Breaking News

၂၀၁၀ နဲ့ မတူတဲ့ ၂၀၂၅ ရွေးကောက်ပွဲ ရွေးကောက်ပွဲ အခင်းအကျင်းရဲ့ အစ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၃၁ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၅


၂၀၁၀ နဲ့ မတူတဲ့ ၂၀၂၅ ရွေးကောက်ပွဲ ရွေးကောက်ပွဲ အခင်းအကျင်းရဲ့ အစ 

စစ်အာဏာသိမ်းပြီး ၄ နှစ်ခွဲတိတိအကြာမှာ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ လို့ အမည်ပေးဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ကို တာဝန်ပြီးဆုံးကြောင်း ကြေညာပြီး ကာလုံလို့ အတိုကောက် ခေါ်ဆိုကြတဲ့ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ကို အာဏာပြန်လွှဲအပ်ပြီး လက်ရှိ အစိုးရအဖွဲ့ဝင် ၉၀ ရာနှုန်းပါဝင်တဲ့ အမည်ပြောင်းလိုက်တဲ့ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုတပ်ချုပ် ပါဝင်တဲ့သူတွေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် အမည်နဲ့ အဖွဲ့အစည်းသစ်ကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၃၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 

အခုလို မည်ကာမတ္တ အစိုးရအဖွဲ့သစ် ဖွဲ့စည်းခြင်း၊ အရင်မရှိခဲ့ဖူးတဲ့ ကော်မရှင်တရပ် ဖွဲ့စည်းခြင်း ဝန်ကြီးအရေအတွက် အနည်းငယ်မျှ ပြောင်းလဲတာဝန်ပေးခြင်းတွေက နှစ်ကုန်မှာကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် လိုအပ်လို့ လုပ်ဆောင်ရတဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတရပ်သာဖြစ်ပြီး စီမံခန့်ခွဲခွင့်အာဏာအားလုံးကို စစ်တပ်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်ထဲမှာပဲ ဆုပ်ကိုင်ထားတာ ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပေမယ့် ၂၀၀၈ အခြေခဥပဒေအတိုင်း ဒုသမ္မတ ရှိနေသေးတယ်လို့ ဆိုပြီး ၂ နှစ်ဝန်းကျင် ရုပ်ပြ ယာယီသမ္မတ ဦးမြင့်ဆွေနဲ့ NLD လက်ထက် ဒုသမ္မတတို့ကို ထားခဲ့ရာက နောက်ပိုင်းမှာ ဒုသမ္မတကိုလည်း အနားပေးလိုက်ကာ ယာယီသမ္မတ တာဝန်ကို အာဏာသိမ်း စစ်ခေါင်းဆောင်ကပဲ လွှဲယူခဲ့တာဖြစ်လို့ အခုလို လုပ်ထုံးလုပ်နည်းဆိုင်ရာ တာဝန်လွှဲပြောင်းပေးရာမှာတောင် မင်းအောင်လှိုင်နာမည် က နေရာ ၃ နေရာလောက်မှာ ပါဝင်ပြီး နိုင်ငံရေး မျက်လှည့်ပွဲ တခုသဖွယ် ဖြစ်နေတာ တွေ့ရမှာပါ။ 

ယာယီသမ္မတ တာဝန်လည်း မင်းအောင်လှိုင် ယူထားသလို အာဏာ ၃ ရပ်ကို ကျင့်သုံးမယ်ဆိုတဲ့ ကာ/လုံ မှာလည်း စစ်တပ်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အနေနဲ့ မင်းအောင်လှိုင်ပါဝင်နေပြီး စစ်တပ်ရဲ့ တပ်ချုပ် ဆိုတဲ့ ရာထူးကိုဆက်လက် ရယူထားဆဲ အပြင် နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေး ကော်မရှင် ( အတိုကောက်အားဖြင့် ခေါ်မယ်ဆို “နလအ”) မှာလည်း ဥက္ကဋ္ဌအဖြစ် ထပ်ပြီး တာဝန်ယူထားပြန်တာ တွေ့ရမှာ ဖြစ်ပါတယ်။ 

လွှဲအပ်ပေးသူလည်း သူ၊ လက်ခံသူလည်း သူ တဦးတည်းပဲ ဖြစ်နေတာကို ကြည့်ရင် စစ်တပ်ကို တဦးထည်းရဲ့ အမိန့် ဆုံးဖြတ်ချက်နဲ့ ဦးဆောင်နေတာ ထင်ရှားပြီး အခြား သူ့နဲ့ လုပ်သက် အတွေ့အကြုံမတိမ်းမယိမ်း ရှိတဲ့  စစ်ဗိုလ်ချုပ်တွေကို စိတ်ချယုံကြည်မှုမရှိတာ ထင်ရှားပေါ်လွင်နေတယ် လို့ ကောက်ချက်ချနိုင်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲပြန်လုပ်ပေးမယ် ဆိုတဲ့ မက်လုံးပေးတဲ့ ပြောစကားကို ပြောခဲ့ပေမယ့် အခုလို နိုင်ငံရဲ့ နယ်မြေ ၆၀/၇၀ ရာနှုန်းလောက် ကို စိုးမိုးထိန်းချုပ်ခြင်း မရှိတော့တဲ့ အချိန်မတိုင်ခင် ကာလတွေမှာတောင် ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်တာ မရှိခဲ့ပါဘူး။ ၂၀၂၀ ရဲ့ မဲစာရင်းပြန်စစ်ဆေးတာတွေ ရွေးကောက်ပွဲ မဲမသမာမှုတွေ နဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးပြီးတဲ့အခါ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုခဲ့ပေမယ့် ၆ လတကြိမ် တနှစ်တကြိမ်စသဖြင့် အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ရာက အခုလို ၄ နှစ်ခွဲထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးနဲ့ နယ်မြေတွေ လျင်မြန်စွာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နောက် ပြည်ပနိုင်ငံတွေရဲ့ လက်နက်၊ ငွေကြေး၊ နည်းပညာ အကူအညီတွေ ရရှိဖို့ သံတမန်ရေးအရ ထောက်ခံမှုရရှိဖို့ အတွက် ရွေးကောက်ပွဲ လုပ်မယ့် အချိန်ဇယားကို သတ်မှတ်ခဲ့ရတာလို့ ကောက်ချက်ချ နိုင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ကတိပေး အချိန်သတ်မှတ်လိုက်ရခြင်းရဲ့ အဓိကဖိအားက တရုတ်နိုင်ငံထံက လာတယ်လို့ ယူဆရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့အသီးသီးက နယ်မြေခွဲဝေ အုပ်ချုပ်ကြမယ့် အဖြစ်မျိုး ဖြစ်နိုင်ခြေ ရှိနေတယ်လို့ အကဲဖြတ်ထားပုံရပြီး စစ်တပ်ကို ဗဟိုအစိုးရအနေနဲ့ ထိန်းချုပ်ဖို့ လမ်းကြောင်းနဲ့ ရွေးကောက်ပွဲ တရပ်ကျင်းပပြီး လက်ရှိ အကြပ်အတည်းက ထွက်ပေါက်ရဖို့ ရည်ရွယ် ဖိအားပေးတယ်လို့ ယူဆရပါတယ်။ 

ဒီအခြေအနေတွေက အခုလို ၂၀၂၅ အကုန်နဲ့ ၂၀၂၆ ခုနှစ်စမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာရတဲ့ အထိရောက်လာရတယ် လို့ ယူဆပါတယ်။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၁၉၉၀ ရွေးကောက်ပွဲကျင်းပခဲ့ပေမယ့် အခြေခံ ဥပဒေမရှိသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆယ်စုနှစ်  ၂ ခုကျော်ထိ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က နိုင်ငံ့အာဏာကို ရယူထားခဲ့တာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း နှိုင်းယှဥ်စရာ ဖြစ်ရပ် တခုအဖြစ်နဲ့ ထည့်သွင်းစဥ်းစားမှာ အသေအချာပါ။ 

သို့ပေမယ့်  ၂၀၂၁ နောက်ပိုင်း အခြေအနေက အရင် ၁၉၈၈ နောက်ပိုင်း အခြေအနေမျိုး မဟုတ်တာကိုလည်း လက်တွေ့ ဖြစ်ရပ်တွေအရ နားလည်လာရတဲ့ သဘောဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ၁၉၉၀ ကနေ အမျိုးသားညီလာခံကို ဆယ်စုနှစ် တခုကျော်ကြာသည်အထိ မပြီးဆုံးနိုင်လောက်အောင် ကျင်းပခဲ့ပေမယ့် အဲဒီခေတ်ကာလက လက်နက်ကိုင် တော်လှန်ရေး အုံနဲ့ကျင်းနဲ့ ပေါ်ပေါက်မလာခဲ့ပဲ အင်အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း ဖွံ့ဖြိုးရေး လုပ်ဖို့ စီးပွားရေး လုပ်ပိုင်ခွင့်တွေ အထူးဒေသတွေ သတ်မှတ်ကာ စည်းရုံးသိမ်းသွင်းနိုင်ခဲ့တာကြောင့် သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရအနေနဲ့ ဆယ်စု နှစ် ၂ ခုနီးပါးအထိ အချိန်ဆွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဗားရှင်းက ၁၉၉၀ နဲ့  ၂၀၀၀ ခုနှစ်တွေလို မဟုတ်တော့ပဲ အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်မယ့် လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စုစည်းလုပ်ဆောင်ဖို့ ပလက်ဖောင်းတွေ ပေါ်ထွက်လာတာ၊ NUG နဲ့ PDF လက်နက်ကိုင် အဖွဲ့တွေ ပေါ်ထွက်လာခြင်းက မင်းအောင်လှိုင် စစ်ကောင်စီအဖို့ ဆယ်စုနှစ်နဲ့ ချီ အချိန်ဆွဲလို့ မရနိုင်မှန်း သဘောပေါက်ခဲ့တာ ဖြစ်ပါတယ်။ 

မင်းအောင်လှိုင် အနေနဲ့ အာဏာဆက်လက် ချုပ်ကိုင်ထားနိုင်ဖို့ စဥ်းစားရာမှာ ရွေးကောက်ပွဲကျင်းပပြီး ၂၀၁၀ ခုနှစ်တုန်းကလို အခင်းအကျင်းနဲ့ စစ်တပ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ အာဏာရဖို့ လုပ်ပြီး သမ္မတအဖြစ် တာဝန်ယူဖို့ ရည်ရွယ်ထားလိမ့်မယ်လို့ မှန်းဆရပါတယ်။ သို့ပေမယ့် ၂၀၁၀ တုန်းက တိုင်းပြည်ရဲ့ အခြေအနေ နဲ့ အခု ၂၀၂၅ ခုနှစ် တိုင်းပြည်အခြေအနေကလည်း လုံးဝမတူခြားနားတာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ရဲ့ စစ်ရေးအခြေအနေက ၁၉၄၉-၁၉၅၀ ခုနှစ်တွေ အခြေအနေမျိုးနဲ့ စစ်တပ်အပေါ် လူထုရဲ့  မုန်းတီးမှုတွေက ၂၀၂၅ မှာ ၂၀၁၀ ထက် အဆများစွာ ပြင်းထန်တဲ့ အနေအထားမျိုး နှစ်ခုကို ပေါင်းစပ်ထားတဲ့ အနေအထားလို့ ဆိုရင် မမှားပါဘူး။ 

မင်းအောင်လှိုင်အနေနဲ့ ရထားတဲ့ အခွင့်အရေးတရပ်က ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ အမေရိကန်၊ အနောက်ဥရောပ နိုင်ငံတွေ အနေနဲ့ ရုရှား-ယူကရိန်းစစ်ပွဲ နွံထဲမှာ သံတမန်ရေးအရ ၊ စစ်ရေးအရ အကြပ်အတည်းကြုံနေကြရချိန်၊ အရှေ့အလယ်ပိုင်းမှာ အစ္စရေးလ်ရဲ့ ဂါဇာဒေသ လူမျိုးတုန်းသတ်ဖြတ်မှုတွေမှာ ပူးပေါင်းကူညီတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့ ပါဝင်ပတ်သက်နေကြရချိန်မှာ အရှေ့တောင် အာရှက မြန်မာ့အကျပ်အတည်းကို စိတ်ဝင်တစား မရှိနေကြတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာမှာ စစ်ရေးရော စီးပွားရေးပါ အမေရိကန် နဲ့ အပြိုင်ဖြစ်လာတဲ့ ဆူပါပါဝါ တရုတ်နိုင်ငံကသာ မြန်မာ့အရေးကို စိတ်ဝင်စားနိုင်တဲ့ အခြေအနေမှာ မြန်မာ့အရေးမှာ တရုတ်နိုင်ငံသည်သာ တခုတည်းသော ပါဝင်စွက်ဖက်နေတဲ့ အင်အားကြီး နိုင်ငံဖြစ်နေတာပါ။ 

ရွေးကောက်ပွဲ အလွန် အာဏာဆက်လက်ရယူဖို့ မဟာဗျူဟာချမှတ်ပြီး နာမည်အသစ်တွေ ကော်မရှင် အသစ်တွေ၊ ရာထူးအသစ်တွေ ဖန်တီးကာ နိုင်ငံရေးမျက်လှည့်ပြတဲ့ မျက်လှည့်ဆရာ မင်းအောင်လှိုင် အနေနဲ့ ဒီလိုအခင်းအကျင်းမှာ ဘယ်လောက်မြန်မာလူထုနဲ့ နိုင်ငံတကာကို လှည့်စားနိုင်မလဲဆိုတာ နောက်လာမယ့် ၆ လ တနှစ်အတွင်း အဖြေပေါ်ထွက်လာလိမ့်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar