Breaking News

မြန်မာနိုင်ငံရှိ စကင်ဒီနေဗီးယန်းနိုင်ငံ သံရုံး ၂ ရုံးပိတ်ဖို့ ကြေညာ၊ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ် နှိုးဆော်ချက်

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၅ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၆ ၊ ၂၀၂၅


မြန်မာနိုင်ငံရှိ စကင်ဒီနေဗီးယန်းနိုင်ငံ သံရုံး ၂ ရုံးပိတ်ဖို့ ကြေညာ၊ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ် နှိုးဆော်ချက်

မကြာသေးခင် သီတင်းပတ်တွေက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံရုံး ပိတ်သိမ်းမယ်လို့ မကြာသေးတဲ့ ရက်အနည်းငယ်က ကြေညာခဲ့ပြီးနောက် ရန်ကုန်မြို့က ဒိန်းမတ်နိုင်ငံသံရုံးလည်း ပိတ်သိမ်းတော့မယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 

အဆိုပါ သံရုံး ၂ ရုံးပိတ်သိမ်းမှုတွေက ၂၀၂၆ ခုနှစ်ထဲမှာ လုပ်ဆောင်ကြမှာဖြစ်ပြီး ဖင်လန်နိုင်ငံက ပိတ်သိမ်းရတဲ့ အကြောင်းရင်းကို ဖော်ပြရာမှာ လုပ်ငန်းလည်ပတ်မှုနဲ့ မဟာဗျူဟာမြောက် အကြောင်းရင်းတွေကြောင့်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဖင်လန်နိုင်ငံက မြန်မာနိုင်ငံ အပြင် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေက သံရုံးတွေပါ ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ လုပ်ငန်းလည်ပတ်မှု ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်ရတာက စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ရဲ့ ချုပ်ချယ်ကန့်သတ်မှုတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ အကန့်အသတ်တွေ များပြားလာပြီး သံရုံးအနေနဲ့ ဖွံ့ဖြိုးရေး အကူအညီလို၊ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ခက်ခဲလာတဲ့အခြေအနေကို ရည်ညွှန်းတယ်လို့ နားလည်ရပါတယ်။ နောက်အကြောင်းတချက်ဖြစ်တဲ့  မဟာဗျူဟာမြောက် အကြောင်းရင်းတွေ ရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကိုတော့ တိတိကျကျ မသိရှိနိုင်ပေမယ့် မြန်မာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နိုင်ငံတွေဟာ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်တာ၊ အာဏာရှင်တွေ အုပ်ချုပ်နေတဲ့နိုင်ငံတွေ ဖြစ်ပြီး မဝေးတဲ့ ကာလတွေမှာ ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲဖို့ အလားအလာ နည်းတဲ့ နိုင်ငံတွေလို့လည်း ဆိုနိုင်ပါတယ်။  

ဒိန်းမတ်နိုင်ငံ သံရုံးပိတ်သိမ်းရတဲ့ အကြောင်းရင်းကို ဖော်ပြရာမှာတော့ ၂၀၂၁ ခုနှစ် နောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု သိသိသာသာ လျော့ကျလာပြီး လတ်တလောမှာလည်း ပြောင်းလဲမယ့် အခြေအနေ မတွေ့ရတာကြောင့်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ အခြေအနေတွေ အပေါ်မူတည်ပြီး စကင်ဒီနေဗီးယန်း နိုင်ငံတွေ ဖြစ်တဲ့ ဖင်လန်၊ ဒိန်းမတ်နိုင်ငံတို့က ရန်ကုန်မြို့မှာ သံရုံးအဆင့်ဖွင့်လှစ်ပြီး သံတမန်တွေ ထားရှိလာခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်မှာတော့ နိုင်ငံရဲ့ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေ ဆိုးရွားလာခဲ့ပြီး အာဏာသိမ်းစစ်တပ်နဲ့ လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကိုင်တာ မရှိတော့တဲ့ အနေအထားမှာ စကင်ဒီနေဗီယန်း နိုင်ငံတွေ အနေနဲ့ သံရုံးပိတ်သိမ်းဖို့ ဆုံးဖြတ်ကြတာလို့ ကောက်ချက်ချနိုင်ပါတယ်။ 

နောက်အခြားသော အကြောင်းတချက် အနေနဲ့ကတော့ အနောက်ဥရောပ နဲ့ စကင်ဒီနေဗီယန်း နိုင်ငံတွေ အနေနဲ့ ရုရှားရဲ့ ကျူးကျော်ရန်စနိုင်ခြေတွေ မြင့်တက်လာနေတာကြောင့် စစ်အသုံးစရိတ်တွေ သိသာစွာ တိုးမြှင့်သုံးစွဲလာနေကြ ရတာကြောင့်လည်း နိုင်ငံတကာ အကူအညီနဲ့ ဆက်ဆံရေး အသုံးစရိတ်တွေကို လျှော့ချဖို့ စီမံဆောင်ရွက်လာကြရခြင်းက အကြောင်းတချက် ဖြစ်နိုင်ပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ပြောင်းကူးပြောင်းရေးကာလလို့ ယူဆကြတဲ့ ကာလတွေမှာ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ရှည်ကြာတဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လူ့အခွင့်အရေး ပညာပေးမှု ဆိုင်ရာ ကိစ္စရပ်တွေမှာ စကင်ဒီနေဗီယန်းနိုင်ငံတွေ ဖြစ်တဲ့ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ်တို့က တက်ကြွစွာ ပါဝင်ကူညီခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီလို မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကူညီမှုလုပ်ငန်းတွေက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်လာတဲ့အခါ လုံးဝ ရပ်ဆိုင်းတာမဟုတ်သည့်တိုင်အောင် လုပ်ငန်းအတော်များများ လုပ်ကိုင်နိုင်ခြင်း မရှိတော့ပါဘူး။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး မျှော်လင့်ချက်တွေက ဝေဝါးသွားခဲ့ရသလို နောက်အသစ်ဖြစ်တဲ့ ပြည်တွင်းစစ်မီးတခုထဲကို ကျဆင်းသွားတာကြောင့် စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ အဆိုပါနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးက လတ်တလော နှစ်တွေအတွင်း အကောင်းဖက် မျှော်လင့်ချက် မှေးမှိန်လာတယ်လို့ အကဲဖြတ်ကောင်း ဖြတ်ကြလိမ့်မှာ ဖြစ်ပါတယ်။ 

စကင်ဒီနေဗီယန်း နိုင်ငံသံရုံးအချို့ ပိတ်သိမ်းမယ့် သတင်းအကြောင်းအရာ အပြီးမှာတော့ ဒီဇင်ဘာ ၃ ရက်နေ့ မန္တလေး စျေးချို ရုတ်တရက် ဆန္ဒပြပွဲနဲ့ ဆန္ဒပြပွဲရက် နောက်ဆက်တွဲ မနက်စျေးဆိုင်တန်းတွေ ဖျက်ဆီးခံရတဲ့ သတင်းနဲ့ ပတ်သက်လို့ ပြောဆိုချင်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်စောစောပိုင်းမှာ စစ်အာဏာသိမ်းပြီးခါစ မန္တလေးမြို့က ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ ဒေါက်တာ တေဇာစန်း၊ ရန်ကုန် သပိတ်ခေါင်းဆောင် ကိုနန်းလင်း နဲ့ စစ်ကိုင်းသပိတ်အဖွဲ့က ကိုခန့်ဝေဖြိုးတို့က မန္တလေးမြို့ စျေးချို အနီးတဝိုက်က မနက်ခင်း ကုန်စိမ်းစျေးတန်းမှာ လျှပ်တပြက် ဆန္ဒပြပြီး လာမယ့် စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ ကို အသံတိတ် သပိတ်လုပ်ကြဖို့ နှိုးဆော်ခဲ့ကြပါတယ်။ 

ဒီလျှပ်တပြက် သပိတ်က စစ်တပ်က အပြင်းအထန် အလိုရှိနေတဲ့ သပိတ်ခေါင်းဆောင်တွေ မန္တလေးမြို့ထဲအထိ ရောက်ရှိလာပြီး မထင်မှတ်တဲ့ နေရာ၊ အချိန်မှာ လျှပ်တပြက်ဆန္ဒပြခဲ့တဲ့ ဖြစ်စဥ်ကြောင့် ဆန္ဒပြမှုဖြစ်ပွားတဲ့ စျေးလမ်းထဲက စျေးသည်တွေကို စစ်မေးတာ စျေးဆိုင်တွေ ဖျက်ဆီးပြီး ရောင်းချခွင့်ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ဖမ်းဆီးနိုင်ခြင်း မရှိတဲ့အပေါ်  မကျေမနပ်ဖြစ်နေတဲ့ အာဏာသိမ်းစစ်တပ်အနေနဲ့ ဈးသည်တွေကို ပြစ်ဒဏ်ခတ်တဲ့ သဘောနဲ့ ဆန္ဒပြမှုအတွင်း လက် ၃ ချောင်းထောင် အားပေးခဲ့တဲ့ ဈေးသည် တဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သတင်းအချို့မှာ ဖော်ပြထားကြပါတယ်။ 

ဒေါက်တာ တေဇာစန်းတို့ လှုံ့ဆော်ထားတဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ် သပိတ်ရဲ့ အကြောင်းအရာ ခေါင်းစဥ်က လာမယ့် ဒီဇင်ဘာ လကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းတွေမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြဖို့ ဖြစ်ပါတယ်။ အသံတိတ် သပိတ်နှိုးဆော်ထားတဲ့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဘယ်လောက် အတိုင်းအတာနဲ့ လူထုက ပါဝင် ဆန္ဒထုတ်ဖော်နိုင်ကြမလဲဆိုတာတော့ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar