိုမှမရှိနိုင်လောက်တဲ့...
ရာသက်ပန် စစ်ကျွန်သပေါက်ဘဝကို...
မုချရောက်သွားနိုင်ခြေရှိတာမို့...
အသေအချာ စဉ်းစားဆုံးဖြတ်ကြရမှာကတော့...
ဒီခေတ်ကာလ ဒီနိုင်ငံမှာ လူလာဖြစ်ကြပြီး...
ကံကြမ္မာဆိုးချက်တွေကြားမှာပဲ အားခဲခေါင်းထောင်နေရရှာတဲ့...
ငါတို့မျိုးဆက်တွေအားလုံးရဲ့ မလွှဲမရှောင်သာ...
မဟာသမိုင်းပေးတာဝန်ပါပဲ...။
*ဆရာ ဗန်းမော်တင်အောင်ရဲ့စကားကို...
စံနမူနာထားပြီး ပြောရမယ်ဆိုရင်...
"ငါတို့ဖြတ်သန်းရင်ဆိုင်နေရတဲ့ခေတ်က...
ငါတို့ရဲ့ပခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်တွေကို...
ငါတို့တတ်နိုင်သမျှ ကျေပွန်စွာထမ်းဆောင်ပြီး...
ငါတို့ရဲ့ဘဝတန်ဖိုးကို ပြသနိုင်ဖို့အတွက်"...။
*လှိုင်းကြီးလေထန် မုန်တိုင်းဒဏ်ခံနေရတဲ့ ဒီနိုင်ငံမှာ...
စစ်မှန်အားကောင်းတဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့...
ပြည်ထောင်စုသား ညီနောင်သွေးချင်းများအားလုံး...
ဘာမထီတဲ့ အာဇာနည်သတ္တိအားမာန်တွေ...
စည်းလုံးညီညွတ်တဲ့ ကြိုးစားအားထုတ်မှုတွေ...
မဆုတ်မနစ်တဲ့ ဇွဲလုံ့လဝီရိယတွေနဲ့အတူ...
အသေအကျေ မနားမနေ ဝိုင်းဝန်းလို့...
တွန်းအားပေး ရှေ့ဆက်သွားနေကြရတော့မဲ့အချိန်မှာ...။
*မှန်ကန်ကောင်းမွန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့လူတွေ...
မြင့်မြတ်အထက်တန်းကျတဲ့ ခံယူချက်နဲ့လူတွေ...
ပြင်းပြခိုင်မာတဲ့ ယုံကြည်ချက်နဲ့လူတွေ...
အမြော်အမြင်ကြီးမား နိုးကြားတက်ကြွတဲ့လူတွေ...
ဆင်ခြင်တုံတရားနဲ့ ဉာဏ်ပညာမြင့်မားတဲ့လူတွေ...
စာနာခံစားတတ်တဲ့ နှလုံးသားအလှနဲ့လူတွေ...
ကိုယ်ကျိုးစွန့်လွှတ် နောက်မတွန့်တတ်တဲ့လူတွေ...
ဖြူစင်ဖြောင့်မတ်ပြီး စေတနာမှန်တဲ့လူတွေ...
သတိတရားရှိပြီး တာဝန်သိတတ်တဲ့လူတွေ...
မလွဲမသွေ မဖြစ်မနေ လိုအပ်နေတာမို့...
အဲဒီလိုနိုင်ငံကြီးသားတွေ အင်အားအပြည့်အဝနဲ့...
ပို၍ပို၍ များပြားလာရမဲ့အစား...။
*အချိန်နဲ့အမျှ တဖြည်းဖြည်း ဆူပွက်လာတော့မဲ့...
ဒယ်အိုးခွက်ကြီးထဲက ရေနွေးပူတွေကြားမှာ...
မိုးမမြင်လေမမြင် တရုန်းရုန်းပျော်ပါးနေကြပြီး...
ရုန်းထွက်ဖို့လည်း ဘယ်တော့မှမကြိုးစားကြ...
ဘာဆိုဘာမှ မသိနားမလည်နိုင်ကြရှာတဲ့...
သနားစရာ ဖားသူငယ်တွေအလား...။
*ဟေးလားဝါးလားနဲ့ ယောင်ဝါးဝါးလုပ်နေတဲ့ လူ့ငနွားတွေ...
မစားရဝခမန်း လေဖမ်းဒါန်းစီး စကားလုံးကြီးထွားတဲ့ လူ့ငကြွားတွေ...
ဝါးလုံးခေါင်းထဲမှာပဲလသာ အများတကာမသုံးတဲ့ လူ့ငတုံးတွေ...
ရေစုန်မှာလှေကြုံလိုက် နှိုက်စားတတ်တဲ့ အချောင်သမား လူညံ့တွေ...
အချင်းချင်းခြေထိုး ကျိုးသွားအောင်တက်နင်းမဲ့ ဖျက်မြင်းလိုလူဖျင်းတွေ...
ပုစွန်ဦးနှောက်နဲ့ အလွန်ကြောက်တတ်လှတဲ့ လူအလူနတွေ...
ခြံစည်းရိုးခွထိုင် မလိုင်စားနေတဲ့ ကြားနေရေးသမား လူလည်တွေ...
ကိုယ့်ဘက်ပဲကိုယ်ယက်သွားတတ်တဲ့ တစ်ဘို့တည်းသမား လိပ်လိုလူနပ်တွေ...
အဖြောင့်မလိုက် ဘေးတိုက်ပဲခြေလှမ်းတတ်တဲ့ ကဏန်းလိုလူကပ်တွေ...
ဘယ်သူသေသေ ငတေမာပြီးရော လောဘဇောတိုက် လူမိုက်တွေ...
ကြောင်သူတော်ကြွက်သူခိုး မျက်နှာဖုံးအမျိုးမျိုးနဲ့ လူဆိုးတွေ...
ဘာသာတရားကိုဗန်းပြ လှည့်စားကလိမ်ကျတတ်တဲ့ လူလိမ်တွေ...
ဘယ်သူ့ကိုမှမထောက်ထား ရသမျှဟောက်စားတတ်တဲ့ လူကောက်တွေ....
သိုးအရေကိုခြုံထား ဝံပုလွေလိုဉာဏ်များတဲ့ အောက်တန်းစားလူယုတ်မာတွေ...
မျက်နှာကြီးရာဟင်းဖတ်ပါ ညာဝါးတတ်တဲ့ တစ်နပ်စား ကြောင်ဖားတွေ...
အလျော်အစားနဲ့ ပျော်ပါးတတ်တဲ့ အကြံသမား စားဖားကြီးတွေ...
ပြောသမျှ ခေါင်းညိတ် တိတ်တဆိတ်အရောင်ပြောင်းချင်တဲ့ ပုတ်သင်ညိုလိုလူစားတွေ...
သာမဲ့ဘက်ကို ခုန်ကူး မျောက်တွေလို ပျော်မြူးတတ်တဲ့ သာကူးသမားတွေ...
တစ်ခါမှ အနာမခံဖူးတဲ့ အခွင့်ထူးခံစား ရေပေါ်ဆီလူတန်းစားတွေ...။
*စသည်အားဖြင့် အမျိုးအမည်များလှစွာသော...
လူ့ဗာလအမျိုးအစား လူအညံ့စားတွေသာပိုများ...
တစ်နေ့တခြား ဆပွားတိုးလာပြီး...
အနာဂတ်မျိုးဆက်သစ်များအတွက် ဧကန်အလေးမထား...
ပစ္စုပ္ပန်မှာ ပုံမှန်ဖြစ်ပျက်နေသလိုပဲ ခံစားသဘောထားကာ...
သာသာယာယာ နေသားကျလာကြပြီ ဆိုရင်တော့ဖြင့်...။
*ဆက်မတွေးဝံ့တော့လောက်အောင်...
အဓွန့်ရှည်တည်တံ့ ပေါ်ပေါက်လာတော့မဲ့...
ငါတို့ရဲ့ မြန်မာရွှေပြည်ကြီးကို...
မှန်းဆပြီး မြင်ယောင်နေမိရင်းနဲ့...
သက်ပြင်းရှည်တွေ လေးပင်စွာ အခါခါချ...
ဇောချွေးတွေ တွင်တွင်ပြန်ကာ အသက်ရှူမဝဘဲ...
"ပြည်သူတွေဟာ မိမိတို့နဲ့ထိုက်တန်တဲ့...
အစိုးရမျိုးကိုသာ ရရှိတတ်တယ်" ဆိုတဲ့စကား...
နားထဲမှာ ဘယ်လိုပဲ ခါးလှတယ်ဆိုဦးတော့...
မကြားချင်ပဲကြား မမြင်ချင်လည်းမြင်ရတော့မဲ့ အခြေအနေမို့...
"သေသော်မှတည့် ဪ..ကောင်း၏" လို့...
စိတ်မကောင်းခြင်းများစွာနဲ့ ရင်မောနေရင်း...
မပြောချင်ပေမဲ့လည်း ငါပြောရတော့မှာပါလားဟရို့...။