မြန်မာ့အရေး မြန်မာတွေသာ ဖြေရှင်းကြရမယ့်၊ ကိုယ့်ဒုက္ခကိုယ်အချင်းချင်း ကူကြရမယ့် အချိန်အခါ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၃ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၅
မြန်မာ့အရေး မြန်မာတွေသာ ဖြေရှင်းကြရမယ့်၊ ကိုယ့်ဒုက္ခကိုယ်အချင်းချင်း ကူကြရမယ့် အချိန်အခါ
မြန်မာနိုင်ငံ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို အကူအညီပေးနေတဲ့ ဆွီဒင်နိုင်ငံဟာ မြန်မာနိုင်ငံကို ပေးမယ့် အကူ အညီငွေတွေကို ယူကရိန်းနိုင်ငံ ကူညီရေးမှာ အသုံးပြုရမှာဖြစ်လို့ လာမယ့်နှစ်လယ်ပိုင်းက စပြီး ရပ်ဆိုင်းတော့မယ့် အကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
၂၀၂၅ ခုနှစ်ဆန်းပိုင်း အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ် ထရန့်က ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ အကူအညီပေးနေတဲ့ USAID အဖွဲ့အစည်းကို လုံးဝနီးပါး ဖျက်သိမ်းစဥ်ကလည်း မြန်မာနိုင်ငံက အရပ်ဘက် အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ၊ နယ်စပ်က ဒုက္ခသည်စခန်းတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့ပြီးနောက် ၆ လကျော်အကြာ ဥရောပ စကင်ဒီနေဗီယန်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ဆွီဒက်င်နိုင်ငံက မြန်မာနိုင်ငံနဲ့ပတ်သတဲ့ အကူအညီတွေကို လာမယ့်နှစ်ဇွန်လကုန် နောက် ဆုံးထားပြီး တစတစ ရပ်ဆိုင်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်က စလို့ ယခုလက်ရှိအချိန်ထိ ဆွီဒင် အနေနဲ့ မြန်မာနိုင်ငံကို ဒေါ်လာသန်း ၁၇၀ ကျော်ကူညီခဲ့တယ်လို့ သိရပြီး ၂၀၂၄ ခုနှစ် တနှစ်တည်းမှာ ကန်ဒေါ်လာ ၄၁ သန်း ကူညီခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအကူအညီတွေထဲမှာ သတင်းမီဒီယာနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းတွေအပေါ် ကန်ဒေါ်လာ ၂.၆၇ သန်းဝန်းကျင် ကူညီခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ USAID အကူအညီ ရပ်ဆိုင်းပြီးနောက် ယခုတဖန် ဆွီဒင် အကူအညီ ရပ်ဆိုင်းလိုက်တဲ့ အကျိုးသက်ရောက်မှုကို အရပ်ဘက်အဖွဲ့အစည်း၊ ဆွီဒင်အကူအညီပေးမှုနဲ့ စီမံကိန်း လုပ်ဆောင်နေတဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေ၊ အကျိုးခံစားခွင့်ရကြမယ့် မြန်မာနိုင်ငံ ဒေသအသီးသီးက လူထုအနေနဲ့ ထိခိုက်မှု ရှိကြမယ်လို့ မှန်းဆရပါတယ်။
လူသားချင်းစာနာမှု အကူအညီတွေအပေါ် သက်ရောက်မှု မရှိဘူးလို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဆွီဒင်နိုင်ငံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံကို ပေးအပ်တဲ့ အကူအညီပေးမှုတွေနဲ့ ပတ်သက်ပြီး အကူအညီနဲ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရခက်ခဲလာတဲ့ အခြေအနေကိုလည်း အကူအညီ ရပ်ဆိုင်းရစေတဲ့ အကြောင်းတချက်သဘော သက်ရောက်စေတဲ့ ဖော်ပြမှုလည်း တွေ့ရသလို ယူကရိန်းအရေးက ဆွီဒင်နိုင်ငံအဖို့ မြန်မာ့အရေးထက် ပိုပြီးအရေးကြီးတယ်ဆိုတဲ့ အကြောင်းအချက်က ပိုပြီး အဓိကကျပုံရပါတယ်။
ယူကရိန်း ရုရှားစစ်ပွဲနဲ့ ပတ်သက်ဆက်နွှယ်ပြီး အနောက်ဥရောပနိုင်ငံတွေ အနေနဲ့ ရုရှားရဲ့ ခြိမ်း ခြောက်မှုကို ပိုမိုစိုးရိမ်လာကြသလို အရှေ့တောင်အာရှက မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးရှည်ကြာလှတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ပြည်တွင်းစစ် အခြေအနေတွေအောက်မှာ ဖွံ့ဖြိုးရေး အကူအညီတွေ ဆက်လက်ပေးအပ်ဖို့ ဝေခွဲရခက်တဲ့ အခြေအနေနဲ့ ယူကရိန်းနိုင်ငံအရေးကို ပိုကူညီဖို့ လိုအပ်ချက်တွေက အခုလို ဆုံးဖြတ်ချက်ကို ချမှတ်စေခဲ့ပုံ ရပါတယ်။
ဒီလို ဆွီဒင်နိုင်ငံက မြန်မာနိုင်ငံရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေ၊ လူ့အခွင့်အရေး ကာကွယ်ရေး လှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို စောင့်ကြည့် မှတ်တမ်းတင်မှု၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရပ်တည်ရေးနဲ့ ဂျန်ဒါအရေး ပညာပေးမှုတွေအတွက် အကူအညီ ရပ်ဆိုင်းလိုက်ခြင်းဟာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ထိခိုက်မှုတခုဖြစ်ပြီး တဖက်မှာ အာဏာသိမ်း စစ်တပ်အဖို့တော့ အကျိုးအမြတ်တခုဖြစ်စေမှာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုအဖြေရှာကြတဲ့အခါ မြန်မာနိုင်ငံသားတွေ၊ ပြည်တွင်းမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေ အင်အားစုတွေကသာ ပါဝင်ဆုံးဖြတ် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီ ပံ့ပိုးမှုတွေ၊ ငွေကြေးထောက်ပံ့မှုတွေက အဓိကတော့ မဟုတ်တာ အမှန်ပါ။ စစ်အင်အား စီးပွားရေးအင်အားကြီးတဲ့ နိုင်ငံတွေရဲ့ ပုံဖော်မှု၊ သြဇာလွှမ်းမိုးမှု၊ ကြိုးကိုင်မှုတွေက နိုင်ငံအတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုများစေနိုင်တာလည်း အမှန်ပင် ဖြစ်ပါတယ်။ သို့ပေမဲ့ နိုင်ငံ့အာဏာကို ဆယ်စုနှစ်များစွာ ထိန်းချုပ်ထားခဲ့တဲ့ စစ်တပ်၊ ဆယ်စုနှစ် ၈ ခုကြာ တိုင်းရင်းသားလက်နက်ကိုင်၊ အခြားသော လက်နက်ကိုင်အဖွဲ့တွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်ခြင်း ၊ လူမျိးသုဥ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို နိုင်ငံရေးအာဏာ ရယူထားခြင်းကနေ ဖယ်ရှားဖို့ ခက်ခဲနေဆဲလည်း ဖြစ်ပါတယ်။
နှစ် ၈၀ ကျော်ကြာ ရှည်ကြာလာတဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အသိအမှတ်ပြုဖို့ ငြင်းဆန်လာတဲ့ မြန်မာစစ်တပ်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်မှာတော့ အပြီးတိုင်နိုင်ငံရေးနယ်ပယ်က ဖယ်ရှားပစ်မယ်၊ အနိုင်ယူမယ်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို အင်အား ထောင်သောင်းချီ ပါဝင်ပြီး လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
သို့ပေမဲ့ ၄ နှစ်ကျော် ၅ နှစ်နီးပါးကာလ ဝင်ရောက်လာချိန်မှာ အတိုင်းအတာတခုထိ အောင်မြင်မှုရရှိလာနေပေမယ့်လည်း အပြီးသတ်အောင်ပွဲက အလှမ်းဝေးနေဆဲ ဖြစ်နေတယ်လို့ မြင်လာရပါတယ်။
အာဏာရှင် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ တပ်ပေါင်းစု ဖွဲ့စည်းနိုင်ဖို့ အခက်အခဲ စိန်ခေါ်မှုတွေ ရှိနေသလို အာဏာသိမ်းစစ်တပ် လက်ထဲက တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ နယ်မြေတွေကို ဆက်လက်ထိန်းချုပ် ထားနိုင်ရေးမှာလည်း စိန်ခေါ်မှုတွေ ရှိလာနေပြန်တာ ဖြစ်ပါတယ်။ နယ်မြေပိုင်ဆိုင်မှု စီမံအုပ်ချုပ်ခွင့်၊ သယံဇာတ ထုတ်ယူခွင့်တွေအပေါ် မူတည်ပြီး တော်လှန်ရေး အင်အားစုတွေအချင်းချင်းအကြား အကျိုးစီးပွား ပဋိပက္ခဖြစ်မှုတွေလည်း စတင်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီလို အသစ်ပေါ်ထွက်လာတဲ့ ပြဿနာတွေကို နိုင်ငံရေး ရှုမြင်မှု၊ နိုင်ငံရေး သီအိုရီ၊ ရပ်တည်ချက်တွေအပေါ် အခြေခံပြီး ဖြေရှင်းဆုံးဖြတ်နိုင်ကြဖို့လည်း အရေးကြီးပါတယ်။
လက်နက်ကိုင်အဖွဲ့ တွေအကြား ဖြစ်တဲ့ ပြဿနာကို မဟာမိတ်အချင်းချင်းကြား ဖြစ်တဲ့ ပြဿနာအဖြစ် ချဥ်းကပ်ပြီး အဖြေရှာနိုင်ကြမှသာ ရန်သူကို အနိုင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ပြဿနာအသစ်နဲ့ ရန်သူအသစ်တွေ ထပ်မံပေါ်ထွက်လာခဲ့ရင်တော့ တော်လှန်ရေးပန်းတိုင်က ဝေးကွာသွားမယ့် အရေးလည်း သတိပြုကြဖို့ လိုအပ်ပါတယ်။
တဖန် ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ အခုလို ကာလတွေအတွင်းမှာ အသက်ရှင်သန် ရပ်တည်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်လုပ်ကိုင်နေကြရတဲ့ လူထုရဲ့ ဒုက္ခတွေကိုလည်း စာနာပြီး ကူညီနိုင်သလောက် ကူညီကြဖို့ အရေးကြီးလှပါတယ်။
အခုလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက် ရေးတွေအတွက် နိုင်ငံတကာရဲ့ အကူအညီတွေ ဖြတ်တောက်ခံရလာတဲ့ အခြေအနေမျိုးမှာ မိမိကိုယ် မိမိ ပိုအားကိုးလုပ်ကိုင်ကြဖို့နဲ့ အချင်းချင်းအကြားက ကူညီရိုင်းပင်းမှုတွေကို ပိုပြီးမြှင့်တင်လုပ်ဆောင်ကြဖို့ လိုအပ်လာတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar