မြို့သိမ်းတိုက်ပွဲတွေနဲ့ မဟာဗျူဟာ
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂ ၊ ၂၀၂၆
မြို့သိမ်းတိုက်ပွဲတွေနဲ့ မဟာဗျူဟာ
၂၀၂၃ နှစ်ကုန်ပိုင်းက စပြီး ၂၀၂၅ ခုနှစ်ကုန်ဆုံးတဲ့အထိ စစ်အာဏာသိမ်းအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မြို့ အရေအတွက် ၈၀၊ ၉၀ ကျော်ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြတာတွေ့ ရပါတယ်။ အဲဒီကာလတွေမှာ မြို့တွေချည်းတိုက်ခိုက်သိမ်းယူတာတော့မဟုတ်ဘဲ စစ်တပ်ရဲ့ တပ်ရင်းတွေ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်တွေလည်း တိုက်ခိုက်သိမ်းယူခဲ့ကြတာ ဖြစ်ပါတယ်။ အချို့ စစ်စခန်းတွေနဲ့ တွဲလျှက်ရှိနေတဲ့မြို့တွေလည်း ပါဝင်သလို မြို့နဲ့ တွဲလျက်မဟုတ်တဲ့ တပ်ရင်း၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်စခန်း၊ နယ်ခြားစောင့်စခန်းတွေလည်း ပါဝင်တာတွေ့ရပါတယ်။
၂ နှစ်ကျော်ကာလအတွင်း မြို့ပေါင်း ၉၀ ကျော် ၁၀၀ နီးပါး သိမ်းယူခဲ့ပြီးနောက် အချို့မြို့တွေကို အာဏာသိမ်းစစ်တပ်က ပြန်လည် တိုက်ခိုက်ပြီးသိမ်းယူတာ၊ မြို့အနည်းငယ်ကတော့ အပစ်ရပ်သဘောတူညီမှုအရ ပြန်လွှဲပေးရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ ဥပမာ ပြရရင် လားရှိုး၊ မိုးကုတ်၊ မိုးမိတ်မြို့တွေက MNDAA၊ TNLA လက်နက်ကိုင် အဖွဲ့နဲ့ အာဏာသိမ်းစစ်တပ် အကြား အပစ်ရပ်သဘောတူညီမှု အရ ပြန်လည်လွှဲအပ်ပေးရတဲ့ မြို့တွေ ဖြစ်ပါတယ်။
အပစ်ရပ် သဘောတူညီမှုအရ မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်ဘက်က ပြန်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လက်လွှတ်လိုက်ရတဲ့ မြို့တွေလည်း အခုအခါမှာ ၁၀ မြို့ဝန်းကျင် ရှိလာပြီဖြစ်ပါတယ်။ ကောလင်း၊ ကော့ကရိတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မတ္တရာ၊ သပိတ်ကျဥ်း၊ စဥ့်ကူ၊ ဆီဆိုင်၊ မိုးဗြဲ၊ ဒီးမော့ဆို အစရှိတဲ့မြို့တွေက တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူပြီးနောက် လ၊ နှစ်ကြာပြီးမှ ပြန်လက်လွှတ်လိုက်ရတဲ့ မြို့တွေ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက ပုလဲနဲ့ ကရင်နီ (ကယား) ပြည်နယ်က လွိုင်ကော်တို့လို ရက်ပိုင်းအကြာ ထိန်းချုပ်နိုင်တဲ့မြို့၊ မြို့တမြို့လုံး မသိမ်းနိုင်ခဲ့တဲ့ မြို့အချို့လည်း ရှိခဲ့တာတွေ့ရမှာပါ။ ကချင်ပြည်နယ် ဗန်းမော်မြို့လို တနှစ်ကျော်ကြာသည်အထိ အပြီးတိုင် မသိမ်းနိုင်ဘဲ နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်နေရတဲ့ မြို့လည်း ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။
မြို့တွေကို တိုက်ခိုက်သိမ်းယူရတဲ့ အကြောင်းအချက်က တခုထည်းတော့မဟုတ်ပါဘူး။ အချို့မြို့တွေကို တိုက်ခိုက်သိမ်းယူဖို့ ဆုံးဖြတ်ရတဲ့ အချက်က ဆက်စပ်နေတဲ့ နယ်မြေတွေကို သိမ်းယူပြီးနောက်မှာ မြို့တွေထီးထီး ချန်ထားဖို့ မဖြစ်တာကြောင့် ဖြစ်ပါတယ်။ အချို့သောမြို့တွေက အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းတွေ အခြေချထားတာကြောင့်လည်း ၄င်းတို့ကို သိမ်းယူဖို့ တိုက်ခိုက်ရတဲ့အခါ မြို့တွေကိုပါ သိမ်းယူဖို့ဖြစ်စေတဲ့ သဘောလည်း ဖြစ်ပါတယ်။ အချို့သောမြို့တွေကတော့ အထက်က အကြောင်းအချက်မျိုးနဲ့ ကိုက်ညီမနေပေမယ့် မြို့တမြို့ကို သိမ်းယူနိုင်ခြင်းက Symbolic ဖြစ်ခြင်း (ပြယုဂ်သဘော) ကြောင့်လို့ ဆိုနိုင်ပါလိမ့်မယ်။
မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲရာမှာ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လက်နက်ခဲယမ်း၊ လူအင်အား အလုံအလောက်ရှိဖို့လည်း လိုအပ်သလို ကောင်းမွန်တဲ့ စစ်ရေးဗျူဟာလည်း ချမှတ်နိုင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ရန်သူ့ဘက်က ခုခံနိုင်စွမ်း၊ လက်နက်ခဲယမ်းနဲ့ ထောက်ပံ့ရေး လမ်းကြောင်း၊ နည်းလမ်း စတာတွေကိုလည်း ကြိုတင်တွက်ချက် သုံးသပ်နိုင်ဖို့ လိုအပ်ပါတယ်။
လွိုင်ကော်မြို့ကို သိမ်းယူဖို့ လနဲ့ချီကြိုးစားထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ စစ်အာဏာရှင်တပ်ရဲ့ ခုခံမှု၊ ထောက်ပံ့ပို့ဆောင်ရေး စတာတွေကို အနိုင်မယူနိုင်တဲ့အခါ လအတန်ကြာမှာ ပြန်လည်ဆုတ်ခွာပေးခဲ့ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ကောလင်း မြို့သိမ်းတိုက်ပွဲလိုမျိုးကတော့ မြို့ရဲ့ ပထဝီ အနေအထားအရ အရပ်မျက်နှာအသီးသီးက ထိုးစစ်ပြန်ဆင်နိုင်ခြင်းက မြို့ကို ခုခံထိန်းသိမ်းထားဖို့ အခက်အခဲဖြစ်စေတာပါ။
ဒီအချက်တွေအပြင် အာဏာသိမ်းစစ်တပ်ဘက်မှာ လေကြောင်း ပစ်ကူရနိုင်တာ၊ လေကြောင်းက ထောက်ပံ့ပို့ဆောင်ရေး လုပ်နိုင်တဲ့အချက်ကလည်း တော်လှန်ရေးအင်အားစုတွေ အဖို့ အားနည်းချက်ဖြစ်စေတာပါ။
မြို့တွေ တိုက်ခိုက်သိမ်းမှုနဲ့ ပတ်သက်လို့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မဟာဗျူဟာ ရှိပြီးဖြစ်နိုင်ပါတယ်။ ၄င်းတို့ လူမျိုး အများစုနေထိုင်ကြတဲ့ ဒေသ၊ ၄င်းတို့ရဲ့ လူမျိုးတွေ အခြေချနေထိုင်တဲ့ဒေသတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ မူနဲ့ အကျုံးဝင်တဲ့ နယ်မြေဒေသတွေကို တိုက်ခိုက်သိမ်းယူဖို့ အခြေအနေပေးတဲ့အခါ တိုက်ခိုက်သိမ်းယူပြီး အုပ်ချုပ်ရေး ထူထောင်တာ၊ နောက်ဒုတိယ အနေနဲ့တော့ ကြားခံနယ်မြေတွေကို တိုက်ခိုက်သိမ်းယူတဲ့ သဘော၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အတူ ကြားခံနယ်မြေတွေ သိမ်းယူဖို့ ဗျူဟာ ချမှတ်ထားတာမျိုး၊ နောက်ဆုံး မလွှဲမရှောင်သာ အပစ်ရပ်ဖို့ သဘောတူကြရတဲ့ အနေအထားမျိုးမှာ ကြားခံနယ်မြေထဲ ပါဝင်တဲ့ မြို့တွေကို ပြန်လွှဲပေးတာမျိုး အထိ စဥ်းစားလုပ်ဆောင်ကြတာလို့ ယူဆရပါတယ်။ တနည်းအားဖြင့် ဆိုရရင် အပေးအယူလုပ်ဖို့ အခြေအနေအခွင့်သာတဲ့ အချိန်မှာ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
အခုလို ကြားခံနယ်မြေ သဘောမျိုး တိုက်ခိုက်သိမ်းယူတာ သို့မဟုတ် ပြယုဂ်သဘောမျိုးနဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခြင်းတွေက မြို့ခံတွေ အဖို့ မြို့သိမ်းတိုက်ပွဲတွေကို နားလည် ထောက်ခံမှု ကျဆင်းလာစေတဲ့ အမြင်တွေလည်း ပေါ်ထွက်စေတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ်ထဲမှာ သိမ်းယူခဲ့ပြီး တနှစ်ကျော်အကြာ ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ အဖြစ်က မြို့သိမ်းတိုက်ပွဲရဲ့ ရည်ရွယ်ချက်၊ သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။
အခု ရက်ပိုင်းအတွင်းမှာ မြို့သိမ်းဖို့ ထိုးစစ်ဆင်နေတဲ့ မြို့အချို့ရှိနေပြီး မကွေးတိုင်းထဲက ဆင်ဖြူကျွန်း နဲ့ စစ်ကိုင်းတိုင်း ထဲက ကသာမြို့တို့ ဖြစ်ပါတယ်။ မကွေးတိုင်းထဲက ဆင်ဖြူကျွန်းကိုတော့ စလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တာ ဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက ကသာမြို့ သိမ်းစစ်ဆင်ရေးမှာတော့ KIA နဲ့ နီးစပ်တဲ့ ကသာ၊ မိုးညှင်းဒေသတွေက PDF တပ်ဖွဲ့တွေ၊ ABSDF တပ်တို့က ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားတဲ့အခါ ထောင်သောင်းချီတဲ့ မြို့ခံတွေ မြို့ကို ရှောင်တိမ်းကြရ၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံး ပျက်စီးကြရတာတွေက ခုနေအခါမှာ ထည့်သွင်းစဥ်းစားစရာ အချက်တချက်ဖြစ်လာနေပါတယ်။ စစ်ပွဲဖြစ်နေတာကြောင့် ဘယ်သူမှ မတတ်နိုင်တဲ့ အရာလို့ ဆိုကြပေမယ့်လည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီး ရေရှည်ဆက်လက် ထိန်းချုပ်ထားနိုင်ဖို့ အင်အား၊ မဟာဗျူဟာ ရှိမရှိကို မေးခွန်းထုတ်လာကြတာလည်း တွေ့လာရပါတယ်။ မြို့တမြို့ အနေနဲ့ တကြိမ် မြို့ကို စွန့်ခွာပြီး တိမ်းရှောင်ကြရတဲ့နောက် နောက်လအတန်ကြာ သို့မဟုတ် တနှစ်ကျော် ၂ နှစ်အတွင်း နောက်တကြိမ် မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာလို့ ထပ်ပြီး ထွက်ပြေးကြရတာမျိုးကို မရင်ဆိုင်ချင်၊ မကြုံတွေ့ချင်ကြတာလည်း ဖြစ်ပါတယ်။ နောင်ချို၊ ကျောက်မဲ တို့လိုမြို့တွေ၊ ကရင်ပြည်နယ်မှာ ကော့ကရိတ်လို တကြိမ်မက မြို့ကို စွန့်ခွာ တိမ်းရှောင်ကြရပြီးနောက်မှာ အသက်မွေးဝမ်းကျောင်း အလုပ်၊ မိသားစုတွေရဲ့ ရပ်တည်ရေး စတာတွေက နာလန်ထူဖို့ ခက်ခဲလာကြတာ ဖြစ်ပါတယ်။
အဆိုပါ အဖြစ်အပျက်သာဓကတွေက နောက်ထပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ့် အခါမျိုးမှာ လူထုအနေနဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးကို ထောက်ခံအားပေးဖို့ ဝန်လေးလာစေမယ့် အချက်ကိုလည်း တော်လှန်ရေး အင်အားစုတွေ အနေနဲ့ သတိပြုသင့်ပြီဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar