နေသွင်ညိဏ်း - ကမ္ဘာကြီးကြီးထဲက ကမ္ဘာသေးသေးများကို ရှာဖွေသူဒေါက်တာ ဇေဘယ်
Photo- Credit
ကမ္ဘာကြီးကြီးထဲက ကမ္ဘာသေးသေးများကို ရှာဖွေသူဒေါက်တာ ဇေဘယ်
နေသွင်ညိဏ်း
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၅
မနေ့က ဘွဲ့နှင်းသဘင်မှာ ကျနော် စိတ်အဝင်စားဆုံးက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခံရတဲ့ Dr Arnold Zabel ပါပဲဲဲဲ။ ဆရာကြီးရဲ့ နာမည် ပထမစာလုံး Arnold ဆိုတာ မင်းသားကြီး အာနိုးရဲ့ နာမည်စာလုံးပေါင်းအတူတူပါပဲ။ ၁၉၄၇ မှာ မွေးဖွားကြတာချင်းလည်း တူကြပါတယ်။ မူလနိုင်ငံကနေ ပြောင်းရွှေ့ခဲ့ရတာချင်းလည်း တူကြပါတယ်။ ဒေါက်တာ ဇေဘယ်မိသားစုက ပိုလန်ကနေ ဩစတြေးလျကို ပြောင်းရွှေ့ရသူ ဖြစ်ပြီး၊ မင်းသားကြီး အာနိုး မိသားစုက ဩစတြီးယားဆိုတဲ့ နိုင်ငံကနေ အမေရိကားကို ပြောင်းရွှေ့ခဲ့ရသူ ဖြစ်ပါတယ်။
ဒေါက်တာ ဇေဘယ်အကြောင်းကို စမိတ်ဆက်တဲ့ အခါ ဂျူးလူမျိုးဖြစ်တာ၊ ထင်ရှားတဲ့စာရေးဆရာ၊ ဝတ္ထုရေးဆရာ၊ လူ့အခွင့်အရေးလှုပ်ရှားသူ၊ လူသားဆန်မှုကို အလေးထားတဲ့ စာပေများစွာဖန်တီးသူ ဆိုတာကြောင့် ကျနော် စိတ်ဝင်စားပါတယ်။ ဘာကြောင့်လဲဆိုရင် အရင်ရက်ကပဲ ဆစ်ဒနီက ဂျူးပွဲတော်တခုကို သေနတ်သမားနှစ်ယောက် ဝင်ပစ်ခဲ့တဲ့ ထိန့်လန့်စရာ သတင်းဟာ ပူပူနွေးနွေးရှိပါသေးတယ်။
နောက်တချက်ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျနော် ကျောင်းတက်နေတဲ့ ကာလမှာ မယ်ဘုန်းတက္ကသိုလ်ဝင်းထဲမှာ နိုင်ငံရေး လေပွေ ဝဲဂယက်တွေရှိပါတယ်။ ဂါဇာမှာ ဖြစ်နေတဲ့ နိုင်ငံရေး မုန်တိုင်းရဲ့ အဆက်ပါ။ အထူးသဖြင့် အစ္စရေးဘက်က ပစ်ခတ်တဲ့ အမြောက်ဆံကြောင့် ပါလက်စတိုင်းဘက်မှာ အရပ်သားသေဆုံးမှုကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပါတယ်။ တခါတရံ အတန်းတွေ ရပ်ပစ်ရတဲ့အထိ၊ လုံခြုံရေးတွေ ပိတ်ဆို့ရတဲ့ အထိ ပြင်းထန်ပါတယ်။
ဒါပေမယ့် ဒီတက္ကသိုလ်ကနေ ဂျူးနွယ်ဖွား ထင်ရှားတဲ့ စာရေးဆရာ တယောက်ကို ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ပေးတယ်ဆိုတော့ ကျနော်အတွက် ပိုစိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ တကယ်က ဆရာက နဂိုကတည်းက မယ်ဘုန်းတက္ကသိုလ်မှာပဲ BA နဲ့ PhD ဘွဲ့တွေရပြီးသားဖြစ်လို့ ဒီတက္ကသိုလ်ဟာ သူ့ရဲ့ မိခင်ဌာနပါပဲ။
အတိုချုပ်ရရင် ဒေါက်တာ ဇေဘယ်ရဲ့ မိန့်ခွန်းကို ကျနော် ဂရုစိုက်နားထောင်ပါတယ်။ ဆရာက သူ့မိခင်ဟာ ပိုလန်မှာ ပဋိပက္ခနဲ့ စစ်ပွဲတွေကြားထဲ ကလေးဘဝကို ဖြတ်သန်းခဲ့ရလို့၊ ညည ‘ မေမေ၊ မေမေ’ လို့ အော်ခေါ်ရင်း လန့်လန့်နိုးတတ်တဲ့ အကြောင်း ပြောပါတယ်။ တကယ်တော့ သူ့ မိခင်ဘက်က သွေးသားအရင်းအခြာတွေ မကပါဘူး။ ဖခင်ဘက်က ညီအကိုတွေ၊ ဝမ်းကွဲများဟာ ဂျူး ဖြစ်လို့ အသတ်ခံခဲ့ရ၊ ပျောက်ဆုံးခဲ့ရပါတယ်။
ဒါပေမယ့် ဒေါက်တာ ဇေဘယ်က သူ့ မေမေ ပြောပြတဲ့ စကားတခွန်းကို မှတ်သားထားပါတယ်။
‘ ကမ္ဘာကြီးထဲမှာ ကမ္ဘာငယ်ကလေးတွေ အများကြီးရှိတယ်။ အမေတို့တွေဟာ တူတူပုန်းတမ်း ကစားနေကြတာကွဲ့’
ဒေါက်တာ ဇေဘယ်ရဲ့ မိခင်ဟာ ပိုလန်က ယီဒစ် - Yiddish ဘာသာစကားပြောတဲ့ လူမျိုးဖြစ်ပြီး၊ ရိုးရာ အဆိုတော်ပါ။ အဖေကလည်း ယီဒစ် လူမျိုးကဗျာဆရာပါ။ နယူးဇီလန်မှာ မွေးတဲ့ ဇေဘယ်ကလေး အရွယ်ရောက်တော့ ပိုလန်ကို ပထမဆုံးသွားတဲ့အခါ သူ့အဖေ ကဗျာဆရာက ပိုလန်က နာရီစင်ကြီးကို သတိရကြောင်း ပြောပေးပါလို့ သူ့သားကို မှာပါတယ်။ ဒီလို အဖေနဲ့ အမေက မွေးတဲ့သားဟာ ဒေါက်တာဇေဘယ်ဖြစ်လာပါတယ်။
ဒေါက်တာ ဇေဘယ်ရဲ့ ဘဝဇာတ်လမ်းဟာ ပဋိပက္ခ၊ ခွဲခြားဆက်ဆံမှုတွေကနေ လွတ်မြောက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက ဒီအချိန်မှ စတယ်။ ဒေါက်တာ ဇေဘယ်ဟာ သူ့မေမေ ပြောတဲ့ ကမ္ဘာကြီးထဲက ကမ္ဘာငယ်များစွာကို ရှာပုံတော် ဖွင့်ပါတယ်။ ကမ္ဘာအနှံ့ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေ ရှိတဲ့ အရပ်တွေဆီ မနေမနား ခရီးထွက်ပြီး စာအုပ်တွေ ရေးပါတယ်။ အမှတ်ရချက်တွေ၊ အက်ဆေးတွေက ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အခြေချသူတွေရဲ့ အသံတွေကို ပဲ့တင်ထပ်ပေးပါတယ်။
‘ဇာတ်လမ်းတပုဒ်ဆိုတာ လူသားတယောက်အကြောင်းကို အသေးစိတ်ခြယ်မှုန်းပြတဲ့ အနုပညာဆိုပေမယ့် တချိန်တည်းမှာ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်’ လို့ ပြောတယ်။
ဆရာကြီးဟာ ဆင်စွယ်နန်းတော်ထဲက ပါရဂူ၊ စာရေးဆရာမဟုတ်ပါဘူး။ တက္ကသိုလ်ဆိုရာမှာ အခုလို ဘွဲ့တွေပေးတဲ့ တက္ကသိုလ်သာမက လမ်းဘေးတက္ကသိုလ်များစွာ ရှိတယ်ဆို မမေ့ပါနဲ့ လို့ ဆရာက ပြောတဲ့အခါ ကျနော်က ဆရာဇော်ဂျီရေးတဲ့ ‘ပုဂံစျေး’ ဝတ္ထုကို သတိရပါတယ်။ အထူးသဖြင့် အခုလို သတင်းအမှားတွေ၊ သတင်းလိမ်တွေဖောင်းပွတဲ့ ကာလပျက်ကြီး၊ လူ့တယောက်ရဲ့ အတ္တအစွဲနဲ့ တယူသန်မှုကို ပိုပြီးမီးထိုးပေးတဲ့ အယ်ဂရစ်သမ်တွေခေတ်မှာ သာမန်လူတွေကြားထဲ အမှန်တရားရှာဖို့ ပိုလိုအပ်လာတယ်လို့ ဆရာက သတိပေးပါတယ်။ သူ့မေမေရဲ့ စကားအတိုင်း ‘ကမ္ဘာကြီးကြီးထဲ ကမ္ဘာငယ်များစွာရှိနေတာကို တွေ့အောင်ရှာကြပါ’ ဆိုတဲ့ ဆရာ့ စကားကိုလည်း မှတ်သားထားလိုက်ပါတယ်။
ဘွဲ့နှင်းသဘင်က အပြန် ကျနော့်မှာ အတွေးများစွာ ပါလာပါတယ်။
ပဋိပက္ခ၊ ခွဲခြားဆက်ဆံမှု၊
လူသားဆန်မှု၊ လွတ်မြောက်ခြင်း၊
လိုက်တမ်း ပြေးတမ်း၊
လမ်းဘေးတက္ကသိုလ်။
ကျေးဇူးတင်ပါတယ် ဒေါက်တာ ဇေဘယ် ခင်ဗျား။
နေသွင်ညိဏ်း
၂၀ ဒီဇင်ဘာ ၂၀၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
