Breaking News

ရွှေကူမြို့နယ်ထဲက စစ်သင်တန်းကျောင်း နေရာ ဗုံးကြဲခံရ၊ နှစ်နှစ်ကြာမှ တိုင်ကြားရတဲ့ အမျိုးသမီး ၉ ဦး သတ်ဖြတ်ခံရမှု

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၉ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၅

ရွှေကူမြို့နယ်ထဲက စစ်သင်တန်းကျောင်း နေရာ ဗုံးကြဲခံရ၊ နှစ်နှစ်ကြာမှ တိုင်ကြားရတဲ့ အမျိုးသမီး ၉ ဦး သတ်ဖြတ်ခံရမှု

ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ တည်ရှိပြီး KIA ရဲ့ တပ်မဟာ ၁၁ နယ်မြေထဲက စစ်သင်တန်းကျောင်းကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲခဲ့ရာမှာ သေဆုံးသူ အနည်းဆုံး ၁၇ ဦးထက်မနည်း ရှိတယ်လို့ ကနဦးသတင်းတွေ အဖြစ်အပျက်ဖြစ်ပွားတဲ့နေ့မှာပဲ ပေါ်ထွက်လာခဲ့ပါတယ်။ 

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သေဆုံးသူစာရင်း အတိအကျ မသိရသေးဘူးလို့ဆိုပေမယ့် အချို့သော သတင်းဌာနတွေမှာ ၁၇ ဦးကနေ ၂၀ ဦးအထိ သေဆုံးတယ်လို့ ဖေါ်ပြထားကြပါတယ်။ KIA တပ်ဖွဲ့အတွက် တပ်သားသစ် စစ်သင်တန်းပေးတဲ့ သင်တန်းကျောင်းလား သို့မဟုတ် စစ်ကိုင်းတိုင်းတို့လို မြန်မာနိုင်ငံ အထက်ပိုင်းက PDF လက်နက်ကိုင်အဖွဲ့တွေအတွက် KIA က သင်တန်းပေးတဲ့ သင်တန်းကျောင်းလား ဆိုတဲ့ အချက်အလက်တော့ ရှင်းရှင်းလင်းလင်း မသိရှိရပါဘူး။ မြန်မာနိုင်ငံ အထက်ပိုင်း မှာ ဖွဲ့စည်းလှုပ်ရှားကြတဲ့ နာမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားကြတဲ့ PDF အဖွဲ့တွေကို KIA က စစ်သင်တန်းလေ့ကျင့် သင်ကြားပေးတာ၊ လက်နက်ခဲယမ်း ထောက်ပံ့ပေးတာတွေ ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက ကူညီပေးခဲ့တာ တွေ့ရပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အချို့သော မြို့နယ် သို့မဟုတ် ခရိုင်အလိုက်ဖွဲ့စည်းထားတဲ့ PDF တပ်ဖွဲ့တွေမှာ စစ်ရေးအရ အကြံပေးတာ ဒါမှမဟုတ် အမိန့်ပေးတဲ့ စစ်ရေးဦးဆောင်သူနေရာတွေမှာ KIA တပ်ဖွဲ့ဝင်တွေ တာဝန်ယူခဲ့ကြတာတွေလည်း သတင်းအချို့မှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ 

မကြာသေးခင်က ပေါ်ထွက်လာတဲ့ သတင်းတွေမှာ မြင်းခြံခရိုင်၊ ယောနယ်တို့လို ဒေသတွေက PDF တပ်ဖွဲ့ ခေါင်းဆောင်တွေ ကေအိုင်အေ ဒုဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နဲ့ ပြီးခဲ့တဲ့ မေလ၊ ဇွန်လတွေတုန်းက တွေ့ဆုံခဲ့ကြတဲ့ သတင်းဓါတ်ပုံတွေ ဖေါ်ပြခဲ့တာလည်း တွေ့ရပါတယ်။ 

အာဏာသိမ်း စစ်တပ် အနေနဲ့ အခုလို KIA လက်နက်ကိုင် အဖွဲ့နဲ့ ပတ်သက်တဲ့ လူစုလူဝေး လှုပ်ရှားမှု၊ အခမ်းအနား နဲ့ စစ်သင်တန်းကျောင်းတွေရဲ့ နေရာ နဲ့ စုဝေးတဲ့အချိန်တွေကိုသိရှိနိုင်ဖို့ အစဥ်တစိုက်အချက်အလက် စုဆောင်းနေပုံရပြီး နှစ်အနည်းငယ်အတွင်း တကြိမ်မက တိုက်ခိုက်ခံခဲ့ရတဲ့ သာဓက တွေရှိခဲ့ပါတယ်။ ၂၀၂၀ မတိုင်ခင် ဦးသိန်းစိန် သမ္မတတာဝန်ယူတဲ့ ကာလတုန်းက လိုင်ဇာ စစ်အရာရှိသင်တန်းကျောင်းကိုတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်စစ်အာ ဏာသိမ်းပြီးနောက် မကြာခင် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ကေအိုင်အို အဖွဲ့တည်ထောင်တဲ့ ၆၂ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတခုကို ဖားကန့်မြို့နယ်ထဲက အနန့်ပါကျေးရွာအနီး ကျင်းပချိန် ညဘက်အချိန် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေသာမက၊ နှစ်လည် အခမ်းအနားမှာ တေးဂီတဖျော်ဖြေသူတွေအပါအဝင် အရပ်သားတွေ အပါအဝင် စုစုပေါင်း ၅၀ ကနေ ၇၀ ဝန်းကျင်ထိ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်လည်း ရှိခဲ့တာပါ။ 

ယခု ဗုံးကြဲတိုက်ခိုက်မှုက KIA တပ်ဖွဲ့ကိုရော စစ်သင်တန်းတက်ရောက်နေတဲ့ PDF လက်နက်ကိုင်အဖွဲ့ဝင်တွေကို ပါ ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှု ဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။ 

ဒီနေ့အဖို့ ဒုတိယ သတင်းအကြောင်းအရာတခုက ဆားလင်းကြီးမြို့နယ် ဆားခါးကျေးရွာက CDM မလုပ်တဲ့အမျိုးသမီး ၉ ဦးကို ယင်းမာပင် ခရိုင်တပ်ရင်း ၂၈ က ၂၀၂၃ ခုနှစ်က ဖမ်းဆီးသွားခဲ့တဲ့ အဖြစ်နဲ့ပတ်သက်လို့ မိသားစုဝင်တွေက ၄င်းတို့အားလုံး သတ်ဖြတ်ခံလိုက်ရတဲ့အကြောင်း ၂ နှစ် အကြာမှ အတည်ပြုနိုင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းကို တိုင်ကြားခဲ့တဲ့ သတင်းဖြစ်ပါတယ်။ 

အသတ်ခံရသူအမျိုးသမီး ၉ ဦးအနက် တဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသူတွေဟာ အသက်အားဖြင့် ၃၀၊ ၄၀ ကျော်အရွယ်တွေနဲ့ အကြီးဆုံးတဦးက အသက် ၆၀ အရွယ်ပါဝင်တယ်လို့ဆိုပါတယ်။ အဆိုပါအမျိုးသမီးတွေဟာ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တပ် မတော်ချည်မျှင်နဲ့ အထည်စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြသူတွေ စစ်အာဏာသိမ်းပြီးနောက်မှာ CDM မလုပ်ခြင်းကြောင့် ၂၀၂၃ ခုနှစ်မှာ အဆိုပါ ကျေးရွာ ပကဖ၊ ပအဖ ဖြစ်သူ ဦးဇော်လင်းနဲ့ ဦးမောင်ချိုတို့က ယင်းမာပင် ခရိုင် တပ်ရင်း ၂၈ က လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ရွာကိုမီးအမှောင်ချစေကာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ 

မိသားစုတွေ အနေနဲ့ ၄င်းတို့ကို ဖမ်းဆီးသွားပြီး အခြားတနေရာမှာ ထိန်းသိမ်းထားတယ်လို့ မှတ်ယူထားခဲ့ကြရာမှ ၄င်းတို့ သတ်ဖြတ်ခံခဲ့ရတာကို မျက်မြင်တွေ့ရှိသူတွေက မိသားစုဝင်တွေကို ပြောဆိုလာချိန်မှ သတ်ဖြတ်ခံရတဲ့ အဖြစ်ကို သိကြရတာလို့ ဆိုပါတယ်။ 

ဖြစ်လေ့ဖြစ်ထရှိတဲ့ စွပ်စွဲမှုဖြစ်တဲ့ သေဆုံးသူတွေဟာ ပျူစောထီး သင်တန်းဆင်းတွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိပေမယ့် မိသားစုဝင်တွေက ၄င်းစွပ်စွဲချက်တွေ မမှန်ကန်ကြောင်း ပြောဆိုထားကြပါတယ်။ ယင်းမာပင် မြို့နယ်ထဲမှာ အလားတူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အဖြစ်အပျက်တရပ်လည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ဖြစ်ပွားခဲ့ပါသေးတယ်။ ဗိုလ်သံမဏိ လို့ အမည်ခံယူထားတဲ့ သပြေအေးဆရာတော် ဦးသောပါက ရဲ့ PDF တပ်တွေက ဒီဒေသထဲက အခြား PDF အဖွဲ့ဝင်နဲ့ မီးသတ်အဖွဲ့ဝင် အရပ်သား စုစုပေါင်း ၁၀ ဦးကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ဗိုလ်သံမဏိအဖွဲ့အနေနဲ့ အခြားသောသတ်ဖြတ်မှုတွေလည်း ကျူးလွန်ခဲ့ကာ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေအတွင်း စုစုပေါင်း ၂၀ ဦးဝန်းကျင်သတ်ဖြတ်ခဲ့တယ်လို့ အထောက်အထားနဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပေမယ့် NUG အစိုးရ အနေနဲ့ အရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး။ 

မကြာသေးခင်ကတော့ ယင်းမာပင် တပ်ရင်း ၁၄/၁၅ က စစ်ကိုင်းတိုင်းက တဆင့် ချင်းပြည်နယ်ကို ကျော်ဖြတ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာ ချင်းPDF အဖွဲ့တဖွဲ့က ဖမ်းဆီး ရမိကာ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးပြီး သတင်းထုတ်ပြန်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခုလို တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အချို့က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ အခက်အခဲတွေရှိနေကောင်း ရှိနေနိုင်ပါတယ်။ ကျူးလွန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ မရှိတာ၊ အဆင့်ဆင့်အမိန့်ပေးညွှန်ကြားနိုင်မှု Chain of Command အားမကောင်းတာ၊ တရားစီရင်ရေးယန္တရား ခိုင်ခိုင်မာမာ မရှိတာတွေ က ပြဿနာတွေကို မဖြေရှင်းနိုင်ခြင်း အကြောင်းရင်းတွေ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ 

တဖက်မှာလည်း အခုလို ဥပဒေမဲ့သတ်ဖြတ်တဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေး ယူနိုင်ခြင်းမရှိတာဟာ နောက်ထပ်အလားတူ ဖြစ်ရပ်တွေကျူးလွန်ဖို့ အခြေအနေပေးသလို ဖြစ်စေမှာပါ။ သတင်းမီဒီယာတွေမှာ ဖော်ပြနိုင်ခြင်းမရှိတဲ့ လူမသိသူမသိ ကျူးလွန်မှုတွေ အများအပြား ရှိကောင်းရှိနေနိုင်ပါတယ်။ 

အခု ဆားလင်းကြီးမြို့နယ် ဆားခါးကျေးရွာက အဖြစ်အပျက်က လွန်ခဲ့တဲ့ ၂ နှစ်ကကျူးလွန်ခဲ့တာဆိုပေမယ့် တရားမျှတမှုရရှိဖို့၊ ကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြမှာ ဖြစ်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar