အာဏာသိမ်းထားတဲ့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်အလို
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၆ မြင်ကွင်း
အာဏာသိမ်းထားတဲ့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်အလို
၂၀၂၀ ခုနှစ် နိုဝင်ဘာလဆန်းမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြီး ၃ လနီးပါးအကြာမှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကပဲ ၅ နှစ်နီးပါးအကြာမှာ နောက်ထပ်ရွေးကောက်ပွဲ တခုကို ကျင်းပဖို့ ၂ ရက်သာလိုပါတော့တယ်။
တနင်္ဂနွေနေ့ ဖြစ်တဲ့ သဘက်ခါ ဒီဇင်ဘာ ၂၈ ရက်နေ့ မှာ အာဏာသိမ်းစစ်အစိုးရက ဦးစီးတဲ့ ရွေးကောက်ပွဲရဲ့ ပထမပိုင်းကို ကျင်းပမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို တနိုင်ငံလုံးမှာ တပြိုင်နက်ကျင်းပရမယ်လို့ အခြေခံဥပဒေလိုမျိုးမှာ ထည့်သွင်းပြဋ္ဌာန်းထားတာလည်း မရှိတာကြောင့် လုံခြုံရေးအခြေအနေကို အကြောင်းပြုပြီး ရွေးကောက်ပွဲကို ၂ လ ဝန်းကျင်ကာလအတွင်း ၃ ကြိမ်ခွဲပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ မြို့နယ်တွေ မြို့တွေ၊ ကျေးရွာအရေအတွက်က လွတ်လပ်ရေးရပြီးနောက် ခေတ်သစ်သမိုင်းမှာ အနည်းဆုံးအဖြစ် မှတ်တမ်းတင်ရမယ့် အနေအထားဖြစ်လောက်အောင် နည်းပါးနေတာလည်း ဖြစ်ပါတယ်။
၁၉၄၉ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကာလအတွင်းမှာလည်း ရွေးကောက်ပွဲ ကျင်းပခဲ့ဖူးပြီး အဆိုပါ ပြည်တွင်းစစ်ကာလ ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လကနေ ၁၉၅၂ ခုနှစ် ဧပြီလအတွင်း ၉ လနီးပါးကြာမြင့်တဲ့ အချိန်ယူပြီး ကျင်းပခဲ့တာဖြစ်လို့ အခု ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ် အစိုးရထက် အချိန်ပိုယူခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ထိုစဥ်ကာလက လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ၂၅၀ ရှိတဲ့အနက် ၂၃၂ နေရာအတွက်သာ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က မဲပေးနိုင်သူ အရေအတွက် ၈ သန်းအနက် ၁.၅ သန်းသာမဲပေးနိုင်ခဲ့တာကြောင့် ၂၀ ရာနှုန်းဝန်းကျင် မဲပေးခဲ့တဲ့ ရွေးကောက်ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် နေရာ ၂၃၂ နေရာ အတွက် ရွေးကောက်ပွဲကျင်းပတယ် ဆိုပေမယ့်လည်း နယ်မြေအားဖြင့် အဲဒီအချိုးအစားနဲ့ ညီမျှတဲ့ ကျယ်ပြန့်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ပြည်တွင်းစစ်ကာလ ဖြစ်နေတာကြောင့် လုံခြုံရေးမပေးနိုင်တဲ့ အနေအထားမှာ ဥပမာအားဖြင့် မဲဆန္ဒနယ်မြေ ၁၇ မြို့ အနက် ၃ မြို့နယ်မှာသာ ကျင်းပနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။
ယခု ၂၀၂၅-၂၆ ရွေးကောက်ပွဲကတော့ ပြည်တွင်းစစ်ကာလအတွင်း ရွေးကောက်ပွဲချင်း တူသည့်တိုင် ၁၉၅၁-၅၂ ခုနှစ်ရွေးကောက်ပွဲလောက် မဲဆန္ဒနယ်မြေ ရာနှုန်းများများ မကျင်းပနိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ လက်ရှိအခြေခံဥပဒေနဲ့ မဲဆန္ဒနယ်မြေ သတ်မှတ်ချက်အရ မြို့နယ် ၃၃၀ မြို့နယ် အနက် ၅၆ မြို့နယ်မှာ လုံးဝ မကျင်းပနိုင်ပါဘူး။ တစိတ်တပိုင်းအားဖြင့် မကျင်းပနိုင်တဲ့ မြို့နယ်တွေကို ရေတွက်ကြည့်ရင်တော့ ၁၀၃ မြို့နယ် အရေအတွက် ရှိတာကြောင့် စုစုပေါင်း အရေအတွက်ရဲ့ ၃ ပုံ ၁ ပုံနီးပါးမှာ တစိတ်တပိုင်း မကျင်းပနိုင်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၅၁-၅၂ ရွေးကောက်ပွဲတုန်းက မြို့ ၁၇ မြို့ အနက် ၃ မြို့သာ ကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ အခု ၂၀၂၅-၂၆ ရွေးကောက်ပွဲမှာလည်း မြို့နယ် ၃ မြို့နယ်ကနေ အများဆုံး ၇ မြို့နယ်ကိုသာ ကျင်းပမယ့် အရေအတွက်ထဲ ထည့်သွင်းနိုင်တာ တွေ့ရမှာပါ။ စစ်တပ်လက်ထဲမှာ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေတို့သာ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပြီး တောင်ကုတ်၊ သံတွဲ၊ ဂွတို့ကို ရွေးကောက်ပွဲကျင်းပမယ် ဆိုခဲ့ရင်တောင် အဝေးရောက် ရွေးကောက်ပွဲနဲ့ မဲပေးမှုတွေသာ ဖြစ်နိုင်ပါတယ်။
ဒါတွေက မြန်မာနိုင်ငံ သမိုင်းမှာ မှတ်တမ်းတင် နှိုင်းယှဥ်ရမယ့် ၁၉၅၁-၅၂ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၂၅-၂၆ ခုနှစ်ရွေးကောက်ပွဲ ၂ ခု ဖြစ်ပါတယ်။
ယခုကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေအကြားမှာလည်း သဘောထား တခုတည်းတော့ ရှိမနေကြပါဘူး။ အချို့က ရွေးကောက်ပွဲက လွတ်လပ်မှုမရှိ၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပြီး အခုရွေးကောက်ပွဲကို လုပ်တာဖြစ်လို့ ယုံကြည်စရာမရှိတဲ့ စစ်အစိုးရက လုပ်တာဖြစ်လို့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ရမယ်၊ အားပေးခြင်း ပါဝင်ခြင်း မပြုရဘူးလို့ ယူဆတဲ့ နိုင်ငံရေးသမားတွေ ရှိသလို၊ ရွေးကောက်ပွဲက လွတ်လပ်မျှတမှု ရှိတဲ့ရွေးကောက်ပွဲလို့ မဆိုနိုင်သည့်တိုင် လက်ရှိ ပြည်တွင်းစစ်၊ စစ်အုပ်ချုပ်ရေး၊ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ပွဲတွေကနေ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့က ရွေးကောက်ပွဲဟာလည်း နည်းလမ်းတရပ်၊ ရွေးချယ်စရာတရပ်လို့မြင်ကြတာ ဖြစ်ပါတယ်။
လက်နက်ကိုင်လမ်းစဥ်၊ စစ်အာဏာရှင်အစိုးရကို လက်နက်ကိုင် နည်းလမ်းနဲ့သာ အနိုင်ယူနိုင်မယ်လို့ ယူဆထားကြတဲ့ PDF လက်နက်ကိုင် အဖွဲ့တွေက ရွေးကောက်ပွဲနည်းလမ်းက အာဏာသိမ်းစစ်တပ်ကို တရားဝင်အောင် လုပ်ဆောင်ပေးတဲ့ အဖြစ်အပျက်တခု အဖြစ်သာရှုမြင်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ရွေးကောက်ပွဲ မကျင်းပနိုင်အောင် လုပ်ဆောင်ဖို့ ပြောဆိုနေကြတာလည်း တွေ့ရမှာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က ရွေးကောက်ပွဲ ဖြစ်စဥ်မှာ ပါဝင်သူတွေကို အရေးယူအပြစ်ပေးမယ်လို့ ကြေညာထားတာရှိသလို အချို့ကတော့ မဲမပေးဖို့သာ တိုက်တွန်းပြီး အရေးယူအပြစ်ပေးမယ့်အထိ ပြောဆိုတာ မတွေ့ရပါဘူး။ သို့ပေမဲ့ ယမန်နှစ် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းနဲ့ မဲစာရင်းတွေ စတင်ကောက်ယူစဥ်ကစလို့ အချို့နယ်တွေမှာ ကောက်ယူတဲ့ စစ်အစိုးရလက်အောက်က ဝန်ထမ်းတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေ ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။
လတ်တလော မဲဆွယ်ပွဲကာလတွေမှာလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ရုံးတွေကို ဗုံးခွဲတာတွေ ဖြစ်ပွားခဲ့တာပါ။ စစ်တပ်က အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်တွေ ဦးဆောင်ပြီး စစ်တပ်ကို အပြည့်အဝထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာတော့ စစ်တပ်နဲ့ ရဲက လုံခြုံရေးအပြည့် ယူပေးကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ကာကွယ်ပေးမယ့် ဥပဒေတွေ ထုတ်ပြန်ကာ ရွေးကောက်ပွဲ ဆန့်ကျင်ပြောဆို ရေးသားသူတွေကို ဖမ်းဆီး ထောင်ချတာတွေလည်း ပြီးခဲ့တဲ့လတွေကတည်းက လုပ်ဆောင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာအစိုးရတွေ အနေနဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြတဲ့ နိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ ရှိသလို အချို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံ၊ နိုင်ငံတွေ ပူးပေါင်းဖွဲ့စည်းထားကြတဲ့ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂတို့ အနေနဲ့လည်း မှတ်ချက်အမျိုးမျိုး သဘောထား အမျိုးမျိုး ပြောဆိုနေကြတာတွေ့ရပါတယ်။ အာဆီယံ အနေနဲ့ အသိအမှတ်မပြုဘူးဆိုတဲ့ သဘောထားမျိုး မပြောသော်လည်း အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်ပြီး တရားမျှတမှု အခြေအနေမရှိတာကို အလေးပေးပြောဆိုတာ တွေ့ရပါတယ်။ အိန္ဒိယ၊ တရုတ်၊ ရုရှားတို့ကတော့ ရွေးကောက်ပွဲ ဖြစ်စဥ်ကို အကူအညီပေးကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
ရွေးကောက်ပွဲကို အကူအညီပေး၊ ထောက်ခံတဲ့ နိုင်ငံတွေရဲ့ အမြင်ကတော့ ပြည်တွင်းစစ်ကို အရှိန်လျှော့ချဖို့၊ တည်ငြိမ်မှု အနေအထားရဖို့၊ ပြည်တွင်းစစ်မီး အရှိန်ကြောင့် ဒုက္ခသည်တွေ၊ ထွက်ပြေးခိုလှုံမှုတွေ နယ်စပ်ကို ကျော်လာပြီး ဒေသတွင်းနိုင်ငံတွေဆီထိ ရောက်မလာအောင် အာဏာရယူထားတဲ့ စစ်အစိုးရကို ကောင်းမွန်တယ်လို့ မမြင်သည့်တိုင် အဆိုးဆုံးအခြေအနေတွေထဲက အကောင်းဆုံး တခုကို ရွေးခြယ်ရမယ့် အနေအထားမျိုးမှတ်ယူကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ နိုင်ငံရေးဝါဒသဘောတရားအရဆိုရင် realism politics လို့ ဆိုတဲ့ ရှုထောင့်က ချဥ်းကပ်ပြီး စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို လက်ခံကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ အင်အားစုတွေ အနေနဲ့ ရွေးကောက်ပွဲ နည်းလမ်းကို လက်မခံသင့်ဘူးဆိုရင် အခြားရွေးချယ်စရာ လမ်းစဥ်တခုကို ထုတ်ဖော်ပြောဆိုဖို့လည်း ရွေးကောက်ပွဲလမ်းစဥ်ကို ရွေးချယ်ကြတဲ့ နိုင်ငံရေးသမား၊ အင်အားစုတွေက မေးခွန်းထုတ်ကြပါတယ်။ လက်နက်ကိုင်လမ်းစဥ်က အဖြေ၊ ရွေးကောက်ပွဲ မဟုတ်တဲ့ ရွေးချယ်စရာနည်းလမ်းလို့ ဆိုရင် လက်နက်ကိုင် လမ်းစဥ်နဲ့ အောင်ပွဲရဖို့ နီးပြီလား သို့မဟုတ် ကာလအကန့်အသတ်တခုကို ပြောဆိုနိုင်မလား ဆိုတဲ့ မေးခွန်းမျိုးလည်း ရှိနေတာ ဖြစ်ပါတယ်။ နှစ် ၇၀ ကျော်၊ ၈၀ နီးပါး ကြာရှည်လာတဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ရဲ့ သဘာဝ၊ ဒါဇင်နဲ့ချီရှိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု၊ အကျိုးစီးပွား ဝိရောဓိဖြစ်မှုတွေက လက်နက်ကိုင်လမ်းစဥ်ရဲ့ အောင်ပွဲခံမှုကို ရှည်ကြာစေမှာလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေတာဖြစ်ပြီး မေးခွန်းတွေရဲ့ အဖြေကတော့ လွယ်ကူ ရှင်းလင်းစွာ ရှိမနေတာ အသေအချာပင် ဖြစ်ပါတယ်။
ချုံ့ဆိုရရင် ၂၀၂၅-၂၆ ရွေးကောက်ပွဲဟာ အာဏာသိမ်းစစ်တပ် အနေနဲ့ အာဏာသိမ်းစဥ်က ပေးထားတဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်ရင်း စစ်တပ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက အများစု အနိုင်ရပြီး ရွေးကောက်ခံ အစိုးရအဖြစ် ပြန်ပြီးပေါ်ထွက်လာဖို့ စီစဥ်ထားတဲ့ နိုင်ငံရေးဖြစ်စဥ် တရပ်ဖြစ်ပြီး ၄င်းတို့ ထိန်းချုပ်နယ်မြေမှာ နေထိုင်နေကြရတဲ့ ပြည်သူလူထု အနေနဲ့တော့ မလိုက်ပါချင်သည့်တိုင်အောင် ဆွဲခေါ်ခံရမယ့် အဖြစ်အပျက်တခုလို့ ဆိုရင် မမှားပါဘူး။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar