Breaking News

ကိုအောင်မှိုင်း - ခွေးဋီကာတပုဒ်

ကိုအောင်မှိုင်း - ခွေးဋီကာတပုဒ်

မိုးမခ ၊ အောက်တိုဘာ ၂၇ ၊ ၂၀၂၅


မျက်နှာပေါ်ကျလာတဲ့

သွေးစက်တွေကို

လက်ဖဝါးနဲ့

သုတ်ချပစ်လိုက်တယ်

အော်

အတိတ်ဟာ လွတ်ကျသွားတယ်။

နွေအပူ ရင်အပူမှာ

အတိတ်ကို

လွတ်ချလိုက်လို့

အနာဂတ်ဟာ

ပန်းတွေပွင့်လာမှာ မဟုတ်ဘူး။

ငါတို့မှာ

အတိတ်က

အိပ်မက်တွေရှိခဲ့ကြတယ်

ရိုးဖြတ်တောက

ဆူးချုံတွေကိုတော့

ဓားထက်ထက်နဲ့ ရှင်းပစ်ရမယ်။


လူထုဆီက

တစိမ့်စိမ့် ကျလာတဲ့

သွေးစက်တွေကို

လျှာနဲ့ရက်ရင်း

အရိုးအရင်းကိုက်ဘို့


မျက်နှာပြောင်တွေနဲ့

အော်ကြီးဟစ်ကျယ်

မိန့်ခွန်းတွေ ခြွေနေကြတဲ့

မိတ်ဆွေဟောင်းကြီးတွေလဲ

ကြေးစားဂေါင်းဆောင်ကြီးတွေဖြစ်လို့။

သူတို့ပျော်နေကြ

စစ်တပ်ကတော့

နေ့တိုင်းဗုံးတွေချ

သောင်းကပ်အောင်သေကြ

ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ

မိန်းမတွေနဲ့ နာမကျန်းသူတွေ

သူတို့လေ.....

အရင်က သူတို့စကားတွေကို

မေ့ကုန်ကြ မိန်းမပျက်တွေလိုပါ့။

ထထ ငါ့ညီထ

မင်းမသေနဲ့ဦး

အမေမှာလိုက်တယ်လေ

မင်းမသေရဘူး

ငါတို့မျှော်လင့်ချက်က

မင်းမဟုတ်လား

မင်းလဲမသေနဲ့

မင်းသူငယ်ချင်းတွေလဲ မသေကြနဲ့။

တချိန်က

ဒီပြာပုံကြီးအပေါ်မှာ


အိုးအိမ်တိုက်တာတွေလေ

ဘုရားစင်ကဒီနေရာ

ထ္မင်းစားတာဒီနေရာ

အမေအိပ်ယာ ဒီနေရာ

မျက်ရည်ဆိုတာ

လူ့ခန္ဓာကိုယ်က ကျလာတဲ့

ကျောက်တုံး ကျောက်ခဲတွေဘဲ

နွေကလဲ ပူတယ်

ရင်ကလဲ ပူတယ်

ကမ္ဘာကြီးက ပိုပူလာတယ်လေ။

ခက်တာက

ခွေးလေခွေးလွင့်တွေ

တွေ့ရာအမှိုက်ပုံမှာ

အရိုးကိုက်ကြဘို့

မာန်ဖီနေကြတာများ ကြောက်စရာ။

ခက်တာက

ဒို့ဆီမှာလည်း

ငွေကလွဲပြီး

မေတ္တာမဲ့နေကြ

တော်လှန်ရေးလုပ်တာ

အမှန်တရား ရှာတာမဟုတ်ဘူး

ကုလားထိုင် လာရှာကြတာ

တော်လှန်ရေးကာလမှာ

မျက်နှာမာတွေက မုန်းစရာ။


သွေးကြွေးမှာ

ဆွေးနွေးစရာမရှိဆိုတာ

ဒီမိုကရေစီမဟုတ်ဘူးဆိုတော့

လူသောင်းချီသတ်တာ

ဒီမိုကရေစီဖြစ်သွားရောလား

စစ်ခွေးတပ်ကြီး အဓွန့်ရှည်ပါစေ

လူသတ်ကောင် အဓွန့်ရှည်ပါစေ

စုအော်နေကြတဲ့နောက်

ခွေးဋီကာတပုဒ်ပဲပေါ့။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar