Breaking News

စံ ညိမ်း ဦး - ကဗျာ၃ပုဒ်၊ အလောင်း ၃ လောင်း၊ စျာပန ၃ ခု

ကဗျာ၃ပုဒ်၊ အလောင်း ၃ လောင်း၊ စျာပန ၃ ခု
စံ ညိမ်း ဦး
(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၅



၁။


ဗားတော့ဗရက် ( ၁၈၉၈ - ၁၉၅၆ ) ရဲ့ အနာဂတ်အတွက်ကဗျာစာအုပ်က တင်မောင်အေး ဘာသာပြန်တယ်။ ကဗျာဆရာတင်မိုး ( ၁၉၃၃-၂၀၀၇)အမှာရေးတယ်။ ၁၉၇၀ ကာလများအနှစ်သာရဖြစ်တယ်။ ဒီစာအုပ်က မတရားဖိနှိပ်အုပ်ချုပ်မှုကို မခံချင်တဲ့ ဗမာပြည်က လူ ငယ်တိုင်းလိုလို၊ကဗျာဝါသနာရှင်နဲ့ကဗျာ ဆရာတိုင်းလိုလို လက်စွဲဖြစ်ခဲ့တယ်။
တပုဒ်ချင်းတိုင်းကလည်း ကိုယ့်ကိုယ်စား ပြောပေးနေသလိုဖြစ်တာမို့ ကြိုက်ကြတယ်။ မဆလခေတ်ထဲထွက်တာဆိုပေမယ့် ပေါ်တင်ကြီး ဖတ်ဖို့စွန့်စားရသလိုဖြစ်တယ်။ ကျနော်စဖတ်ဖူးတာတော့ ကျနော့်ဆရာ ကဗျာဆရာအုန်းမြင့်လှိုင် ( ၁၉၄၁ - ၂၀၁၃) ဆီကဖြစ်တယ်။ ဗလာ စာအုပ်မှာကူးယူခဲ့ပြီး မကြာခဏဖတ်ရတယ်။ အကုန်ကြိုက်တော့ ဘယ်အပုဒ်က ပိုမိုက်တယ်လို့ ပြောဖို့ခက်တယ်။
မဖြစ်မနေ အကြွေဆုံးပြောဗျာဆိုရင် စာအုပ်ခေါင်းစဥ်ပေးထားတဲ့ အနာဂတ်အတွက်ကဗျာနဲ့ ကလေးတွေအမေပျောက်စဥ်က ကဗျာ ၂ ပုဒ်ကတော့ ကျနော်ပြန်ပြန်ဖတ်မိတာတွေပဲ။ ဒီကဗျာစာအုပ်က ကျနော်တို့ရှေ့ကမျိုးဆက်များလည်း စွဲငြိသလို၊ ကျနော်တို့လက်ထက်ရောက်တော့လည်း နိုင်ငံရေးအံတုမှု စိတ်အခံရှိသူတိုင်းအတွက် သမ္မာ ကျမ်းစာအုပ်လိုဖြစ်ခဲ့တယ်။ တုပရေးကြရတဲ့ ကဗျာတွေလည်းဖြစ်တယ်။
ခုပြောချင်တာ အဲ့ကဗျာတွေ ချီမွမ်းခန်းမဟုတ်ဘူး။ အထင်ကရ အပျံစား၊ မိုက်ပြီးသားတွေကို ကိုယ်က အာချောင်ပြီး ရွှေဖလားကိုငွေနားကွပ်သလိုလျှောက်ဖြီးနေစရာမရှိဘူး။ မြင်းထိန်းငတာလုပ်ဖို့မရှိဘူး။ အဲ့စာအုပ်ထဲက ''ဆူပူလှုံ့ဆော်ရေးသမားရဲ့စျာပန'' ကဗျာကို ပြောချင်တာ။
စာစုခေါင်းစဥ် တပ်ထားတဲ့အတိုင်း '' ကဗျာ ၃ ပုဒ်၊ အလောင်း ၃ လောင်း၊ စျာပန ၃ ခု ''ထဲက ပထမတလောင်း၊ ပထမစျာပနကို ပြောချင်တာ။ ပထမအလောင်းက ဆူပူလှုံ့ဆော်ရေးသမားတဦးရဲ့အလောင်းဖြစ်တယ်။ စျာပနဖြစ်တယ်။


"ဆူပူလှုံ့ဆော်ရေးသမားရဲ့ စျာပန''
=================================
ကြည့်စမ်း၊ ဟောသည် “ခေါင်း”ထဲမှာ
လူသေတလောင်း ရှိတယ်
ဆူပူလှုံ့ဆော်ရေးသမားပေမို့
အလကားကောင်တကောင်လို့ပဲ
ဆိုကြပါစို့။
သူ့ကြောင့် ဆိုးဆိုးဝါးဝါးအဖြစ်တွေ
ပင်လယ်ဝေခဲ့တယ်၊ သူ့ကို မြေကြီးထဲမြှုပ်မယ်
သူ့သင်္ချိုင်းကိုသွားတဲ့ စျာပနမှာ ပို့တဲ့သူကတော့
စုစုပေါင်းမှ သူ့မိန်းမတည်းဟူသော
၎င်းတယောက် ပေါင်းတယောက်၊
သူ့ကိုလိုက်ပို့တဲ့လူဟာ ဆူပူရေးဂိုဏ်း၀င်
စာရင်းတင်ခံရမှာမို့ ဘယ်သူမှ လိုက်မပို့ဝံ့။
ဟောသည် “ခေါင်း” ထဲကလူဟာ
လိုချင်တာတွေ အများကြီးအတွက်
ဆူပူလှုံ့ဆော်ခဲ့တယ်
လူတိုင်း အစား၀၀ စားရေး
လူတိုင်း နေစရာအိမ် ရရေး
လူတိုင်း သားသမီးတွေကို
ကျကျနန မွေးကျွေးရေး
လူတိုင်း လုပ်အားခ အပြည့်ရရေး
ပြီတော့ မင်းလို ငါလို လူဆင်းရဲချင်း
အုပ်သင်းမကွဲ စည်းရုံးရေးနဲ့
ဝေဖန်တွေးခေါ်ရေး လိုချင်တယ်တဲ့။
ဟောသည် “ခေါင်း” ထဲကလူဟာ
ကုန်စည်ထုတ်လုပ်မှု၊ ကူးသန်းရောင်း၀ယ်မှု
အသွင်သစ်တရပ်ကို တောင်းဆိုတယ်
မင်းလို ငါလို လူအများက
ခေါင်းဆောင်စီမံ ရမယ်တဲ့
ဒီလိုမလုပ်ရင် ဒို့နောက်ဆို ခွေးလောက်မှ
ကောင်းမှာ မဟုတ်တော့ပဲကိုး။
“ခေါင်း” ထဲကလူဟာ
အဲဒါအဲဒါတွေ ပြောလို့
ခုလိုပဲ “ခေါင်း” ထဲမှာ သပ်အထည့် ခံရတယ်
လူတွေလှုပ်ရှားဆူပူအောင် လှုံ့ဆော်ခဲ့တာကြောင့်
မြေမြှုပ်ခံရ တော့မယ်။
လူတိုင်း အစား ၀၀စားရေး
အော်သူ ဘယ်သူမဆို
လူတိုင်း အိမ်နဲ့ နေရအောင်
အော်သူ ဘယ်သူမဆို
လူတိုင်း လုပ်အားခ အပြည့်ရရေး
အော်သူ ဘယ်သူမဆို
လူတိုင်း သားသမီး ကျကျနန မွေးကျွေးရေး
အော်သူ ဘယ်သူမဆို
ဒီလိုပဲ ခံရမှာပဲ။
ဝေဖန်တွေးခေါ်သူတိုင်း
အဖိနှိပ်ခံ အနှိမ်ခံတွေနဲ့ လက်တွဲသူဆိုရင်
အခုရော နောင်အနာဂတ်ပါ
ဟောသည်လူလို အသတ်ခံရမယ်
“ခေါင်း”ထဲ အထည့်ခံ ရမယ်
ဆူပူလှုံဆော်ရေးသမား အဖြစ်
မြေမြှုပ်သင်္ဂြိုလ်ခံရမယ် ဆိုပါလားဟေ့။        ။

ဗားတော့ဗရက်
( ၁၈၉၈ - ၁၉၅၆)


ဒီကဗျာက အခြား အနက်ဝှက်ကဗျာတွေလို လျှောက်ရှင်းပြနေရမယ့်ဟာမျိုးမဟုတ်ဘူး။ ဘယ်သူဖတ်ဖတ် အုန်းနို့ကျောက်ကြောစားရင် ကျောက်ကြောတုံး လည်မျိုထဲ ရှောခနဲလိုပဲ ဖတ်ပြီး တန်းနားလည်နိုင်တဲ့ဟာမျိုးဖြစ်တယ်။
ဗားတော့ဗရက်က ဂျာမဏီက ဆူပူလှုံ့ဆော်ရေးသမားတွေအတွက်တင်မဟုတ်ဘူး၊ တကမ္ဘာလုံးက ဆူပူလှုံ့ ဆော်ရေးသမားတွေအတွက်ရေးသလိုဖြစ်တယ်။ ကဗျာက ပစ္စည်းမဲ့အလုပ်သမားလူတန်းစားဘာညာကို ဇာတ်လိုက်ထားဖွဲ့ပေမယ့် မတရားမှုကိုအံတုတာ၊ ကိုယ့်အခွင့်အရေးကိုယ်တောင်းဆိုတိုက်ပွဲဝင်သူမှန်သမျှကို မတရားအစိုးရတွေ၊ မင်းဆိုးမင်းညစ်မှန်သမျှတွေဟာ ဆူပူလှုံ့ဆော်ရေးသမားလို့ တံဆိပ်ကပ်မှာချည်းပါပဲ။
တကယ်လည်းဗမာပြည်ကစစ်အာဏာရှင်ဆန့်ကျင်သူတွေရဲ့စျာပနတွေဟာ အဲဒီကဗျာထဲကလို ဖြတ်သန်းကြရဖူးတယ်။ ဆူပူလှုံ့ဆော်ရေးသမားဆိုတာကိုသုံးပြီး ဗားတော့ဗရက်က သက်သက်ရိပြီးပြောတယ်။
တိုင်းပြည်ကောင်းစေချင်၊ လူ့အဖွဲ့အစည်းပျော်စေချင်၊ လူ့ဘောင်သာယာရေးရှေ့ရှုတဲ့ လှုပ်ရှားသူတိုင်း၊ (တနည်း) သူတို့ကိုဆန့်ကျင်ပုန်ကန်သူတိုင်းကို အသရေဖျက်တဲ့ အခေါ်ဝေါ်ဖြစ်တယ်။ ဆူပူလှုံ့ဆော်ရေးသမားအပြင်၊  အကြမ်းဖက်သမားတို့၊ သူပုန်တို့၊ အဖျက်သမားတို့ ဒါမျိုးတွေလည်းသုံးတယ်။ လူထုဘက်ကအမြင်အရတော့ သူရဲကောင်းတွေ၊ အာဇာ နည်တွေဖြစ်တယ်။ ကမ္ဘာမှာရော ဗမာမှာပါ အဲ့လိုဆူပူလှုံ့ ဆော်ရေးသမားတွေ အများပြားရှိခဲ့တယ်။ ရှိနေတယ်။
သေနတ်မိုး၊ ဓား မိုးထားတော့ သူတို့စျာပနတွေဟာ ပို့သူမရှိသလောက်နည်းတယ်။ ပို့တဲ့သူ အမှုပတ်မှာကိုး။ အသတ်ခံ၊ အဖမ်းခံရနိုင်တာမို့ ပို့သူနည်းတတ်တယ်။ ကမ္ဘာကြီးကောင်းမွန်ဖို့ ၊ တိုင်းပြည်တောက်ပဖို့အသက်ပေးသွားကြတဲ့အဲ့လိုအညတြအာဇာနည်တွေဟာ လောကထဲကနေ လူမသိသူမသိ၊ ခြောက်ခြောက်ကပ်ကပ် စျာပန တွေနဲ့ထွက်ခွာသွားကြရတာများတယ်။ မှတ်တမ်းမကျန်၊ ကမ္ဗည်းမထိုး၊ လူသိနည်းတယ်။ ရှိခိုးထိုက်တဲ့အလောင်းများလည်း ဖြစ်တယ်။
ဒီ စျာပနလိုက်ပို့တာ၊လိုက်ပို့ရဲတာ၊ လိုက်ပို့ခွင့်ရှိတာက တယောက်ပဲ ရှိတယ်။ ကဗျာမှာ အဲ့ဒီလိုတွေ့ရမယ်။ "စုစုပေါင်းမှ သူ့မိန်းမတည်းဟူသော၊ ၎င်းတယောက် ပေါင်းတယောက်'' တဲ့။ 


၂။


နောက်ထပ် ပြောချင်တဲ့ အလောင်းနဲ့စျာပနက ကဗျာ ဆရာအုန်းမြင့်လှိုင်( ၁၉၄၁ - ၂၀၁၃)ရေးတဲ့ ''ဆန်းစစ်ကြကုန်လော့'' ကဗျာထဲက အလောင်းနဲ့စျာပနဖြစ်တယ်။ ဆရာအုန်းမြင့်လှိုင်ကဗျာထဲက အလောင်းက ဖာသည်မ တယောက်ရဲ့အမေအလောင်းဖြစ်တယ်။ စျာပနဖြစ်တယ်။


"ဆန်းစစ်ကြကုန်လော့''
==================================
အားလုံးပေါင်းမှ
အခေါင်းထမ်းသူ လေးယောက်လူနှင့်
တ.ရှုငိုကြွေး မိန်းကလေးတည့်။
အခေါင်းထက်ဝယ်
လဘက်တရိုး နှမ်းတမျိုးနှင့်
ကွမ်းညှိုးတယာ ပဒုမ္မာအင်္ကျီ
ပိုးထဘီတို့လုပ်လီလုပ်လဲ့ဟိုသည်ယဲ့ ။
တ, ရှုငိုကြွေး
မိန်းကလေးကား စစ်ဘေးနှင့်ကြုံ
အိမ်သူလင်ချစ် ရေတိမ်နစ်၍
အိုးပစ်လယ်ခွာ ပျက်သောရွာမှ
မြို့မှာခိုလှုံခဲ့သူတည်း။
မြို့မှာခိုလှုံ
လူမှုဘုံဝယ် ချွတ်ချုံစီးပွား
ဒဏ်ခတ်အားကြောင့် သွေးသားနှီးရင်း
ကုန်သွယ်ခြင်းဖြင့် ဖြည့်တင်းသူ့ဝမ်း
ဆူးတောလမ်းတွင် တလှမ်းခြေထောက်
တချက်လျှောက်တိုင်း တပေါက်မျက်ရည်
ကျရသည်တည့် တံ့ဆည်မရပ်နားသာပြီဘူး။
မနေ့ကလျှင်
ကျေးဇူးရှင်မိ ရောဂါဖိလျက်
တတ်သိအကျော် ဆရာမော်တို့
မခေါ်မကြား ဆေးဝါးဓာတ်စာ
မကျွေးပါနိုင် လက်ချည်းမှိုင်နှင့်
သေတိုင်ငုတ်တုတ်သည့်တိုင်းလေ။
ဖာသည့်အမေ
သေသော်မှတည့် ကြည့်ရှုမည့်သူ
တယောက်လူတို့ ထွက်ပြူမလာကြပါကုန်။
အခေါင်းထမ်းသူ
လေးယောက်လူဝယ် ပြည်သူ့အကျိုး
ဝတ်ပုဆိုးသို့ ချည်းပိုးမြဲမြံ
နိုင်ငံရေးသမားတယောက်။
စက်မှုခေတ်နှင့်
ထောင့်ဖြတ်စည်းတား ဖီလာခြားသည့်
ဆိုက်ကားသမားတယောက်။
ကျောင်းသားအရွယ်
ဖာဆွယ်တယောက်။
ဆိပ်ကမ်းလုပ်သား
ကုလားတယောက်။
အလောင်းထမ်းသူ
လေးယောက်လူနှင့် တ.ရူငိုကြွေး
မိန်းခလေးတို့ ဖင့်နှေးလေးလန်
မြေသုသာန်သို့ ရုန်းကန်လှုပ်ရှား
ရွေ့ရွေ့သွားသည်
ဒို့အားလှောင်ပြောင်နေသလော။ ။

အုန်းမြင့်လှိုင်
( ၁၉၄၁ -၂၀၁၃) 
[ စခန်းသာကဗျာများ၊ ကမ္ဘာ့ခေတ်စာပေတိုက်၊
မန္တလေး၊ ၁၉၆၅မှ -]


တောမှာ၊ နယ်မှာ စစ်ဘေးကြုံတယ်၊ လင်သေတယ်။ ခေတ်ပျက်တယ်။ စီးပွားပျက်ကပ်ဆိုက်တယ်။ လယ်စွန့် ၊အိမ်စွန့်၊ မြို့တက် ခန္ဓာရင်းပြီးစီးပွားရှာရတယ်။ အမေလုပ်သူကို ဆေးမကုနိုင်ရှာဘူး၊ သေတယ်။ နာရေး၊ စျာပနကိုလိုက်ပို့တာ စျာပနရှင် မိန်းကလေးအပါအဝင် အခေါင်ထမ်းသူ ၄ ယောက်၊ စုစုပေါင်း ၅ ယောက်ပါတယ်။ အခေါင်းထမ်း ၄ ယောက်ကို အတိုတုပ်ဆုံး အကျစ်လစ်ဆုံးနဲ့ တယောက်ချင်းကိုပြထားတယ်။ 
ပြည်သူ့အကျိုးကြည့် နိုင်ငံရေးသမားတယောက်၊ စက်မှုခေတ်ကြီးကိုခုခံရပ်တည် ဆိုက်ကားသမားတယောက်၊တယောက်ကကျ ကျောင်းသား အရွယ်ဖာဆွယ်တဲ့၊ ကျောင်းသားအရွယ်ကျောင်းမနေနိုင်ရှာဘူး၊ ဖာဆွယ်လုပ်နေရရှာတာကိုတခါတည်းမြင်အောင်ပြောတယ်။ နောက်တယောက်က ဆိပ်ကမ်းအလုပ်သမား ကုလားတယောက်တဲ့။ 
အလွှာတွေကိုပြောတယ်၊ လူတန်းစားအခြေအနေကိုပြောတယ်။ လူတန်းစားသံယောဇဥ်နဲ့ လူတန်းစား ဖေးမမှုပြောတယ်။ လောကထဲ အဖိနှိပ်ခံ ၊နင်းပြားလူသားဘဝတွေကိုပြောတယ်။ ဒီစျာပနက ပညာတတ်သူ၊ ပိုက်ဆံရှိသူ၊အာဏာရှိသူ၊ ဂုဏ်ကြီးသူလို့ မိမိကိုယ်ကိုယ်ကြီးမြင့်ပြီး ၊ စိတ်ကြီးရှိနေသူတို့အတွက် ကဗျာ ဆရာက သူ့ကိုယ်သူအပါအဝင် မေးခွန်းထုတ်တယ်။ ဒါက ကျနော်ပြောချင်တဲ့ ဒုတိယအ လောင်း။ ဒုတိယစျာပန။
 

၃။


တတိယမြောက်အလောင်းက ကလောမြို့ သိမ်တောင် တောင်ခြေဘက်မှာ ချတဲ့စျာပန။ 

မောင်အောင်ပွင့် ( ၁၉ ၄၅ - ၂၀၁၈) ရဲ့ကဗျာ။


"မဲလေး''
=============================
ကလောမြို့ သိမ်တောင် တောင်ခြေမှာ
သိမ်တောင်လို အေးစက် တောင့်ခဲနေတဲ့
သက်ကြီးပု ဆေးရုံလေးထဲကနေ
လမ်းပေါ် ထွက်ကျလာတာ
ပစ်တင်လိုက်ပုံရတဲ့ အလောင်း
(လှည်းပေါ်မှာ စွေစောင်းစောင်းကြီး)
အလောင်းပေါ်
ကန့်လန့်ဖြတ် ပေါက်တူးတချောင်း။
ဘီးနှစ်ဖက်ဟာ
အမူးသမား နှစ်ယောက်
ဒယီးဒယိုင် လမ်းလျှောက်နေသလို
ကွာသွားလိုက် ပြန်စုလိုက်။
ကုန်းအမော့မှာ
လှည်းတွန်းသူ နှစ်ဦးသား ကိုယ်တွေ
တွန့်ခေါက် တိုဝင်သွားလိုက်
ဆန့်ထွက် ရှည်လာလိုက်။
ခွေးလေ လေးငါးကောင်
လမ်းကို နမ်းနမ်းကြည့်
ဘာဖြစ်တယ် မသိ
ခေါင်းမော့ သံရှည်ဆွဲ အူလိုက်ကြ
ဆက် လိုက်လိုက်ကြ။
စောင်ကြမ်း နှစ်ထည်နဲ့
ခြေဆုံးခေါင်းဖျား ခြုံပတ်ထားတဲ့
ဒီအလောင်းဟာ
ကျားလား မလား လူငယ်လား လူကြီးလား
ရှမ်းလား ဓနုလား တောင်ရိုးလား ပလောင်လား
မိဝေး ဖဝေး ဆွေဝေး မျိုးဝေး
အိမ်ပြေးလား ဘာပြေးလဲ
ဘာရောဂါလဲ။
တကယ်တော့
အစပကတူး ဘဝဦးကတည်းက
သူ့အတ္ထုပ္ပတ္တိ
သေဆုံးနှင့်ပြီပဲလေ။ ၊


၂၄၊ ၉၊ ၉၁
မောင်အောင်ပွင့်( ၁၉၄၅ - ၂၀၁၈)
[ရင်ထဲငြိမ်း မဂ္ဂဇင်း၊ သြဂုတ်၊ ၁၉၉၂]


ပထမ ဗားတော့ဗရက်ကဗျာထဲက အလောင်းက ဂျာမဏီမှာတော့မသိဘူး။ ဘာသာပြန်စအုပ်ထုတ်ဝေ ကာလ အရဆိုရင်တော့ ၁၉၇၀ လောက်က အလောင်း၊ ဆူပူလှုံ့ဆော်ရေးသမားတဦးရဲ့အလောင်း၊ စျာပန။ အုန်းမြင့်လှိုင်ရဲ့ကဗျာထဲကအလောင်းက တော့ ဖာသည်မလေးရဲ့မိခင်အလောင်း၊ စာအုပ်ထုတ်နှစ်အရ ၁၉၆၅ ကစျာပန။ မောင်အောင်ပွင့်ရဲ့ကဗျာထဲက အလောင်းနဲ့စျာပနကကျ ၁၉၉၁ လို့တွက်ရင် ၃ ပုဒ်ထဲမှာ ဒီဘက်ခေတ်နဲ့နီးပြီဖြစ်တယ်။
ကဗျာရေးဟန်၊ ဖွဲ့စည်းဟန်အရ ကာရန်တွေအတိနဲ့လေးလုံးစပ်တော့မဟုတ်ကြတော့ဘူး။ ဘာသာပြန်ကို ယခင်က လေးလုံးစပ်နဲ့ပြန်ကြရာက တင်မောင်အေးက စကားပြေနဲ့ပြန်တယ်။ အရသာလည်းရှိခဲ့တယ်။ စကား လုံးတွေကထောင့်မနေသလို လှတဲ့စ ကားလုံး၊ သင့်တဲ့ စကားလုံးတွေ သုံးဆွဲပြီး အားကောင်းစေခဲ့တယ်လို့ ခံစားမိတယ်။ဘာသာပြန်ကဗျာ ဆိုပေသိ ကနေ့ထိရှင်သန်နေတယ်။ ကြိုက်ကြရတုန်းဖြစ်တယ်။ ကဗျာ ၃ ပုဒ်လုံးဟာ သရုပ်မှန်ဟန်၊ ဇာတ်ကြောင်းပြောဟန်များဖြစ်တယ်။
မောင်အောင်ပွင့်ကဗျာကလည်း သရုပ်မှန်ဇာတ်ကြောင်းဆိုပေသိ ဖွဲ့တာတွေက လှတယ်။ တင်စားပုံတွေ၊ နိမိတ်ပုံတွေ၊ သင်ကေတတွေအားကောင်းတယ်။ ကာရန်ဆိုတာအနံ့မရတော့ဘူး။ ခေတ်ပေါ်ကဗျာအားကောင်းတဲ့ ၉၀ ခုတွေရောက်နေပြီ။ မော်ဒန်အနုပညာနည်းနာတွေ ကို ကဗျာမှာ ကောင်းကောင်းသုံးနေကြပြီ။ မြင်ကွင်းတွေကြွနေအောင်ဖွဲ့အားကောင်းသလို၊ သရုပ်ဖော်မှုတွေမှာ မောင်အောင်ပွင့်ဟန်လို့ဆိုနိုင်တဲ့ အပြတွေ၊ အကွက်တွေဟာ သူ့ရဲ့အခြားကဗျာတွေမှာလည်းတွေ့ကြရ တတ်တယ်။ နောက် သူ့ကဗျာတွေဟာ လှုပ်နေ၊ ရုန်းနေတဲ့ကဗျာတွေများတယ်။ ငါးရိုးနင်တဲ့ငွေလမင်း၊ ကောင်း ကင်တော်တမ်းချင်း၊ မြစ်ဆိပ်၊ မာရ်နတ်၊တောဘောလုံးကွင်း... စသဖြင့်...။
"မဲလေး'' ကဗျာထဲက မောင်အောင်ပွင့်ပြတဲ့ အလောင်းက ပိုင်ရှင်မဲ့အလောင်း။ ကျားလား မလား မသိ၊ လူငယ်လား လူကြီးလားမသိ၊မိဝေး ဖဝေး ဆွေဝေး မျိုးဝေး အိမ်ပြေးလား ၊ဘာပြေးလဲလည်းမသိ၊ ဘာလူမျိုးလည်းမသိဆိုတာ ပါသေးတယ်။ ပြီးတော့ ဘာရောဂါနဲ့ဆုံးတာလဲလည်းမသိတဲ့အလောင်းပေါ့။


"ဘီးနှစ်ဖက်ဟာ
အမူးသမား နှစ်ယောက်
ဒယီးဒယိုင် လမ်းလျှောက်နေသလို
ကွာသွားလိုက် ပြန်စုလိုက်။''  တဲ့ 

အလောင်းတင်ပြီးသွားနေတဲ့ လှည်းဘီးကိုဖွဲ့ထားတာပါ လှလွန်းတယ်။
လှည်းတွန်းနေတဲ့ လူနှစ်ယောက်ကိုကျ...


"ကုန်းအမော့မှာ
လှည်းတွန်းသူ နှစ်ဦးသား ကိုယ်တွေ
တွန့်ခေါက် တိုဝင်သွားလိုက်
ဆန့်ထွက် ရှည်လာလိုက်။'' တဲ့လေ။


ဒီစျာပနက ပိုင်ရှင်မဲ့အလောင်းဖြစ်ဟန်ရှိသလို့၊ စျာပနလို့ပြောမရသလို၊ စျာပနပို့သူလည်း တယောက်မှမရှိဘဲ သဂြိုဟ်ဖို့ တာဝန်ရှိဟန် လူနှစ်ယောက်ပဲပါတယ်။
ကဗျာအသိမ်းကလည်း ရက်စက်လွန်းတယ်။


"တကယ်တော့
အစပကတူး ဘဝဦးကတည်းက
သူ့အတ္ထုပ္ပတ္တိ
သေဆုံးနှင့်ပြီပဲလေ။''တဲ့။ 

ပြီးရော။


၄။


လူက ကိုယ့်သင်္ချိုင်းကိုယ် ရွေးကြတယ်ဆိုတဲ့စကားရှိတယ်။ ကိုယ်လည်း ဘယ်နေရာမှာ ဘယ်လိုသေမယ် ဘယ်သူမှမပြောနိုင်ပါဘူး။ ဘာနဲ့သေမယ် ဘာကြောင့်သေမယ်လည်း မသိဘူး။ ကိုယ့်နာရေး၊ ကိုယ်စျာပန ဘယ်လိုရှိမယ်လည်း ဘယ်သူမှ အတတ်မပြောနိုင်ဘူး။ အချိန်မရွေး၊ နေရာမရွေး၊ အကြောင်းရာမရွေးတဲ့ သဘာဝနိယာမ ပေကိုး။ မတူသောအကြောင်းတရားတွေ၊ မတူတဲ့သေခြင်းတွေ၊ မတူတဲ့စျာပနတွေကိုဆင်ခြင်မိတယ်။
ကဗျာထဲက အလောင်း ၃ လောင်းကတော့ ဆူပူလှုံ့ဆော်ရေးသမားရယ်၊ ဖာသည်မအမေရယ်၊ ဘယ်သူဘယ်ဝါမသိနိုင်တဲ့ ပိုင်ရှင်မဲ့အလောင်းရယ်ဖြစ်တယ်။ စျာပနပို့တာမှာ ဗားတော့ဗရက်ကဗျာထဲမှာက မိန်းမဖြစ်သူတယောက်တည်း၊ အုန်းမြင့်လှိုင်ကဗျာထဲမှာက အခေါင်းထမ်းသူ ၄ ယောက်နဲ့ သေသူရဲ့သမီး အပါအဝင် စုစု ပေါင်း ၅ ယောက်၊ မောင်အောင်ပွင့်ကဗျာထဲမှာက အလောင်းလှည်း တွန်းသူ နှစ်ယောက်နဲ့အူနေတဲ့ ခွေးလေခွေးလွင့် လေး ငါးကောင်ပါမယ်ပေါ့။


ကျနော်နှစ်သက် သတိထားမိပြီး စိတ်ထဲငြိနေတာကြာပြီဖြစ်တဲ့ ကဗျာ ၃ ပုဒ်နဲ့ ကဗျာ ၃ ပုဒ်ထဲက အလောင်း၃ လောင်း၊ စျာပန ၃ ခုဖြစ်တယ်။ ဒါကိုပြောပြချင်တာမျှပါ။ ဖတ်ခဲ့မိသမျှ ကဗျာတွေထဲကမှ ထူးထူးခြားခြား သတိ ထား ၊ မှတ်ထားမိတဲ့ စျာပနကဗျာ ၃ ပုဒ်လည်းဖြစ်ပါတယ်။ ကဗျာဖတ်ပြီး နှစ်သက်သလို၊ အမျိုးမျိုး ဆင့်ပွားတွေးနိုင်၊ ခံစားနိုင်၊ ယူဆနိုင်ပါတယ်။ ကိုယ့်အတွက်ကိုယ်လည်း မရဏာနုဿတိ ပွားကြည့်နိုင်မယ်လို့လည်း ထင်မိတယ်။


စံ ညိမ်း ဦး
၃၀၇၂၅ 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar