၂၀၂၅ ခုနှစ်ရဲ့ အဖြစ်အပျက်များ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၉ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၃၀ ၊ ၂၀၂၅
၂၀၂၅ ခုနှစ်ရဲ့ အဖြစ်အပျက်များ
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ သဘာဝဘေးအန္တရာယ်၊ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အစုလိုက်အပြုံလိုက် အရပ်သား သေဆုံးမှု၊ စစ်ရာဇဝတ်မှု အစရှိတဲ့ အဖြစ်အပျက်တွေ အများအပြားဖြစ်ပျက်ခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ နိုင်ငံအနှံ့အပြားက စစ်မျက်နှာ အသီးသီးမှာ ရှုံးခြင်း၊ နိုင်ခြင်း၊ ဆုတ်ခွာခြင်း၊ သိမ်းယူခြင်းစတဲ့ ဖြစ်ရပ်တွေ အများအပြားဖြစ်ပျက်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးမျက်နှာစာမှာတော့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ၂၀၂၅ ခုနှစ်ထဲမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက် ပွဲအတွက် ပြင်ဆင်မှုတွေ၊ ၄ နှစ်ကြာအုပ်ချုပ်လာတဲ့ နစက ဆိုတဲ့အဖွဲ့ကို အဆုံးသတ်ခဲ့ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ နဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဆိုတဲ့ အဖွဲ့ကိုဖွဲ့စည်းပြီး အစိုးရအဖွဲ့အဖြစ် ပုံဖေါ်ခဲ့ပါတယ်။
ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် မကုန်မီ ၃ ရက်အလိုနဲ့ ၂၀၂၆ ခုနှစ် ရဲ့ ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီမှာ အပိုင်း ၃ ပိုင်းခွဲ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ လွတ်လပ်ခြင်းမရှိ၊ မျှတခြင်းလည်း မရှိတဲ့ ရွေးကောက်ပွဲတရပ်ကိုကျင်းပမယ့် လုပ်ငန်းစဥ်တွေ ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ပါတီတွေ လူပုဂ္ဂိုလ်တွေကို အပြစ် အနာအဆာရှာပြီး ရွေးကောက်ပွဲ ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အဖြစ်က ပယ်ဖျက်တာ၊ ပါတီကို ဖျက်သိမ်းတာတွေလည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
စီးပွားရေး ဘက်မှာတော့ နိုင်ငံအဝှမ်း တိုက်ခိုက်နေတဲ့ စစ်ပွဲတွေအတွက် ကုန်ကျတဲ့ စစ်အသုံးစရိတ်တွေအတွက် လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေကို တားဆီးခြင်း မပြုကြဘဲ အခွန်အကောက် ကောက်ခံဖို့၊ သို့မဟုတ် ကိုယ်တိုင် ထုတ်ယူရောင်းချဖို့ လုပ်ဆောင်နေကြသလို၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သယ်ဆောင်ရောင်းဝယ်မှုက အခွန်အကောက် ကောက်ခံခြင်း၊ စိုးမိုး/ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဖြတ်သန်းသယ်ဆောင်တဲ့ ကုန်ပစ္စည်းတွေ၊ ကားတွေထံက အခွန်အကောက် ရသလောက် ကောက်ခံဖို့ လုပ်ဆောင်ကြတာတွေလည်း ပိုမိုတွေ့မြင်လာကြရတာ ဖြစ်ပါတယ်။
စီးပွားရေး ကဏ္ဍဘက်မှာတော့ အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံခြားငွေ သုံးစွဲမှု လျော့ကျအောင် လုပ်ဆောင်ပြီး မြန်မာကျပ်ငွေ တန်ဖိုးထပ်မကျအောင် ပြည်ပသွင်းကုန်တွေကို တင်းကြပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်လိုက်တာကြောင့် ပြည်တွင်းက သုံးစွဲသူတွေ အနေနဲ့ လူသုံးကုန်၊ ဆေးဝါး ရှားပါးမှုတွေနဲ့ ကြုံတွေ့နေကြရပြီး မြန်မာကျပ်ငွေ တန်ဖိုးမကျသည့်တိုင် ပြည်ပသွင်းကုန်နဲ့ ဆက်စပ်နေတဲ့ လူသုံးကုန်၊ ဆေးဝါး၊ စားသောက်ကုန်တွေကို ဈေးကြီးပေးဝယ် နေကြရတဲ့ အနေအထားဖြစ်ပါတယ်။
စစ်ပွဲတွေကြောင့် စီးပွားရေးကဏ္ဍမှာ ကြီးမားတဲ့ထိခိုက်မှုတွေရှိနေချိန်မှာ နှစ် ၅၀ ကနေ ၁၀၀ အကြားတကြိမ်လှုပ်ခတ်တတ်တဲ့ ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရပြီး စစ်ဘေး သဘာဝဘေးအန္တရာယ် နှစ်ထပ်ကွမ်းကျရောက်တဲ့ နယ်မြေဒေသတွေဖြစ်တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ တွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေက ကဏ္ဍနယ်ပယ် အသီးသီးရဲ့ အကျဥ်းချုပ် ဖော်ပြချက်ဖြစ်ပြီး အသေးစိတ်အခြေအနေတွေကို တခုချင်းစီ အနီးကပ်ပြန်လည် ကြည့်ကြရအောင်ပါ။
နိုင်ငံရေး၊ စစ်ရေးကဏ္ဍ ၂၀၂၅
အာဏာသိမ်းစစ်တပ်က ၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပရမယ်၊ ရွေးကောက်ပွဲကျင်းပဖို့ အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကလည်းလိုလားနေပြီး သံတမန်ရေး အရ ထောက်ခံမှု၊ စစ်လက်နက်ရောင်းချပေးမှုနဲ့ ၄င်းနဲ့ မြန်မာနယ်စပ်တလျှောက်မှာအခြေစိုက်တဲ့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေကိုသြဇာလွှမ်းမိုးပြီး ဖြစ်စေလိုတဲ့လမ်းကြောင်းက မြန်မာနိုင်ငံ တည်ငြိမ်ရေးဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်ကို ယုံကြည်ခြင်းလည်းမရှိတာကြောင့် ဒီမိုကရေစီစနစ်ဖြစ်ခြင်း မဖြစ်ခြင်းထက် တည်ငြိမ်မှုနဲ့ စီးပွားရေး ကမောက်ကမမဖြစ်ဖို့က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ၄င်းတို့ရဲ့လိုလားတဲ့အခြေအနေဖြစ်ပါတယ်။ တည်ငြိမ်မှုလို့ ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်မှာ အာဏာချိန်ခွင်လျှာမျှခြင်း စစ်မက်ဖြစ်ပွားမှုမရှိတဲ့အနေအထားမျိုးကို ရည်ရွယ်ဆိုလိုတာဖြစ်ပြီး ရှမ်းပြည် နယ်မြောက်ပိုင်းက လက်နက်ကိုင်တိုက်ပွဲတွေမှာ ငွေကြေးနဲ့ လက်နက်ထောက်ပံ့ကူညီတဲ့ အခန်းကဏ္ဍမှာရှိနေတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီကိုလည်း စစ်ပွဲတွေအရှိန်ထပ်မမြင့်အောင် လက်နက်၊ ငွေကြေး အကူအညီမပေးဖို့ ပြတ်ပြတ်သားသား သတိပေး တားမြစ်တာတွေ့ရပါတယ်။
စစ်တပ်အနေနဲ့ ရှမ်းမြောက် တခုလုံးနီးပါး လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ၂၀၂၄ ခုနှစ် တနှစ်တာရဲ့ သင်ခန်းစာအရ တရုတ်နိုင်ငံရဲ့ အကူအညီကို မရယူပဲ မဖြစ်လောက်တဲ့ အနေအထားကို ကျရောက်ပြီး နကိုက ပုံအောပြီး အားကိုးခဲ့တဲ့ ရုရှားအစား တရုတ်နိုင်ငံကို ပိုပြီးမှီခိုလာရတာတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် သြဂုတ်လ တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော် ခရီးစဥ်ဟာ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် ထားရှိတဲ့ မူဝါဒ အလှည့်အပြောင်းလို့ဆိုရင် ဒီမူဝါဒ အလှည့်အပြောင်းရဲ့ သက်ရောက်မှုတွေကို မြင်တွေ့ရတာက ၂၀၂၅ ခုနှစ် လို့ ဆိုရင်မှားမယ် မထင်ပါဘူး။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁-၁၂ ရက်တွေမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နဲ့ မြန်မာစစ်အစိုးရတို့အပစ်ရပ်ဖို့သဘောတူညီလိုက်ကြပြီး MNDAA သိမ်းယူထားတဲ့လားရှိုးမြို့ ကို နောက် ၃ လ ကျော်အကြာ ဧပြီလမှာ ပြန်လွှဲအပ်ပေးဖို့အထိ သဘောတူညီမှုရခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပတဲ့တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ဧည့်ခံစီစဥ်တဲ့ဆွေးနွေးမှုအရ အပစ်ရပ်စဲဖို့ လားရှိုးမြို့ကို ပြန်လည်လွှဲအပ်ပေးဖို့သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
ဇန်နဝါရီလမှာတော့ လားရှိုးမြို့ ပြန်လွှဲပေးမယ့် သတင်းကို အတည်မပြုနိုင်ခဲ့ကြပေမယ့် ဧပြီလဆန်းလာချိန်မှာ လားရှိုးမြို့ခံတွေ နဲ့ အခြားသော မဟာမိတ် အဖွဲ့အစည်းတွေ၊ မြန်မာလူထုတွေ အတည်ပြုနိုင်ခဲ့ကြပြီး ဒီလို မြို့ပြန်လည် လွှဲပေးခြင်းဟာ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေ အပေါ် အသိအမှတ် မပြုတဲ့ သဘောလားလို့လည်း အချို့က မေးခွန်းထုတ်ခဲ့ကြတာတွေ့ရပါတယ်။
၂၀၂၅ ခုနှစ် ရဲ့ အစပိုင်းမှာ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ထဲက MNDAA က အပစ်ရပ်သဘောတူခဲ့သလို နှစ်ကုန်ခါနီး အောက်တိုဘာလ နောက်ဆုံး သီတင်းပတ်မှာတော့ ကိုးကန့်အဖွဲ့လိုပဲ TNLA ကလည်း အပစ်ရပ် သဘောတူညီမှုနဲ့ မြို့အချို့ ပြန်လွှဲအပ်ပေးရေး သဘောတူညီမှုကို အာဏာသိမ်းစစ်တပ်နဲ့ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။
ဒီလို စစ်တပ်ကိုပြင်းပြန်ထန်ထန်ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲတွေကို တိုက်ခိုက်ခဲ့စဥ်မှာ အခြားသော ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေရဲ့အကူအညီကို ယူခဲ့ပေမယ့် အာ ဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်သဘောတူညီမှု မယူခင်မှာတော့ PDF မဟာမိတ်တွေကို အသိမပေးခဲ့ကြတဲ့ အဖြစ်၊ နွေဦးတော်လှန်ရေး တရပ်လုံးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အာဏာသိမ်းစစ်တပ်ကို အနိုင်ရသည်အထိ အပစ်မရပ်တမ်း တိုက်ပွဲဝင်မယ် ဆိုတဲ့ အချက်တွေနဲ့ မညီတဲ့ အဖြစ်တွေက မဟာမိတ် ဖွဲ့စည်းခိုင်မာမှုကို အတိုင်းအတာတခုထိ ထိခိုက်စေခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
၂၀၂၄ နှစ်လယ်နဲ့ ၂၀၂၄ နှောင်းပိုင်းတွေမှာ ရှမ်းမြောက်ဒေသရဲ့ စစ်ရေးရှုံးနိမ့်မှုတွေကြောင့် ခက်ခဲစွာ ပြန်လည်အားယူနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ်ဆန်းနဲ့ နှစ်ကုန်ပိုင်း အပစ်အခတ်ရပ်စဲမှု ၂ ခုကြောင့် အသက်ရှူချောင်ခဲ့ ပြန်လည်အားယူရုန်းထလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအပစ်ရပ်သဘော တူညီမှုတွေ လက်ခံလိုက်ခြင်းဟာ လေကြောင်း တိုက်ခိုက်မှုတခုထည်းကြောင့်တော့မဟုတ်ပဲ ထိန်းချုပ်နယ်မြေကျယ်ပြန့်လာတာနဲ့ အမျှ ဖြန့်ကျက်ရတဲ့ တပ်အင်အား၊ လက်နက်နဲ့ ငွေကြေးအင်အားတွေ အကန့်အသတ်ရှိလာခြင်း၊ လူမျိုးအပေါ် အခြေပြုဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တာကြောင့် လူမျိုးမတူတဲ့ နယ်မြေတွေကို သိမ်းယူအုပ်ချုပ်ရာမှာ ထောက်ခံမှု ပြည့်ပြည့်ဝဝ ရဖို့ ခက်ခဲတာ၊ သယံဇာတ ထုတ်ယူမှု နဲ့ အခွန်အကောက်ဆိုင်ရာ ပဋိပက္ခဖြစ်နိုင်တဲ့ ကိစ္စတွေ တဖြည်းဖြည်းများပြားလာတဲ့ အကြောင်းတွေကြောင့်လည်း ပြန်လည်လက်လွှတ်ရမယ့် နယ်မြေတွေကို ရွေးချယ်ပြီး တိုက်ခိုက်သိမ်းယူထားတဲ့ နယ်မြေတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ ကြိုးစားလာကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။
(ဆက်လက်ဖေါ်ပြပါမယ်။)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar