မောင်ရစ် - မြန်မာနဲ့ ကမ္ဘာက စာနယ်ဇင်းခေတ် အတက်အကျတွေ
မောင်ရစ် - မြန်မာနဲ့ ကမ္ဘာက စာနယ်ဇင်းခေတ် အတက်အကျတွေ
မိုးမခ ၊ စက်တင်ဘာ ၁၄၊ ၂၀၂၅
နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၇)
ဒီတခါ ရေးချင်မိတာကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်းတင်ဆက်ခွင့်နဲ့ ပြည်သူတွေထံ စာနယ်ဇင်းသမားများ၏ အမှန်တရားအတွက် အာခံချက်ချက်ပေးနိုင်မှု ဖြစ်ပါတယ်။
ကျနော်တို့အယ်ဒီတာအဖွဲ့ထဲက ကိုမျိုးအောင်လင်းရေ လို့ အမည်တပ်ပြီး ရေးရမယ် ထင်ပါတယ်။ စာပေအနုပညာတွေနဲ့ ပတ်သက်ပြီးတော့ အယ်ဒီတာ ကဗျာဆရာ ကိုခင်လွန်းကို အမည်တပ်ပြီး ရေးခဲ့သလို သတင်းစာနယ်ဇင်းကိစ္စကိုတော့ ကိုမျိုးအောင်လင်း အမည်ကိုပဲ တပ်ရေးရမယ် ထင်ပါတယ်။ သူက ၂၀၀၉ ခုနှစ်ကတည်းက အယ်ဒီတာတဦးအဖြစ် စေတနာဝန်ထမ်း တာဝန်ယူခဲ့သူ ပြည်တွင်းက သတင်းသမားတဦး ဖြစ်ပါတယ်။
ခုချိန်ထိ မိုးမခဝိုင်းတော်သားတွေထဲမှာ ကလောင်အမည်အစစ်နဲ့ ဖော်ပြထားတာတွေ ရှိသလို ကလောင်အမည်လွှဲထားပြီး ဖော်ပြထားတာတွေ ရှိပါတယ်။ ကိုမျိုးအောင်လင်းကတော့ ခုချိန်အထိ ကလောင်အမည်အစစ်ကို ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။ ဒါက ဘာကို ပြဆိုသလဲ - ခုချိန်ထိ မြန်မာပြည်တွင်းမှာ သတင်းသမားများအတွက် အသက်နဲ့ ဘ၀ အာမခံချက် အပြည့်အ၀မရှိသေးတာကို ဖော်ပြပါတယ်။ အခု နွေဦးတော်လှန်ရေးကာလမှာ ပြည်တွင်းမှာ ဆက်လက်ကျင်လည်နေသူ သတင်းသမားတွေဟာ ၎င်းတို့ ကလောင်အမည်၊ သတင်းထောက်အမည်ကို အမှန်အတိုင်းသုံးဖို့ ရှောင်လွှဲနေကြဆဲ ဖြစ်ပါတယ်။ ထောင်ကျနေသူတွေ လမ်းပေါ်မှာတင် အသတ်ခံရသူတွေ တင်းကြမ်းနဲ့ မြန်မာပြည်က သတင်းသမားတွေ၏ ဘ၀ ဖြစ်ပါတယ်။
အဲသည်လို ပြောလိုက်တော့ ပါလစ္စတိုင်းက ဂါဇာစစ်မြေပြင်မှာ သတင်းပို့နေကြတဲ့ ပါလစ္စတိုင်းသတင်းသမားတွေက ပိုပြီး ပြင်းထန် ဆိုးဝါးလှပါတယ်လို့ ဖြည့်စွက် ပြောလိုက်ချင်ပါတယ်။ အစ္စရေးစစ်တပ်က ပစ်ခတ်ဗုံးကြဲတိုက်ခိုက်မှုတွေအောက်မှာ အပြစ်မဲ့ဂါဇာပြည်သူတွေ ပါလစ္စတိုင်းပြည်သူတွေ သေကျေနေကြသလို အဲသည်အကြောင်းသတင်းပို့နေတဲ့ ပါလစ္စတိုင်းသမားများတွေသေဆုံးတာ သည် နှစ်ပိုင်းအတွင်းမှာ အယောက် ၂၅၀ ကျော် ခဲ့ပါပြီ။ သတင်းထောက်တွေ အသက်စွန့်ပြီးသတင်းပို့ပေးနေလို့ အစ္စရေးစစ်တပ်၏အကြမ်းဖက်မှုတွေအကြောင်း၊ စားရေရိက္ခာဖြတ်တောက်ခံရမှုတွေအကြောင်း၊ ဂါဇာပြည်သူတွေ စစ်ဘေး၊ အငတ်ဘေး၊ ရောဂါဘေးနဲ့အသက်ဆုံးနေကြကြောင်း ကမ္ဘာသတင်းစာမျက်နှာကနေ အသိပေးဖော်ပြနေနိုင်တာပါ။ သူတို့သာ သတင်းမပို့ပေးရင် သူတို့ ပို့တဲ့သတင်းတွေကို သတင်းဌာနတွေက ထုတ်ပြန် မတင်ဆက်ရင် ဂါဇာစစ်မြေ ပြင်ကို ဘယ်သူကမှ အလေးထားပြီး သိရှိ အဖက်လုပ်ကြမယ် မဟုတ်ပါဘူး။
သို့သော် လက်ယာစွန်းတွေ၊ လူမျိုးရေးအစွန်းရောက်သူတွေက အစ္စရေးစစ်တပ် အကြမ်းဖက်မှုတွေဘက်က မဲတင်း ထောက်ခံနေကြတာကြောင့် ပါလစ္စတိုင်းစစ်သတင်းတွေကို လူအများ ပိုကျယ်ပြန့်စွာ သိနိုင်ဖို့ ကန့်သတ်ဟန့်တားတာတွေ လုပ်တဲ့ အစုအဖွဲ့တွေလည်း ရှိနေကြပါတယ်။ အာဏာရှင် အစိုးရတွေကလည်း အခုလို စစ်ပွဲတွေ ကျူးကျော်စစ်တွေကနေ လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်နေကြတာကို သတင်းစာမျက်နှာတွေပေါ် တင်လာတာကို မနှစ်သက်ကြပါဘူး။ ဖုံးဖိထားလိုကြပါတယ်။ သတင်းထောက်တွေက ဒါကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သူတို့သတင်းဌာနတွေကနေ နုတ်ထွက်ကြတာမျိုးတွေလည်း ကြားသိရပါတယ်။
အတိတ်ကို ပြန်လှည့်ကြည့်ရင် - ၁၉၈၈ ခုနှစ် ၈၈ အရေးတော်ပုံကြီးမှာ ပြည်သူတွေက တပါတီအာဏာရှင်၏ အတွင်းရုပ်ကို သတင်းတွေကြောင့် ရှင်းရှင်းလင်းလင်းကြီး သိမြင်သွားခဲ့ကြပါတယ်။ အဲသည် သတင်းတွေဟာ ပြည်သူတွေကြားထဲက ကျောင်းသားတွေ သပိတ်တပ်သားတွေဆီကနေ မြေအောက်လှုံ့ဆော်ရေးသမားတွေကနေ ဖြန့်ကြက်ပါတယ်။ အဲသည်တုန်းက BBC သတင်းဌာန All India Radio ကနေ သတင်းက စီးဆင်းပါတယ်။ မဆလပါတီဝင်ဟောင်း ဦးနေဝင်းလူယုံဟောင်း ဗိုလ်ချုပ်အောင်ကြီး၏ ပေးစာများကနေ ပြည်သူတွေက စစ်အုပ်စု၏ ဖုံးကွယ်ထားတဲ့ သမိုင်းကြောင်းကို သိရှိလာကြပါတယ်။
လတ်တလော ဖိနှိပ်သတ်ဖြတ် နှိမ်နင်းမှုကြီးဖြစ်တဲ့ ဖုန်းမော်ကျောင်းသားအရေးအခင်းအကြောင်းကိုလည်း လူထုကြားထဲက သတင်းစကားတွေကနေ သိရှိကြတာဖြစ်ပါတယ်။ သည်ကနေ လူထုံအုံကြွမှုကြီးဆီသို့ စီးဆင်းသွားပါတယ်။
အဲသည်မတိုင်ခင် ကိုလိုနီခေတ်ကတည်းက မြန်မာ့စာနယ်ဇင်းဟာ အာဏာပိုင်များ၏ အမျိုးမျိုးသော ဖိနှိပ်မှုတွေကနေ ရုန်းကန်လာခဲ့ရတာပါ။ ၁၉၄၈ မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက်ပိုင်း သတင်းစာလွတ်လပ်ခွင့် ကျယ်ပြန့်စွာ ရရှိခဲ့ပေမယ့် အုပ်စုဖွဲ့ ဗိုလ်ကျတဲ့ အာဏာနိုင်ငံရေးသမားတွေ၏ တိုက်ခိုက်မှု ရန်လိုမှု အနိုင်ကျင့်မှုတွေ များစွာ ခံစားခဲ့ရပါတယ်။ အဲသည်အကြောင်းတွေကို စာနယ်ဇင်းသမိုင်းမှတ်တမ်းတွေမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ သတင်းစာတိုက်တွေကို ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ အကျည်းတန်မှုတွေ ရှိခဲ့ပါတယ်။ ပါလီမန် ဒီမိုကရေစီ ဦးနုခေတ်က စလို့ တော်လှန်ရေးကောင်စီ ဦးနေဝင်းခေတ်အဆက်ဆက်မှာလည်း သတင်းသမားတွေ စာနယ်ဇင်းသမားတွေကို ဖမ်းဆီး ထောင်ချ တကျွန်းပို့တဲ့အထိ ဖိနှိပ်ခဲ့ပြီး အဲသည်တုန်းက စာနယ်ဇင်းသမားတွေ စာပေသမားတွေ နိုင်ငံရေးသမားတွေက အသက်တွေ အသေခံပြီး ဆန့်ကျင် ဆန္ဒပြ တွန်းလှန်ခဲ့ရတာ ဖြစ်ပါတယ်။
အဲသည်အချိန် စစ်အေးခေတ်ကြီးအောက်က ကမ္ဘာဖြစ်နေခဲ့ပါတယ်။ အနောက်အုပ်စုက စာနယ်ဇင်းလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ကို ရှေ့တန်းတင်တဲ့ ကာလပါ။ အရှေ့အုပ်စုကတော့ သတင်းလွတ်လပ်ခွင့်ထက် ဝါဒဖြန့်ချိရေးနဲ့ ပြည်သူကို သူတို့လိုရာဆွဲ အသုံးချရေးကိုသာ စွဲကိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲသည် စစ်အေးခေတ်ကာလကြီးမှာ အနောက်အုပ်စုက ထုတ်လွှင့်တဲ့ BBC, VOA, Radio Free Europe စတဲ့ ရေဒီယိုလေလှိုင်းတွေကို အရှေ့အုပ်စုအောက်က ပြည်သူတွေက သက်စွန့်ဆံဖျား နားထောင်ကြပြီး အမှောင်ထဲကနေ အလင်းအောက်က ကမ္ဘာတခြမ်းကို လှမ်းမျှော်ကြည့်ခဲ့ကြရတယ်လို့ ဆိုနိုင်ပါတယ်။ စာနယ်ဇင်းလောကမှာလည်း အရှေ့အနောက် အုပ်စုမျိုးစုံ အဖွဲ့အစည်းမျိုးစုံက ပုံနှိပ်ဖြန့်ချိတဲ့ စာအုပ် စာပေ ရုပ်ရှင် သီချင်း အနုပညာ တင်ဆက်ဖြန့်ချိမှု မျိုးစုံကို မြန်မာပြည်သူတွေ လက်လှမ်းမီသမျှ ဖတ်ရှုလေ့လာခဲ့ကြရတယ်လို့ ဆိုနိုင်ပါတယ်။
စစ်အေးခေတ်ဆိုတော့ အခုလိုစစ်ပူခေတ်ကြီး မဟုတ်ဘူးပေါ့ ကိုမျိုးအောင်လင်းရေ။ စစ်အေးခေတ်မှာ ပြည်သူတွေ၏ အကြားအမြင် ပြောရေးဆိုခွင့်ကို ကန့်သတ်ခံကြရတယ်ဆိုပေမယ့် အသက်ကလေးတော့ ရှည်အောင် မွေးခွင့်ရကြတယ်လို့ ဆိုရမလားပဲ။ အခုလို စစ်ပူခေတ်ကြီးမှာ ပြည်သူတွေကော သတင်းသမားတွေပါ နေ့မြင်ညပျောက် ဖြစ်နေကြတာကိုး။ ပြန်မြင်ယောင်မိတာ တခုကတော့ တော်လှန်ရေးကောင်စီကနေ မဆလတပါတီအာဏာရှင်ခေတ်ကိုမကူးခင် ကြား ကာလ ၁၉၆၂ - ၁၉၇၃ ကာလအတွင်းမှာ ဗိုလ်နေဝင်းအာဏာရှင် တော်လှန်ရေးကောင်စီက စာနယ်ဇင်းတွေကို သင်းသတ်တာ၊ စီးပွားရေးလုပ်ငန်းတွေကအစ သတင်းစာတိုက်တွေ အဆုံး ပြည်သူပိုင်းသိမ်းဖို့ ခြေလှမ်းတွေ လှမ်းတာ။ သူတို့ တော်လှန်ရေးကောင်စီနဲ့ မဆလ အမတေတွေနဲ့ သူတို့ကိုယ်တိုင် သတင်းစာတွေ စာနယ်ဇင်းတွေကို မတည် ထုတ်ဝေတာ။ အဲသည်တုန်းက စာပေစာနယ်ဇင်းလောကထဲက လူကြီးတွေကိုယ်တိုင်ကလည်း စာပေဗိမာန်၊ ဘာသာပြန်အသင်း၊ သုတေသနအသင်း၊ မြန်မာ့အလင်း၊ ကြေးမုံ၊ ဂါဒီယန်း အစရှိတဲ့ စာနယ်ဇင်းတိုက်တွေမှာ ဦးဆောင်သူတွေ အယ်ဒီတာချုပ်တွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတွေ ရှိခဲ့ပါတယ်။
ကျနော်ကိုယ်တိုင် ဒါကို သေသေချာချာ ပြောနိုင်ရသလဲဆိုတော့ ကျနော့် အဘိုးနဲ့အဘွား ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ် တို့ကိုယ်တိုင်က ဦးနေဝင်း တာဝန်ပေးတဲ့အတိုင်း သတင်းစာတိုက်တွေကို အယ်ဒီတာချုပ်နဲ့ အယ်ဒီတာတာဝန်တွေ ယူခဲ့ကြတာကိုး။ နောက်သိပ်မကြာခင်မှာပဲ အာဏာ ရှင်တွေ၏ အကျည်းတန်ရုပ်တွေ ပေါ်လာလို့ စာနယ်ဇင်းတွေ၏ လွတ်လပ်ခွင့်တွေ ပြောရေးဆိုခွင့်တွေ ဆုံးရှုံးကြလို့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ နေကွယ်ကြရတယ်။ ခုနင်က စာနယ်ဇင်း လူ ကြီးလူကောင်းတွေကိုယ်တိုင်ကလည်း တပါတီအာဏာရှင်လက်အောက်ကနေ ရုန်းထွက် စွန့်ခွာကုန်ကြတယ်။ နေကွယ်တယ် ဆိုရာမှလည်း အပျော်ဖတ်တွေ အစိုးရဝါဒဖြန့်အားပေးစာတွေကတော့ သက်ရှင်ကျန်ရစ်တယ်လို့ ဆိုရမယ်။ နောက်တော့ စာပေစိစစ်ရေး စာပေကင်ပေတိုင်အဖွဲ့ ပေါ်လာတယ်၊ စာပေလုပ်သားဆိုတဲ့ အဖွဲ့အစည်းက မဆလပါတီ၏ နဖားကြိုးထိုးမှုအောက်ကနေ ကြီးထွားလာပြီး စာနယ်ဇင်းသမားတွေကို ဖိနှိပ်ကန့်သတ် ချုပ်ချယ်တာတွေ လုပ်လာခဲ့တယ်။
မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှုမှာ တော်လှန်ရေးသမားများ နိုင်ငံရေးသမားများနဲ့ လက်ချင်းတွဲပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့စာနယ်ဇင်းသမားကြီးတွေကို မဆလတပါတီအာဏာရှင်က သူတို့အာဏာစင်မြင့် တည်ဆောက်ပြီးတဲ့နောက်မှာ သူတို့ကိုဖယ်ရှားခဲ့ကြပါတယ်။ သူတို့တွေဟာ စစ်အာဏာ ရှင် စတာလင်တို့ ဟစ်တလာတို့တုန်းက လက်အောက်မှာလို နေ့မြင်ညပျောက်တော့ မဖြစ်ခဲ့ကြပေမယ့် သူတို့တွေဟာ နှုတ်ဆိတ် အသံပိတ်ပြီး နေခဲ့ကြရတာတော့ သေချာပါတယ်။ စစ်အေးခေတ်ကြီးမှာ အသံမဲ့ ပြည်သူတွေအတွက် စာပေအနုပညာ ရုပ်ရှင် သဘင်ထဲက ပြည်သူ့ဘက်သား အသံရှင်တွေက ပညာသားပါပါနဲ့ စာပေစိစစ်ရေးတို့ ထောက်လှမ်းရေးကို မျက်စိလည်အောင် ပရိယာယ်သုံး ကျော်လွှားဖွဲ့ဆိုပြီး ပရိသတ်ဆီ သတင်းနဲ့ အနုပညာကို တင်ဆက်ကြရတာဟာ မဆလခေတ်ကြီးတခေတ် ကြာမြင့်ခဲ့တယ်။ ၁၉၇၃-၇၄ မဆလခြေဥ ဆန္ဒခံယူပွဲကနေ ၁၉၈၈ ခုနှစ်များအထိပေါ့။ မြေအောက်စာစောင်တွေ မြေအောက်စာနယ်ဇင်းတွေဆိုတာ အတော်ကို ရှားပါးပြီး မမြင်တွေ့ရသလောက်ပါပဲ ကိုမျိုးအောင်လင်းရယ်။
သို့သော် ၁၉၈၀ ခုနှစ်များက ပေါ်ထွန်းလာခဲ့တဲ့ မဂ္ဂဇင်းတွေ စာစောင်တွေကနေ စာနယ်ဇင်းသမားတွေ၊ စာပေသမားတွေက ပြည်သူကို သူတို့ အနုပညာနဲ့ သတင်းတင်ဆက်မှုတွေနဲ့ ပြည်သူ၏ နိုး ကြားမှုတွေကို မြှင့်တင် တိုးမြင့်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ကိုလိုနီခေတ်က ပထမစာနယ်ဇင်းမျိုး ဆက်တွေကနေ မဆလခေတ် ဒုတိယစာနယ်ဇင်းမျိုးဆက်တွေလက်ထက်မှာတော့ အာဏာရှင်မျက်စောင်းပေါ် စင်္ကြံလျောက်ပြီး ပညာသားပါပါ အနုပညာမြောက်မြောက် ကြိုးပမ်းမှုတွေလို့ ဆိုရပါမယ်။ မိုးဝေမဂ္ဂဇင်းခေတ်ကနေ ချယ်ရီ တို့၊ အိပ်မက်ဖူးတို့အထိ မှတ်တမ်းတင် ဂုဏ်ပြုရမယ့် မဂ္ဂဇင်းအယ်ဒီတာတွေ၊ စာရေးသူတွေ၊ သတင်းစာဆရာတွေ အများအပြားကို ချန်ရစ်ခဲ့လို့ မရဘူး ဆိုရပါမယ်။ (ဒါကို သီးခြား ရေးဖူးသလား မသိ၊ ပြန်ရှာရပါဦးမယ်)။
အခုမျက်မှောက်ခေတ်ကို ခုန်ကျော်ပြီး ပြန်ကြည့်လိုက်တော့ အမေရိကန်သာ ပထမဦးစားပေးဆိုတဲ့ အထီးကျန်ဝါဒီ သမ္မတကြီး ဒေါ်နယ်ထရန့်က အမေရိကန်သာမက ကမ္ဘာစာနယ်ဇင်းလောကကြီးတခုလုံးကိုပါ လှဲဖြို အမြစ်ကနေ လှန်ပစ်ဖို့ လုပ်နေတဲ့ အချိန်ကို မြင်လိုက်ကြရပါတယ်။ မြန်မာတွေအတွက် ဒီမိုကရေစီအိပ်မက်နဲ့အတူ ကြီးပြီးလာကြရတဲ့ VOA နဲ့ RFA မြန်မာပိုင်း အစီ အစဉ်တွေ မရှိတော့ဘူး။ အမေရိကန်ကွန်ဂရက်၏ ရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ Public Radio and TV Broadcasting ထောက်ပံ့မှုတွေ ဖြတ်တောက်လိုက်ကြပြီ။ အမေရိကန်က ပြည်သူ့ရုပ်သံတွေက ကိုယ့်ဖာသာ ရပ်တည်ဖို့ စတင် ကြိုးပမ်းကြရပြီ။
အမေရိကန်၏ USAID အဖွဲ့အစည်းကြီး၏ ကျောထောက်နောက်ခံနဲ့ တတိယနိုင်ငံက စာနယ်ဇင်းသမားတွေကို ကူညီ ထောက်ပံ့ ပညာသင်ပေး ပြုစု ပျိုးထောင်ပေး တဲ့ ထောက်ပို့ CSO တွေ NGO တွေ မရှိတော့ဘူး။ (မရှိသလောက် ထိခိုက်သွားကြတယ်လို့ ဆိုချင်ပါတယ်)။ စီတင်ဇင်ဂျာနယ်လစ်တွေဆိုတာ အဲသည် ရန်ပုံငွေအဖွဲ့တွေ၏ အားပေးမှုတွေနဲ့ ရပ်တည်နိုင်ကြရတာ ငြင်းလို့ မရပါဘူး။ နယ်စပ်ဒေသနဲ့ ပြည်တွင်းမှာ ပေါ်ထွန်းလာကြတဲ့ exile media တွေ local media တွေဟာ grant တွေ project တွေကနေ ပိုပြီး ဖွံဖြိုး ရင့်ကျက်လာကြတာ ဖြစ်ပါတယ်။ အာဏာရှင်အစိုးရတွေ တပါတီအစိုးရတွေ ထောက်ခံမှုနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၏ ကျောထောက်နောက်ခံနဲ့ ရပ်တည်ရတဲ့ စာနယ်ဇင်းတွေဆိုတာလည်း ခုချိန်မှာ ထရန့်လိုမျိုး အာဏာရှင်တွေ အထီးကျန်ဝါဒီသမားတွေကို ဒူးထောက် ဝပ်တွားပြီး သူတို့ အကျိုးစီးပွားကို ဦးတည်ကြတာ၊ အသံမဲ့ပြည်သူတွေကို ကျောခိုင်းလိုက်ကြတာကို မျက်ဝါးထင်ထင် မြင်ကြရတဲ့ ခေတ်ပါပဲ ကိုမျိုးအောင်လင်းရယ်။
ပြန်ကြည့်ကြရရင် - ၈၈ အရေးတော်ပုံကနေ စာနယ်ဇင်း တတိယမျိုးဆက်တွေ ပေါ်ထွန်းလာတယ်လို့ ဆိုရမလားတော့ မသိဘူး။ သူတို့က တပါတီအာဏာရှင်တွေ ဆန့်ကျင်ဖို့၊ အတားအဆီး အကာအကွယ် ဆင်ဆာမဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားဖို့၊ ပြည်သူ့အသံကို တိုက်ရိုက် ဖွင့်ချနိုင်ဖို့ကို ရှေ့တန်းတင်လာကြတယ်။ တရားဝင် စိစစ်ထုတ်ဝေခွင့် ဆိုတာကို ကျောခိုင်းကြတယ်။ မြေအောက်စာစောင်တွေကနေတဆင့်၊ ပြည်ပသတင်းဌာနတွေကနေတဆင့် လွတ်လပ်စွာ တင်ဆက်ခွင့်ကို အာရုံစိုက်လာကြတယ်။ နယ်စပ်နဲ့ အနောက်နိုင်ငံတွေမှာ ပုံနှိပ်စာစောင်တွေ ထုတ်ဝေပြီး ပြည်တွင်းကို လက်ဆင့်ကမ်း ဖြန့်ချိခဲ့ကြတယ်။ နောက် အီးမေးခေတ် အင်တာနက်ခေတ်ဦးပိုင်းမှာ ဝက်ဆိုက်တွေ အီးမေးတွေကနေ လွတ်လပ်တဲ့စာနယ်ဇင်းတွေ တင်ဆက်လာကြတယ်။ စာနယ်ဇင်းဖြန့်ချိရေးစနစ်ဟာ စစ်အစိုးရလက်အောက်က တရားဝင်စာပေစိစစ်ရေးဖြတ်ပြီး ထုတ်ဝေဖြန့်ချိရမယ်ဆိုတဲ့ သာမန်ရိုးကျပင်မရေစီးကို စိန်ခေါ်ပြီး ခေတ်ပြိုင်စာနယ်ဇင်းတခေတ် ထုတ်ဖော်လိုက်တာလို့ ဆိုရပါမယ်။ အဲသည်အတွက် ထောက်ပို့ ကူညီမှုကို ပြည်တွင်း ပြည်ပက သဘောထားချင်းတူညီကြတဲ့ တသီးပုဂ္ဂလတွေ အဖွဲ့အစည်းတွေ အုပ်စုတွေဆီက ထောက်ခံအားပေးမှုတွေဆီက ရရှိကြပါတယ်။
သတင်းစာလွတ်လပ်ခွင့်ဆိုတာမှာ အခြေခံအချက်ဖြစ်တဲ့ မတရားမှုတွေကို ဖော်ထုတ်တာ၊ လွတ်လပ်စွာ ရေးသားတင်ပြတာ၊ အမှန်တရားဘက် ရပ်တာတွေအပြင် ကမ္ဘာကြီး၏ အမြင်ကျယ်ပြန့်မှုကိုပါ ထည့်သွင်း ဖြန့်ကျက်လာတာကို ကျနော်တို့ မြင်ကြရပါတယ်။ ခုနင်က ပြောတဲ့ အရှေ့ အနောက်အုပ်စု၏ ကျောထောက်နောက်ခံတွေနဲ့ ကျားမဝါဒ၊ အားနည်းသူဘက်က ရပ်တည်ရေး၊ လိင်တူလိင်ကွဲ မဖိနှိပ်ရေး၊ တိုင်းရင်းသားသမိုင်း စောင့်ရှောက်ရေး၊ သဘာ၀ဝန်းကျင်ထိန်းသိမ်းရေး၊ အသားအရောင် လူမျိုးခွဲခြားမှု ဆန့်ကျင်ရေး၊ ဆင်းရဲချမ်းသာ အဆမတန် ကွာခြားမှုတွေ ထောက်ပြဝေဖန်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကမ္ဘာကြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တွေအပြင် - ရှေးရိုးစွဲနဲ့ လစ်ဘရယ်တွေ၏ အယူအဆရေးရာ အားပြိုင်မှုတွေပါ မြန်မာစာနယ်ဇင်းနဲ့ မြန်မာလူမှုဘ၀တွေထဲမှာ အမြင်ကျယ်ကျယ် ဆွေးနွေးဖလှယ် ပြောဆိုတင်ပြ ချဲ့ထွင်လာကြတယ်လို့ ဆိုချင်ပါတယ်။ သို့သော်လည်း အိုင်တီနဲ့ နည်းပညာခေတ်က စာနယ်ဇင်းကိုပါ တပါတည်း ဆွဲခေါ်သွားတော့ ဆိုရှယ်မီဒီယာခေတ်မှာပါ စာနယ်ဇင်းသမားတွေ စိန်ခေါ်မှု မျိုးစုံ ရင်ဆိုင်ကြရတယ်လို့ ဆိုချင်ပါတယ်။ ဒါကတေ့ာ အခုမျက်မှောက်မြင်နေရတဲ့ မြင်ကွင်းကို ပြန်ရောက်လာတာပါ။
သမ္မတကြီးထရန့်အပါအဝင် ရှေးရိုးစွဲတွေ ခေတ်နောက်ပြန်ဝါဒတွေ အထီးကျန်သမားတွေက စာနယ်ဇင်းကို ဖိနှိပ် ချိုးနှိမ်တဲ့ ခေတ် ဖြစ်နေပါပြီ။ အစ္စရေးက ပါလစ္စတိုင်းပြည်သူတွေကို အငတ်ထားပြီး ဗုံးကြဲနေတာ ဘယ်နိုင်ငံကမှ မတားမြစ်တော့ပါဘူး။ ဘယ်ကုလသမဂ္ဂကမှ ဝမ်းနည်းကြောင်းတောင် ထုတ်မပြောတော့ပါဘူး။ (ကန့်ကွက်ဖို့ နေနေသာသာ)။ စစ်ပွဲကိုတွေ ဆန့်ကျင်ကြောင်း ဆန္ဒပြတာဟာ ကျောင်းသားတွေကို အမေရိကားကနေ နှင်ထုတ်ပစ်နိုင်တဲ့ ပြစ်မှုတခု ဖြစ်နေပါပြီ။ သမ္မတကို ပြစ်တင်ဝေဖန်မိတာအတွက် အမေရိကန်သတင်းစာတိုက်တွေ ရုပ်မြင်သံကြားဌာနတွေက ပြန်တောင်းပန်ပြီး ငွေကြေးတွေ သန်းချီပြန်လှူရ၊ လျော်ကြေးတွေ ပေးနေရပါပြီ။ သမ္မတကို သရော်တဲ့ ရုပ်မြင်သံကြားအစီအစဉ်ကို ကုမ္ပဏီက ဖျက်သိမ်းလိုက်ရပါတယ်။ အဲသည်တော့မှ သူ့အကျိုးအတွက် ဈေးရောင်းဈေးဝယ် အဆင်ပြေမယ်။ အမေရိကန်အစိုးရက အနှောက်အယှက် မပေးတော့ဘူးဆိုပဲ။
ယူကရိန်းစစ်ပွဲကို အပစ်ရပ်ဖို့ သမ္မတက မပြောတော့ဘူးတဲ့။ အပစ်မရပ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးကြပါလို့ တိုက်တွန်းတဲ့ ခေတ်မှာ အောက်ခြေက သေကျေပျက်စီးနေရတဲ့ ပြည်သူတွေ အသက်ဟာ တန်ဖိုးမဲ့နေတာ သေချာနေပါပြီ။ မြန်မာပြည်က နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကော်မရှင်ကို ဘယ်သူကမှ မတားမြစ်ဘဲ စစ်ကော်မရှင် လုပ်တဲ့ ပြည်တွင်းစစ်မီးထဲက ရွေးကောက်ပွဲကို ထောက်ခံကြဖို့ တရားဟောနေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို လက်ပိုက်ကြည့်နေရတဲ့ အခြေဆိုက်နေပါတယ်။ စာနယ်ဇင်းသမားတွေ အသက်စွန့်ပြီး သတင်းတင်ဆက်နေတဲ့ ပလက်ဖောင်းတွေ စင်မြင့်တွေကို အာဏာရှင်တွေက ဆိုရှယ်မီဒီယာက အမှိုက်သရိုက် ဒိုက်တွေနဲ့ ရေတိုက်စား ဖုံးလွှမ်းအောင် လှိုင်းကြီလေထန် အလုပ်ခံနေရတယ်လို့ ပြောချင်ပါတယ် ကိုမျိုးအောင်လင်း။ ချည်နှောင်မှုမဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းလူမှုဘ၀ကို ထူထောင်ပေးတဲ့ ကျောထောက်နောက်ခံ စေတနာရှင်တွေ ရန်ပုံငွေတွေ ထောက်ပို့ပြည်သူတွေ အားနည်းသွားတဲ့အခါ စာနယ်ဇင်းတွေကိုယ်တိုင်ကလည်း အင်တာနက်ကြော်ငြာတွေနောက် လိုက်ကြရတော့ သူတို့၏ အားသာမှု ခွန်အားနဲ့ ဂုဏ်သိက္ခာလည်း ပွန်းပဲ့ကြရတယ်လို့ ဆိုချင်ပါတယ်။
သည်တော့ မြန်မာပြည်က စစ်ဖြစ်နေတဲ့ ဒေသတွေ စစ်ဘေးရှောင်ဒေသတွေ လက်နက်ကိုင်မျိုးစုံ လွှမ်းမိုးနေတဲ့ ဒေသတွေ၊ သူတလူ ငါတမင်း လက်နက်ကိုင်တွေကြားထဲမှာ အသက်မွေးကြရတဲ့ စီတီဇင်ဂျာနယ်လစ်တွေ စာရေးဆရာ ကဗျာဆရာတွေ အနုပညာသည်တွေ ဘယ်လိုမျိုး စိန်ခေါ်မှုတွေအောက် အသက်ဘေးမလုံခြုံမှုအောက်မှာ နေထိုင်နေရမလဲ ဆိုတာကို မေးခွန်း ထုတ်ကြည့်သင့်ပါပြီ။ စစ်ကောင်စီကိုယ်တိုင်က လက်နက်မဲ့ပြည်သူတွေသာမက သူတို့ကို ထောက်ပြဝေဖန်တဲ့ သတင်းသမား စာပေသမားတွေ၏ အသက်နဲ့ စည်းစိမ်ကို တန်ဖိုးမထား နင်း ခြေနေချိန် ကမ္ဘာကြီးကိုယ်တိုင်ကလည်း သူ့ဒုက္ခပင်လယ်ဝေနေချိန် ကိုယ်တို့လို တတိယနိုင်ငံသားတွေ၏ ဒုက္ခကို လည်စောင်းလို့တောင် ပြန်မကြည့်နိုင်တာ အဖြစ်မှန်ပါပဲ။ တော်လှန်နယ်မြေတွေမှာ နေထိုင်ကြရသူတွေသာမက အခြားနယ်ခြားဖြတ်ကျော် အိမ်နီးချင်းနိုင်ငံမှာနေထိုင်ကြရတဲ့ စာနယ်ဇင်းသမားတွေ စာနယ်ဇင်းလုပ်ငန်းတွေကိုယ်တိုင်ကလည်း တရားဝင်ရပ်တည်ခွင့်၊ အသက် အိုးအိမ်အတွက် အာမခံချက်တွေ မရှိတာ နည်းပါးတာ အမှန်ပဲ ဖြစ်ပါတယ်။
ကိုမျိုးအောင်လင်းက တနေ့က ညည်းတွားတယ်။ စာပေနဲ့ သတင်း စစ်မှန်မှု၊ အဆင့်အတန်းနဲ့ တန်ဖိုးကို သိတတ်နိုင်ဖို့ စာပေနဲ့ သတင်းအခြေခံ ပညာပေးပို့ချချက်တွေ နေဝင်မိုးချုပ် လုပ်နေရတုံးပဲ တဲ့။ အသုံးလုံးကြေ သင်တန်းတွေ ပို့ချရမလို ဖြစ်နေတယ်လို့ ပြောပါတယ်။ ပရိသတ်မှာကော ကွန်တင့်ဖန်တီးသူတွေမှာ ရေတိမ်တိမ်မှာတင် နေပျော်လာကြတော့ အမြင်ကျယ် နက်ရှိုင်းတဲ့ ပင်လယ်ပြင် မိုးကုပ်စက်ဝိုင်းတွေကို လှမ်းမမြင်နိုင်တော့ဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ မြန်မာနောင်းက ကိုဆွေဝင်းက အကြောင်းတိုက်ဆိုင်လို့ စာတိုလေး တခု ပို့လာတယ်။ ဆရာဦးဝင်းတင်၏ သတင်းဆောင်းပါးတွေ အာဘော်တွေကို ဖတ်မိရင်း သူ ပေးတဲ့ မှတ်ချက်ပါ။ “ဒါဖတ်ပြီး ကျနော်တို့ ခေတ်ပေါ်သတင်းလောက စာအရေးအသားတွေ အတွေးတွေ ဘယ်လောက်ဆုတ်ယုတ်သွားသလဲလို့ တွေးမိတယ်။ ဦးဝင်တင်ရဲ့ ဒီလှိုင်းမှာလည်း ကာရံတွေ တုန်ခါသံတွေ စည်းချက်ဝါးချက်တွေနဲ့ မြန်မာစာလုံးကြွယ်ဝမှုတွေ အံ့သြဖူးတယ်..ဒါဖတ်ပြီး ထပ်အံ့သြရတယ်” တဲ့။ နောက်တခု သာဓကကတော့ ငွေရှင် ဓနရှင် အာဏာရှင်တွေက သူတို့ကိုယ်ကျိုးစီးပွားအတွက် စာနယ်ဇင်းတွေကို အသုံးချ ချုပ်ချယ် ဖိနှိပ်တဲ့ ကာလ၊ လူပြိန်းပရိသတ် လူများစုကြီးကိုယ်တိုင်ကလည်း ဆိုရှယ်မီဒီယာဘောင်ကျဉ်းကျဉ်းက လှိုင်းဂယက်လေးတွေထဲမှာပဲ ဘောင်ဘင်ခတ်နေကြတဲ့ ခေတ်။ လူအုပ်စုကြီးတွေကို အုပ်ထိန်းလို့ မနိုင်အောင် သွေးထိုးမောင်းနှင် မြှောက်ပင့်ပြီး လွှတ်တော်ကို ဝင်စီးနင်း၊ လူနေအိမ်ခြေတွေကို မီးတင်ရှို့၊ လူအုပ်ကြီးတွေနဲ့ လက်နက်အင်အားအကာအကွယ်မဲ့သူတွေကို မင်းမဲ့စရိုက်အနိုင်ကျင့် နင်းခြေနေတဲ့ မြင်ကွင်းတွေက နေ့စဉ်။ ကျနော် တို့၏ ယဉ်ကျေးတဲ့ကမ္ဘာ၊ ဓား၊ လှံ၊ လေး၊ မြားတွေကို ချန်ထားရစ်ခဲ့တဲ့ နေရာ၊ ကိုယ်ချင်းစာတရားနဲ့ မကောင်းမှုကို ရှောင်၊ ကောင်းမှုဆောင်တဲ့ လူဘောင်လောက၊ မတရားမှုတွေအတွက် နေရာမရှိတဲ့ လူမှုအသိုင်းအဝိုင်းဆိုတာ ကျနော်တို့အတွက် ဝေးနေသေးတဲ့ ခရီးရှည်ပဲလို့သာ မှတ်ချက်ပြုလိုက်ချင်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar