Breaking News

မောင်လူမွှေး - ကျွန်တော်တို့ ညံ့တာပါ

မောင်လူမွှေး - ကျွန်တော်တို့ ညံ့တာပါ

မိုးမခ ၊ ဒီဇင်ဘာ ၃၀ ၊ ၂၀၂၅


ပြီးခဲ့တဲ့ တစ်လလောက်က မောင်လူမွှေးရဲ့ ညီတော်မောင် တစ်ယောက်ကို စစ်ရှောင်စခန်း နှစ်ခုကို ခေါ်သွားဖြစ်တယ်။ မောင်လူမွှေးရဲ့ ညီတော်မောင်ဟာ CDM ကျောင်းဆရာတစ်ယောက် ဖြစ်သလို၊ တော်လှန်ရေးတပ်ဖွဲ့တစ်ခုကို ခေါင်းဆောင်နေသူတွေထဲက တစ်ဦး အပါအဝင် ဖြစ်တယ်။ ရိုးရိုးကုပ်ကုပ် နေထိုင်မှု၊ ရိုးရိုးသားသား ကျင့်ကြံမှု၊ မဟုတ်မခံစိတ် ပြင်းထန်မှု၊ အားနာကြီးပြီး သနားငဲ့ညှာမှုတွေကို သူ့ဆီမှာ ထင်ထင်ရှားရှား တွေ့မြင်ရသူ  ဖြစ်တယ်။

မောင်လူမွှေးဟာ သူ့ကို စစ်ရှောင်စခန်းနှစ်ခုကို ခေါ်သွားခဲ့တယ်။ ပထမဆုံး ရောက်တဲ့ စစ်ရှောင်စခန်းမှာ စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမ တွေနဲ့ တွေ့ကြတယ်။ ပညာရေးဟာ တော်လှန်ရေးမှာ အရေးအကြီးဆုံးဖြစ်ကြောင်း ဆရာမတွေကို သူ ပြောတယ်။ ခုလိုခက်ခဲတဲ့ ကာလမှာ စစ်ရှောင်ကျောင်းမှာ ဒုက္ခခံပြီး ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို လေးစားကြောင်း ၊ စိတ်ဓာတ်မကျဘဲ ကြိုးစားကြဖို့ အားပေးတယ်။ 

" ဘာမှ မလုပ်နိုင်ရင်တောင် ကလေးတွေရှေ့မှာ ပြုံးပါ" ဆိုတဲ့ သူ ပြန်မျှဝေခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ ဆိုင်တဲ့ စကားတစ်ခွန်းကတော့ စစ်ရှောင် ဆရာ၊ ဆရာမတွေအတွက် မှတ်သားစရာ ဖြစ်ခဲ့ပါတယ်။

မောင်လူမွှေးနဲ့ ညီတော်မောင်ဟာ နောက်စစ်ရှောင်စခန်းတစ်ခုကိုလည်း ဝင်ခဲ့ကြတယ်။ နောက်ဝင်တဲ့ စစ်ရှောင်စခန်းကတော့ ပထမဝင်တဲ့ စစ်ရှောင်စခန်းထက် စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး ပိုချို့တဲ့ပါတယ်။ မောင်လူမွှေး တို့နှစ်ယောက်၊ စစ်ရှောင်စခန်းက လူဆယ်ယောက်လောက်နဲ့ စကားဝိုင်းဖွဲ့ ပြောဖြစ်ကြတယ်။ မောင်လူမွှေး ညီတော်မောင်ဟာ စစ်ရှောင်စခန်း စကားဝိုင်းက လူတွေကို တော်လှန်ရေး၊ စစ်ရေးတွေအကြောင်း ရှင်းပြတယ်။ လက်ရှိ တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြောပြတယ်။ ပညာရေးကို အားပေးဖို့ တိုက်တွန်းတယ်။ 

ကိုယ့်ရပ်ရွာကို စွန့်ခွာပြီး တောထဲမှာ စစ်ရှောင်နေကြတဲ့ သူတွေဆီကနေ ပြန်ခါနီး မောင်လူမွှေး ညီတော်မောင် ပြောလိုက်တဲ့ စကားက "လောလောဆယ်တော့ ကိုယ့်ရပ်ရွာပြန်ဖို့အရေး တွေးနေတာထက် ကိုယ် အခုနေတဲ့ နေရာလေးကိုပဲ ကိုယ့်ရပ်ရွာလို သဘောထားပြီး တိုးတက်အောင် တတ်နိုင်သမျှ လုပ်ဆောင်ရင်း ပျော်အောင်နေပေးကြပါဦး။ ခင်ဗျားတို့ အခုလိုနေရတာဟာ ကျနော်တို့ ညံ့လို့ပါ" တဲ့။ စစ်ရှောင်တွေကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုရဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်က ပြောတဲ့စကား။

"ခင်ဗျားတို့ အခုလိုနေရတာဟာ ကျနော်တို့ ညံ့လို့ပါ" တဲ့။ အဲဒီစကားဟာ စစ်ရှောင်တွေကိုသာမက မောင်လူမွှေးရဲ့ ရင်ကိုပါ ထိခိုက်စေခဲ့ပါတယ်။

မောင်လူမွှေးတို့ မျိုးဆက်တွေဟာ အာဏာရှင်အောက်မှာ နေခဲ့ရတဲ့ ဆိုးကျိုးအဖြစ် ရလိုက်တာက မြောက်ကြွကြွ ဖြစ်တတ်တဲ့ စိတ်ထားဖြစ်တယ်။ နားမလည်ဘဲနဲ့ အသားကုန် ကုန်းအော်ကျက်ပြီး ဆယ်တန်းအောင်တော့လည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကြတယ်။ ဘာစာမှ ဟုတ်တိတ်ပတ်တိမသင်ရ။ တက္ကသိုလ်အဝေးသင်တက်၊ တစ်နှစ်ကို ဆယ်ရက် စာသင်ပြီး မှတ်စုတွေ အမြန်ကျက်ဖြေပြီး ဘွဲ့ရတော့လည်း ကိုယ့်ကိုယ်ကိုယ်  အထင်ကြီးတာပဲ။ ကျောင်းကို နေ့စဥ်တက်တဲ့ အများစုကလည်း ဆရာ၊ ဆရာမတွေနဲ့ ရင်းနှီးအောင်နေ၊ အချိန်တန် မှတ်စုလေး ကျက်ပြီး စာမေးပွဲအောင်  ဘွဲ့ရခဲ့ကြပေမယ့် Day တက်ပြီး ဘွဲ့ရတာဆိုတဲ့ ဂုဏ်နဲ့ပါပဲ။  ဘွဲ့မရတဲ့ လူတွေကြားမှာလည်း တကယ် အထင်ကြီးခံရသင့်သလောက် ခံရတာကိုး။

ဒီလိုမျိုးဆက်တွေကြား၊ လူ့အဖွဲ့အစည်းကြားမှာ စာနည်းနည်းဖတ်ရင် လူတော်စာရင်းဝင်ပါတယ်။ စာဖတ်တာဟာ ကောင်းတယ်ဆိုပေမယ့် စာနည်းနည်းဖတ်မိပြီးတာနဲ့ စာဆက်မဖတ်တော့ဘဲ ကိုယ့်ကိုယ်ကို လူတော် ထင်နေရင်လည်း အဆင်မပြေပြန်ဘူး။ စာကို စိုက်လိုက်မတ်တတ် မဖတ်တဲ့လူဆိုရင်လည်း "ကိုယ့်ကိုယ်ကိုယ် တော်တယ်ထင်တဲ့ ဘဝင်မြင့်ရောဂါ" က မပျောက်တတ်ပါဘူး။

နောက် လုပ်နည်းကိုင်နည်းလေးတစ်ခုခု တတ်တာ၊ ဗဟုသုတလေး နည်းနည်းရှိတာ၊ ရာထူးနေရာလုပ်ပိုင်ခွင့်လေး တစ်ခုခုရထားတာ ၊ နိုင်ငံရေးစကားလုံး၊ အသုံးများတဲ့ ပညာရပ်ပိုင်းဆိုင်ရာ စကားလုံးတွေကို ဖုတ်ပူမီးတိုက် ဖတ်မှတ်ထားပြီး ပြောဆိုနိုင်တာ၊ ခေတ်ကာလအနေအထားအရ zoom meeting ခဏခဏတက်နေရတာ စတာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် တော်တယ် ထင်နေကြသူတွေကို သူတို့အပြုအမူ၊ အပြောအဆိုအရ မြင်ပြင်မှာရော၊ လိုင်းပေါ်မှာပါ မြင်တွေ့နေရတတ်ပါတယ်။

တကယ်တော့ လူဆိုတာ နေရာစုံတော်ဖို့ကို အသာထား၊ တစ်နေရာရာ၊ နယ်ပယ်တစ်ခုခုမှာ တော်ဖို့တောင် မလွယ်လှပါ။ " စာသင်တာနဲ့ စာရေးတာက လွဲရင် ဘာမှ ကောင်းကောင်း မလုပ်တတ်ဘူး" လို့ မောင်လူမွှေးကို မစ်(စ) မွှေးက  မှတ်ချက်ချပါတယ်။ မစ်(စ)မွှေး မှတ်ချက်ချတဲ့ နှစ်ခုထဲက စာရေးတတ်တယ် ဆိုတဲ့ သဘောမှတ်ချက်ဟာလည်း သူက စာပေပညာရှင် မဟုတ်တဲ့အတွက် မမှန်နိုင်ပါဘူး။ စာကောင်းကောင်း သင်တတ်တယ်ဆိုတဲ့ သဘောမှတ်ချက်ကတော့ သူကိုယ်တိုင်က သင်ကြားရေးမှာ ထူးချွန်သူအဖြစ် အသိအမှတ်ပြုခံရတာတွေရှိတော့ မှန်ဖို့ နီးစပ်မယ်လို့ ယူဆလို့ရပါတယ်။ ဒါတောင် မောင်လူမွှေးမှာ အားနည်းချက်တွေ အများကြီးရှိနေပါတယ်။ မောင်လူမွှေးကိုယ်တိုင်ကတော့ " ကြိုးစားတဲ့ ကျောင်းဆရာတစ်ယောက်၊ စာရေး၊ စာဖတ် အမြဲမပြတ်အောင် နေတဲ့ စာရေးဆရာတစ်ယောက်၊ စစ်ရှောင်ပညာရေး အပါအဝင် ဘာအလုပ်ဖြစ်ဖြစ် အလုပ်ကို ကျိုးနွံတဲ့ လူတစ်ယောက်" ဖြစ်အောင် ကျင့်ကြံနေထိုင်တဲ့ သူတစ်ယောက်မျှသာပါပဲ။

အခါးသီးဆုံး အမှန်တရားကို ဝန်ခံရရင် မောင်လူမွှေးတို့ ဘယ်တော်ပါ့မလဲ။ အာဏာရှင် ပညာရေးစနစ်အောက်က ထွက်လာခဲ့ကြရတဲ့ မျိုးဆက်။ ပညာကို ကမ္ဘာနဲ့ ရင်ပေါင်တန်းဖို့ အသာထား။ အာစီယံနဲ့ တန်းမီတဲ့ ပညာရေးကိုတောင် မသင်ခဲ့ရတဲ့ မျိုးဆက်။ 

"ခင်ဗျားတို့ ဒီလိုနေရတာ ကျနော်တို့ ညံ့လို့ " ဆိုတဲ့ တော်လှန်ရေးသမား မောင်လူမွှေး ညီတော်မောင် စစ်ရှောင်ပြည်သူတွေကို ပြောခဲ့သလို ပြောရရင် "နောက်မျိုးဆက်သစ်တွေ မောင်လူမွှေးတို့ လိုပဲ နေရရင်၊ ဒါမှမဟုတ် ပိုဆိုးလာရင် မောင်လူမွှေးတို့ ညံ့ရုံမက ဖျင်းလည်းဖျင်းလို့ပါ" လို့ ဆိုရုံရှိပါတော့တယ်။ 

လက်ရှိအချိန်ထိတော့ မောင်လူမွှေးတို့ ညံ့နေသေးတယ်။ 

"လူဆိုတာ တော်မှ တတ်တာ မဟုတ်ဘူး။ ကြိုးစားရင်လည်း တတ်တာပါပဲ" တဲ့။ 

နာဂဦးသိန်းလှိုင် ပြောခဲ့တဲ့စကား သိပ်သဘောကျစရာကောင်းပါတယ်။ မောင်လူမွှေးတို့ ကြိုးစားကြပါစို့ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar