ICJ တရားရုံးရောက် လူမျိုးသုဥ်းသတ်ဖြတ်မှု စွပ်စွဲချက် တတိယအကြိမ် ကြားနာမည်
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၂ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၃ ၊ ၂၀၂၅
ICJ တရားရုံးရောက် လူမျိုးသုဥ်းသတ်ဖြတ်မှု စွပ်စွဲချက် တတိယအကြိမ် ကြားနာမည်
၂၀၁၇ ခုနှစ် သြဂုတ်လ နဲ့ စက်တင်ဘာလတွေတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ စစ် ဆင်ရေးတွေအတွင်း ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာအရပ်သားတွေ သတ်ဖြတ်ခံရပြီးနောက် ၇ သိန်းကနေ ၁ သန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အဖြစ်အပျက်ကို လူမျိုးသုဥ်းသတ်ဖြတ်မှုအဖြစ် အပြည်ပြည်ဆိုင်ရာ တရားရုံး International Court of Justice မှာ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် လျှောက်ထားတဲ့ အမှုအတွက် တတိယအကြိမ် ကြားနာမှုကို နောက်လ ၁၂ ရက်ကနေ ၁၅ ရက်အထိ တရားလိုနိုင်ငံရဲ့ လျှောက်လှဲချက် တင်သွင်းတာကို ကြားနာပြီး ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၀ ရက်ထိကိုတော့ မြန်မာနိုင်ငံဘက်က တင်ပြချက်တွေကို ကြားနာမဘ်လို့ သတင်းတွေ ဖေါ်ပြမှုတွေအရ သိရှိရပါတယ်။
လူမျိုးသုဥ်းသတ်ဖြတ်မှုအဖြစ် ICJ တရားရုံးမှာ လျှောက်ထားခြင်းခံရတဲ့ အမှုကို ၂၀၁၉ ခုနှစ် မှာ လက်ခံခဲ့ပြီး အဲဒီနှစ် နှစ်ကုန်ပိုင်းမှာ ထိုအချိန်က မြန်မာနိုင်ငံမှာ အစိုးရတာဝန်ယူထားတဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သွားရောက် လျှောက်လှဲချက်တင်သွင်းခဲ့ပါတယ်။
ICJ လို့ အတိုကောက်ခေါ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးဟာ ကုလသမဂ္ဂရဲ့ တရားစီရင်ရေး အဖွဲ့အစည်းလည်း ဖြစ်ပြီး နိုင်ငံတွေ အချင်းချင်းကြားမှာ ဖြစ်ပွားတဲ့ အမှုအခင်းတွေကို ကြားနာစီရင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ နယ်မြေ အငြင်းပွားမှု၊ စာချုပ်ချိုးဖောက်မှု၊ လူ့အခွင့်အရေး လူမျိုးသုဥ်းသတ်ဖြတ်မှု စတဲ့ အကြောင်းအရာတွေကို ကြားနာစီရင်တဲ့ တရားရုံးဖြစ်ပြီး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ စစ်တပ်တို့ကို စီရင်ခြင်း မရှိဘဲ နိုင်ငံကိုသာ ကိုယ်စားပြုစီရင်တဲ့ တရားရုံးဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးစုတွေ သတ်ဖြတ်ခံရ၊ သိန်းနဲ့ချီပြီး နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အဖြစ်အပျက်အတွက် မြန်မာနိုင်ငံကို စွဲဆိုခြင်း ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေအတွက် ၂၀၁၉ ခုနှစ် မှာ မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သွားရောက်ပြီး မြန်မာနိုင်ငံကိုယ်စား ဦးဆောင်လျှောက်လဲဖို့ သွားရောက်စဥ်က အချို့သော နိုင်ငံရေးသမား၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မသွားရောက်သင့်ကြောင်း သဘောထားထုတ်ဖော် ပြောဆိုခဲ့ကြပေမယ့် အများစုကတော့ လူမျိုးသုဥ်းသတ်ဖြတ်မှု မဟုတ်ဘဲ အကြမ်းဖက်တိုက်ခိုက်တဲ့ ARSA လက်နက်ကိုင် အဖွဲ့ကိုသာ စစ်တပ်က ရှင်းလင်းတဲ့ စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာလို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ဘယ်လို သတ်ဖြတ်မှုတွေ၊ ဘယ်လောက် ပမာဏအရေအတွက်ရှိတဲ့ အရပ်သားနဲ့ လက်နက်ကိုင်တွေကို သတ်ဖြတ် ရှင်းလင်းခဲ့သလဲ၊ ကလေးတွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်၊ အသက်အရွယ်ကြီးသူတွေကို ခွဲခြားခြင်း မပြုဘဲ သတ်ဖြတ်ခဲ့ခြင်း ရှိ မရှိ ဆိုတဲ့အချက်တွေကို အများစုသော မြန်မာနိုင်ငံသားတွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရအဖွဲ့ဝင်တွေ ကိုယ်၌က မသိရှိခဲ့ကြပါဘူး။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း ARSA လက်နက်ကိုင် အဖွဲ့ကို စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၂ ရပ်နဲ့ စစ်တပ်ဘက်ကလည်း စစ်တပ်တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်ချုပ်တွေ ပါဝင်တဲ့ စုံစမ်းရေးကော်မရှင် တရပ် အသီးသီးဖွဲ့စည်းကာ အစီရင်ခံစာထုတ်ပြန်တာ၊ စစ်တပ်ဘက်ကတော့ ၄င်းတို့ဘာသာ ၄င်းတို့ အရေးယူတာတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကျမှ ၂၀၁၇ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလ စစ်ဆင်ရေးတွေဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ ဖြစ်နိုင်တယ်လို့ စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်တဲ့ မြန်မာလူထုနဲ့ အချို့သော နိုင်ငံရေးသမားတွေက လက်ခံလာကြတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ် အနေနဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံဘက် ထွက်ခွာတိမ်းရှောင်သွားအောင် ရည်ရွယ်လုပ်ဆောင်ခဲ့တာ ၂၀၁၇ ခုနှစ်မှတော့မဟုတ်ပါဘူး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ် ဗိုလ်နေဝင်း ဦးဆောင်တဲ့ အစိုးရလက်ထက် ၁၉၈၀ ခုနှစ်ဝန်းကျင်ကလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီခေတ်ကာလတွေတုန်းကတော့ ဘယ်လို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြသလဲဆိုတာ တိတိပပ မသိရှိခဲ့ကြရပါဘူး။
၂၀၁၂ ခုနှစ် ကျောက်နီမော်ကျေးရွာမှာ ဖြစ်ပွားတဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှုကနေ သီတင်းပတ်အနည်းငယ်အကြာ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေကို သတ်ဖြတ်မှုတွေက မောင်တောမြို့မှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေက ဖြစ်ပွားစေဖို့ တွန်းပို့လိုက်သလို ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ်အတန်ကြာ ငြိမ်သက်နေခဲ့တဲ့ ရခိုင်နဲ့ ရိုဟင်ဂျာပြဿနာမီးတောက်ကို ပြန်လည် လောင်ကျွမ်းစေခဲ့တာ ဖြစ်ပါတယ်။ အာဏာရှင် အစိုးရတွေအနေနဲ့ နိုင်ငံရေး မကျေနပ်မှုတွေကို လူမျိုးရေးအဓိကရုဏ်းတွေ နဲ့ အာရုံလွှဲလေ့ လမ်းကြောင်းပြောင်းလေ့ရှိတာ ဖြစ်ပါတယ်။
လူမျိုးသုဥ်း သတ်ဖြတ်မှုလို့ စွပ်စွဲခံနေရတဲ့ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ အရပ် သားတွေ သေဆုံးမှု၊ သိန်းနဲ့ ချီထွက်ပြေးခိုလှုံရမှုတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လမ်းကြောင်းလွဲဖို့ အကြောင်းတရပ်လည်း ဖြစ်စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ခုအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူထားတဲ့ စစ်တပ်က လူနည်းစုတွေအပေါ် ပြုမူလုပ်ဆောင်ပုံဟာ စစ်အစိုးရအဆက်ဆက်ကျင့်သုံးခဲ့တဲ့ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးကာ ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ မခိုအောင်းနိုင်အောင် မြေလှန်တဲ့နည်းနာတွေ အတိုင်း ပြုမူခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ အရင် ၁၉၈၀ ခုနှစ်၊ ၁၉၉၀ ခုနှစ်တွေနဲ့ မတူပဲ မှတ်တမ်းတင်နိုင်တဲ့ ဖုန်းတွေ၊ အင်တာနက်တွေ၊ အားကောင်းတဲ့ ချိတ်ဆက်ဖြန့်ဝေမှုတွေက စစ်ရာဇဝတ်မှု၊ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေကို မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုလို့ ဆိုတဲ့ပြစ်မှုအတွက် မြန်မာနိုင်ငံကို တာဝန်ခံဖို့၊ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အပြည်ပြည်ဆိုင် ရာတရားရုံးက စီရင်ဆုံးဖြတ်ဖို့က နောင်နှစ်အနည်းငယ် ကြာကောင်းကြာနိုင်ပါသေးတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ခဲ့တဲ့ အမှုဟာ အခုဆို ၆ နှစ်နီးပါး ရောက်ရှိလာချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေလည်း များစွာပြောင်းလဲခဲ့ပြီ ဖြစ်ပေမယ့် ဒီလူမျိုးသုဥ်းသတ်ဖြတ်မှုမှာ အဓိကကျတဲ့ လက်သည်စစ်တပ်၊ စစ်တပ်ကို အမိန့်ပေးသူတွေက ခုချိန်ထိ အာဏာကို ဆုပ်ကိုင်ထားဆဲဖြစ်တာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar