ကပ္ပိ - ကုန်းကုန်း ကြင်စိုး
ကုန်းကုန်း ကြင်စိုး
ကပ္ပိ
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၅
သည်အရှေ့တောင်ပိုင်းနယ်တစ်လျှောကမှာ ရွာနီးချုပ်စပ် ဆယ်ရွာလောက် ရှိတာပေါ့ဗျာ။ ကျုပ်တို့နေတဲ့ရွာရဲ့အရှေ့ဘက်မှာ အရုပ်ဓားပြရွာ၊ သူ့မြောက်မှာ ပေါက်ဖော်ရွာ ရှိပါတယ်။
ကျုပ်တို့ရွာရဲ့အနောက်ဘက်မှာ ကုလားကုန်းရွာ၊ သူ့မြောက်ဘက်မှာ ဘင်္ဂလီစုရွာရှိပါတယ်။ ကျုပ်တို့ရွာကို သူတို့ရွာတွေက ဝိုင်းရံထားသလို ဆိုပါတော့။
ကျုပ်တို့ရွာဟာ နဂို ရေခံမြေခံကလည်းသိပ်ကောင်း၊ ချမ်းလည်းချမ်းသာတော့ သည်ရွာတွေကြားမှာ လွန်ခဲ့တဲ့အနှစ် ၇၀ လောက်တုန်းကဆို ဘေးပတ်လည် ရွာတွေတိုင်း အားကျခဲ့ရတယ် ဆိုပါတော့။
အဲသည်လွန်ခဲ့တဲ့ အနှစ် ၇၀ လောက်တုန်းက ' ဦးကု ' ဆိုတဲ့ သူကြီး လက်ထက်မှာ ရပ်ရွာလူထုဟာ ရွှေတွဲလဲငွေတွဲလဲနဲ့ အလှူအတန်းတွေလည်း အချိန်ပြည့် ခြိမ့်ခြိမ့်သည်းပေါ့။ သူကြီးနဲ့ ရွာသားတွေကြိုးစားမှုကြောင့် စည်ကားလှတဲ့ရွာကို ဟိုရွာကလာလေ့လာ၊ ဒီရွာက လာလေ့လာပေါ့။
ကုန်ကုန်ပြောရရင် အဲသည်ရွာတွေက ကလေးတွေကိုတောင်မှ သည်ရွာကျောင်းကိုတကူးတက လာလာထားခဲ့ကြတာဗျ။
နောက်ပိုင်းကျတော့ ရွာလူထုရွေးချယ်တင်မြှောက်ထားတဲ့ ' ဦးကု ' ကို ရွာက စစ်ပြန်လူမိုက် ' ဘုမောင် ' ဆိုတဲ့ကောင်နဲ့ အပေါင်းပါတွေက လက်နက်အားကိုးလို့ အတင်းအဓမ္မ ဖမ်းချုပ် ' ဖြုတ်ချ ' ပြီး သူတို့တက်လို့အုပ်ချုပ်ခဲ့တာ ရွာလည်း ' ညက်ညက်ကြေ '
သွားခဲ့တာပေါ့ဗျာ။
အဲသည် ' ဘုမောင် ' ဟာ သူ့နောက်ပါတွေနဲ့ ရွာကိုဖျက်ဆီးလာလိုက်ကြတာ ၂၆ နှစ်လောက်ကြာတော့ ရွာက မဟုတ်မခံ မျိုးဆက်သစ် ကာလသားလေးတွေကစပြီး အာခံခဲ့ကြတာ နောက်ဆုံးမတော့ ' ဘုမောင် ' ဆင်းပြေးရပါရောလား။
' ဘုမောင်' ဆင်းပြေးတယ်ဆိုပြီး ဝမ်းသာနေကြတာ ဘယ်ကြာလို့လဲ၊ သူ့လက်ရင်းတပည့် ' စောကြောင် ' ဆိုတဲ့ကောင် တက်လာပြန်ပါတယ်။ ' စောကြောင် ' က ' ရွာသူကြီးရွေးပွဲ ' လုပ်ပေးမယ်၊ ပြီးရင် ရပ်ရွာကရွေးတဲ့သူကြီးကို လုပ်ပိုင်ခွင့်တွေအကုန်လုံးလွှဲပေးမယ်လို့ အကြိမ်ကြိမ်ကတိပေးတာ။
သူကြီးရွေးပွဲကတော့ အောင်မြင်ပါတယ်၊ ဒါပေမယ်လို့ အဲသည်သူကြီးက အုပ်ချုပ်ခွင့် မရခဲ့ပါဘူး။ ' စောကြောင် ' ကို ရူးနေပြီလို့သတင်းလွှင့်ပြီး ' ဘုမောင် ' က သူ့နောက်ထပ်တပည့်ရှော်တစ်ယောက်ကိုရွာသူကြီးအဖြစ် ထပ်ခန့်ပြန်လေရော။
အဲသည် နောက်ခန့်တဲ့ ' သမ်းဝေ ' ဆိုတဲ့ကောင်ကလည်း မိုက်သလားမမေးနဲ့။ သူ့ရှေ့က ' စောကြောင် ' ကို ဒဏ်ရာမပေါ်အောင် ရှင်းပစ်တာ။ နောက်ဆုံး ဘယ်လောက်အထိမိုက်ကန်းလည်းဆိုတော့ သူ့ကိုသူကြီးခန့်ခဲ့တဲ့ သူ့ဆရာ ' ဘုမောင် 'ကိုပါ အချုပ်ချပြီး ထိတ်တုံးခတ်ထားလို့ အဲသည် ' ဘုမောင် ' မကြာခင် သေပါရော။ သေတဲ့အခါမလည်း သူ့အဿုဘကို သူ့မိသားစုဝင်တွေ ဘယ်သူမှ လိုက်ပို့ခွင့် မရခဲ့ကြပါဘူး။
အဲသလိုနဲ့ ရုပ်ကြမ်းကြီးနဲ့ ' သမ်းဝေ ' ဆိုတဲ့ကောင်ဟာ ရွာကို ထင်သလိုအုပ်ချုပ်လာလိုက်တာ ရွာလည်း စိစိညက်ညက်ကို ကြေပြန်ပါရောလား။ ' သမ်းဝေ ' က လူပုံ ထုံအအကြီးလိုနဲ့ သိပ်ပါး
တဲ့အကောင်။ သူ အနှစ် ၂၀ လောက်အုပ်ချုပ်ပြီးတဲ့အခါ ' သူကြီးရွေးပွဲ 'ထပ်လုပ်ပေးမယ် ဆိုပြန်ပါသဗျ။
သူကြီးအရည်အချင်းနဲ့ကိုက်ညီသူတွေဝင်အရွေးခံကြစေဆိုပြီး အသံကောင်းဟစ်ခဲ့ပေမယ့် ' စောကြောင် ' လက်ထက်က ရပ်ရွာလူထုရွေးခဲ့တဲ့ သူကြီးမင်းကိုတော့ အချုပ်ထဲကပြန်မလွှတ်ရဲပါဘူး။
သူကြီးရွေးပွဲမှာ ကြိုတင်မသမာမဲတွေနဲ့သူ့တပည့် သူ့နောက်လိုက် ရပ်အော့ရွာအော့လူမိုက်တွေထဲက စစ်ပြန် ' ပြောင်ကြီး ' သူကြီးဖြစ်လာပြန်ပါတယ်။ သူကလည်း သဘောမနော ပျော့ပြောင်းချင်ယောင်ဆောင်ထားပေမယ့် ' အတွင်းကောက် ' ဆိုတာ လူတိုင်းအသိ။
' ပြောင်ကြီး ' သူကြီးဖြစ်တော့ ဟိုရွာကဖိတ် သည်ရွာကဖိတ်နဲ့ ကျုပ်တို့ရွာကလေးလူရာပြန်ဝင်လာသလိုလို ဘာလိုလို။ သူကြီးပြောင်ကြီး ရွာကို ငါးနှစ်အုပ်ချုပ်ပြီးတဲ့အခါမတော့ သူကြီးရွေးပွဲကြီး တစ်ပတ်ပြန်လည်လာတာပေါ့ ခင်ဗျာ။
အဲသည်အကြိမ်မတော့ ' စောကြောင် 'လက်ထက်ကတည်းက အချုပ်ချခံထားရတဲ့ အနိုင်ရသူကြီးလည်း ဝင်ပြိုင်လို့ရပြီး သူ့ကိုပဲ ရပ်ရွာလူထုက တင်မြှောက်ကြတာပေါ့ဗျာ။ ရိုးသားဖြောင့်မတ်သူ၊
ပညာတတ်သူ၊ အကြင်နာတရားပြည့်ဝသူ၊ သဘောထားဖြူစင်သူ . . . သူ့ဂုဏ်ပုဒ်တွေကအပြည့်ဗျာ။ ကျုပ်တို့ရွာကလေးတင်မကဘူး၊ ဘေးပတ်ဝန်းကျင်ရွာတွေက သူကြီးတွေကော ရွာသားတွေပါ သူ့ကို တန်ဖိုးထား လေးစားကြတာ။
အဲသည်လိုနဲ့ သူ့လက်ထက် ၅ နှစ်တာမှာ ကျုပ်တို့ရွာကလေးဟာ အဖက်ဖက်ကတိုးတက်လာပြီး လူ့ကျင့်ဝတ်စည်းကမ်းတွေလည်း မြင့်မားလာလိုက်တာ။ ရွာ့စီးပွားရေးလည်း အလျင်အမြန်ကို တိုးတက်လာပြီး လူတွေ ပျော်လိုက်ကြတာဗျာ။
သူကြီးသက်တမ်းက ၅ နှစ်ဆိုတော့ ပြန်ပြီးရွေးချယ်ကြရပြန်ပြီပေါ့။ ဟုတ်ကဲ့ . . . ရပ်ရွာလူထုက သူ့ကိုပဲ ပြန်ပြီးရွေးချယ်ခဲ့ကြပါတယ်ခင်ဗျ။ အများသူငါရှေ့၊ ဘေးပတ်ဝန်းကျင်ရွာတွေက အသိသက် သေတွေရှေ့မှာ ' ဗြောင် ' ကျင်းပတာမို့ဘယ်သူမှ လိမ်လို့မရတဲ့သူကြီးရွေးပွဲပေါ့။
အဲဒါကိုဗျာ အရင်သူကြီးဟောင်း ' သမ်းဝေ ' တို့၊ ' ပြောင်ကြီး ' တို့ရဲ့နောက်လိုက်ထဲက ခွေးပစ်တဲ့တုတ်လောက်ပဲရှိတဲ့ စစ်ပြန်ကလေကချေ ' ကြင်စိုး ' ဆိုတဲ့ ဂျပုကောင်က သူ့အဘတွေအားကိုးနဲ့ သူ့အဘတွေလိုပဲ လက်နက်ပြပြီး ရပ်ရွာလူထုချစ်တဲ့သူကြီးကို ဖမ်းဆီးကာ အချုပ်ချလိုက်ပြန်ပါတယ် ခင်ဗျာ။
ကလေကဝ၊ အဓမ္မကောင်၊ လူယုတ်မာ' ကြင်စိုး ' ဟာ သူ့ဆရာ သူ့ပထွေးတွေလို ကောင်းကောင်းမနေရပါဘူး။ ဘယ်နေရမလဲဗျ၊ ' ဆယ်ကျော်သက် ' ကာလသား ကာလသမီးလေးတွေက ကြင်စိုးနဲ့အပေါင်းပါတွေကို ရရာလက်နက်တွေနဲ့ ချောင်းချောင်း နှက်နှက်နေကြတာကိုး။
ဘာ့ကြောင့် သူတို့လေးတွေစိတ်နာနေကြသလဲဆိုတော့ အဖြေက အရှင်းကြီးဗျ။
ရွာမှာ သူကြီးရွေးပွဲနဲ့ကြုံချိန် သူတို့လေးတွေဟာ ၁၈ နှစ်ပြည့်ချိန်တွေနဲ့ဆုံလို့ သူတို့လေးတွေဟာ သူတို့ကြိုက်တဲ့သူကို' ပထမဆုံးအကြိမ် ' မဲပေးခွင့်ရခဲ့ကြတာကိုး။ သူတို့ ၁၈ နှစ်ကလေးတွေရဲ့' ပထမဆုံးမဲ ' ဟာ ကြင်စိုးကြောင့် အဟောသိကံဖြစ်ခဲ့ရတဲ့အခါ နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာတာပေါ့ ခင်ဗျာ။
အခုတော့ ကြင်စိုးလည်း သူစခဲ့တဲ့ဇာတ်လမ်းကို သူဘယ်လိုအဆုံးသတ်ရမယ်မှန်းမသိလောက်အောင်ကို ဦးနှောက်ခြောက်နေပြီိလို့ သိရတာပဲဗျာ။ မခြောက်ခံနိုင်ရိုးလား၊ သူ့ကို ရပ်ရွာလူထုက လက်မခံတဲ့အပြင် သူ့နောက်ပါ လက်နက်အားကိုး မအေရိုးတွေကပါ သူ့ကို ပြန်ပြန် ' ပက် ' နေပြီဆိုတော့ ကြင်စိုးတစ်ယောက်ရူးလောက်ပါပေရဲ့ ခင်ဗျာ။
ရွာက အဘလုံးတုံးကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောပါတယ်။
" ငါတို့ရွာကလေးဟာ ' မုဒိမ်း ' အခါခါ အကျင့်ခံခဲဲ့ရတာပေါ့ကွာ၊ ' ဘုမောင် ' ကကျင့်လိုက်၊ ' စောကြောင် ' က ကျင့်လိုက်၊ ' သမ်းဝေ ' က ကျင့်လိုက်၊ ' ပြောင်ကြီး ' ကကျင့်လိုက်နဲ့၊ အခုလည်း ' ကြင်စိုး ' က ထပ်ကျင့်ပြန်ပြီ "
" ဟုတ်ကဲ့ အဘ "
" အရင်ကောင်တွေကတော့ မုဒိမ်းကျင့်ပြီးခပ်တည်တည်နဲ့ အေးအေးဆေးဆေး နေလို့ရကြတယ်၊ ခုကောင် ကြင်စိုးကတော့ အေးအေးသက်သာ နေရမှာမဟုတ်ပါဘူးကွာ၊ ခုခေတ်လူငယ်လေးတွေ သူ့ကို လုံးဝကိုဂရုမစိုက်ဘဲ ပြန်ဆော်နေကြပြီလေ။
" ဒီတော့ . . . အဘ ဘယ်လို ခန့်မှန်းလဲ "
" အေး . . . အဓမ္မပြုကျင့်သူ မုဒိန်းကောင်' ကြင်စိုး ' ဟာ သိပ်မကြာခင်မှာ အဖမ်းခံရပြီး ' ဝှေးသင်း ' ခံရတော့မှာ မြင်ယောင်ပါသေးရဲ့ဗျား "
" ဟား ဟား ဟား ဟား ဟား ဟား "
ကပ္ပိ
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
