မောင်တူး - ၃၅ နှစ်တိုင် မမေ့နိုင်ခြင်း ခရမ်းဦးတင်မောင်ဝင်း
မောင်တူး - ၃၅ နှစ်တိုင် မမေ့နိုင်ခြင်း ခရမ်းဦးတင်မောင်ဝင်း
မိုးမခ ၊ ဇန်နဝါရီ ၂၂ ၊ ၂၀၂၆
ကင်ဆာသတ်ခဲ့၊ ကျဆုံးခဲ့ရာ
သုံးဆယ့်ငါးနှစ်၊ ကြာပြီဖြစ်လည်း
လွမ်းကြဆဲပင်၊ ဦးတင်မောင်ဝင်း
ကြယ်နီမင်းအား၊ ရင်တွင်းထာဝရ
ဂုဏ်ပြုကြဆဲပါတကား။ ။
ကင်ဆာရောဂါမရှိ ကင်ဆာနဲ့ ကွယ်လွန်ခဲ့သည့် ၃၅ နှစ်ပြည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းကို ၁၉၉၀ ရွေးကောက်ပွဲ မဲနိုင်အပြီးမှာ နဝတ စစ်အစိုးရက ဖမ်းဆီးခဲ့တယ်။ အင်းစိန်ထောင်တွင်းမှာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်က ကွယ်လွန်သွားခဲ့တာပါ။ အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှာ ၃၅ နှစ်ပြည့်ပါပြီ။ ဒါပေမယ့် မိသားစုကိုတော့ ၂၀-၁ -၁၉၉၁ ကျမှ အသိပေးခဲ့ပါတယ်။ မိသားစုက သွားကြည့်တဲ့အခါ (ကဗျာဆရာကြီး ဦးတင်မိုး) လည်း အတူပါသွားပါတယ်။ ခန္ဓာကိုယ်ဟာ အရိုးအပြိုင်းပြိုင်း အလွန်အမင်း ပိန်သွားပြီး ဒဏ်ရာတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ထောင် ဆရာဝန်ကတော့ ကင်ဆာရောဂါကြောင့် သေဆုံးရပါတယ်လို့ ဆေးမှတ်တမ်း ထုတ်ပေးပါတယ်။ ဖမ်းစဉ်က ဘာရောဂါမှမရှိဘဲ အကောင်းကြီးနဲ့ ခေါ်သွားခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်။ ပြီးမှ ကင်ဆာနဲ့ ဆုံးပါသတဲ့။ ဒါကြောင့် ကင်ဆာရောဂါမရှိသူ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ၃၅ နှစ်ပြည့်ဟာ ဒီနေ့ပါပဲ။ ဦးတင်မောင်ဝင်းရဲ့ဇနီး စာရေးဆရာမကြီး (ဒေါ်) ခင်လိုင်ကြူ ကတော့ - - - ရုတ်တရက် သေနိုင်တဲ့ ရောဂါမျိုးမရှိဘဲ ထောင်တွင်းမှာ အရိုးအပြိုင်းပြိုင်းနဲ့ ကွယ်လွန်သွားပြီးမှ ကင်ဆာကြောင့်လို့ ထောင်ဆရာဝန်က အမည်တပ်ခဲ့ပါတယ် - - - လို့ သူ့ရဲ့ “လွမ်းလေသမျှ” စာအုပ်မှာ ရေးသားခဲ့ပါတယ်။ ဒါကို (စစ်ထောက်လှမ်းရေး အစောင့်တွေကြား အကန့်အသတ်နဲ့ လုပ်ခွင့်ရတဲ့) ဦးတင်မောင်ဝင်းရဲ့ လွန်ခဲ့တဲ့ ၃၅ နှစ်အကြာက ဈာပနပွဲကို ရန်ကုန် NLD မြို့နယ်အဖွဲ့တခုက ပို့တဲ့ ပန်းခွေမှာ အောက်ပါအတိုင်း ရေးသားဖော်ပြပြီး မကျေနပ်ကြောင်း ဆန့်ကျင်ကြောင်း ပြခဲ့ပါတယ်။
လူကိုသတ်တာ
ကင်ဆာတဲ့လား
ကင်ဆာ ကျဆုံးပါစေ ...။
ဦးတင်မောင်ဝင်းဟာ NLD ရဲ့ အမာခံခေါင်းဆောင်တဦး
ခရမ်းဇာတိ ဦးတင်မောင်ဝင်းကို ၁၉၄၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က မွေးဖွားခဲ့တယ်။ အခုထိ သက်ရှိထင်ရှား ရှိနေဦးမည် ဆိုရင် သူ့အသက် ၈၆ နှစ်ပေါ့။ သူ ကျဆုံးချိန်ကတော့ ၅၁ နှစ်ပဲ ရှိပါသေးတယ်။ ခရမ်းဦးတင်မောင်ဝင်းကို NLD ရဲ့ အမာခံ ခေါင်းဆောင်လို့ ဆိုချင်ပါတယ်။ ဒီနေရာမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျနော်တို့ ၈၈၈၈ မျိုးဆက် လူငယ်တွေ နားလည်ခဲ့တာက ၁၉၈၈ အရေးတော်ပုံကြီးကို စုစည်းထားတဲ့ အကြီးမား အင်အားစုကြီးပါပဲ။ ဦးတင်မောင်ဝင်းဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ခရမ်းမြို့နယ်မဲ ဆန္ဒနယ် အမှတ် (၂) ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDကိုယ်စားပြု ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသူပါ။ သူဟာ ဗကသ ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့ပြီး ၁၉၆၂ ခုနှစ်၊ ၇ ဇူလိုင် အရေးအခင်းမှာ ရန်ကုန် တက္ကသိုလ် ကျောင်းသားအခွင့်အရေး ကာကွယ်မှု တိုက်ပွဲ ကော်မတီ ဥက္ကဋ္ဌအဖြစ် တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ နောင်တော် ခွပ်ဒေါင်း ကျောင်းသားခေါင်းဆောင်ကြီးပါ။ ၁၉၆၃ ခုနှစ်က ၁၉၇၀ ပြည့်နှစ် အထိ လုံခြုံရေး ပုဒ်မ (၅) နဲ့ ထောင် ၇ နှစ် ကျခဲ့ပါတယ်။ ထောင်က လွတ်ပြီးတဲ့နောက် စစ်ထောက်လှမ်းရေးရဲ့ စောင့်ကြည့်မှုအောက်မှာပဲ ခရမ်းမြို့နယ်ရှိ မိသားစုပိုင် ဆန်စက် မန်နေဂျာ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
၈၈၈၈ အရေးတော်ပုံကြီးအပြီး NLD ရန်ကုန်တိုင်း တာဝန်ခံ ဖြစ်လာပါတယ်။ တကယ်လို့များ သူရှိနေသေးရင် ၂၀၁၆ ခုနှစ် NLD အစိုးရမှာ ရန်ကုန်တိုင်းရဲ့ ဝန်ကြီးချုပ် အဆင့်အထိ ဖြစ်လာနိုင်သူပါ။ ဒါကြောင့်လည်း နဝတ စစ်အစိုးရက (ပြည်သူကို သစ္စာဖောက်ပြီး) သူတို့နဲ့ ပူးပေါင်းမလား။ နှိပ်စက်ရင်း အသေခံမလား။ ၂ လမ်းထဲက တလမ်း ရွေးခိုင်းခဲ့ပါတယ်။ သူကတော့ ရန်သူကို အရှုံးမပေးရေး၊ ပြည်သူ ပေးအပ်တဲ့ တာဝန် ကျေပွန်ရေးလမ်းကို အသက်ဆုံးခံပြီး လိုက်သွားခဲ့တယ်။ ရဲရဲတောက် ခွပ်ဒေါင်းခေါင်းဆောင် အာဇာနည်ပါ။ အခုတော့ (မောင်သော်ကတို့လို၊ ဒေါက်တာဇော်မြင့်မောင်၊ မုံရွာအောင်ရှင်၊ ရှေ့နေကြီး ဦးဉာဏ်ဝင်းတို့လို လူထုပါတီ NLD ရဲ့ အမာခံခေါင်းဆောင်တဦးအဖြစ် သမိုင်းတင်နေပါပြီ။
နိုင်ငံရေးအကျဉ်းသားတွေကြားက ကြယ်နီ
ဒီနေ့ဟာ ဦးတင်မောင်ဝင်းရဲ့ ထောင်တွင်း ကျဆုံးတဲ့ ၃၅ နှစ်ပြည့် ဖြစ်သလို နွေဦးတော်လှန်ရေး တိုက်ပွဲကြီးဟာလည်း ၅ နှစ်ပြည့်ပါပြီ။ ၈၈၈၈ အရေးတော်ပုံနောက်ပိုင်း ရန်ကြီးအောင်စိန်ဝင်း၊ ဦးညိုဝင်း၊ နီအောင်မေသု၊ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဌ ဦးခင်မောင်မြင့်၊ ခရမ်းဦးတင်မောင်ဝင်း အစရှိသဖြင့် ပြည်သူ့ဘက်တော်သားတွေ ကျဆုံးခဲ့ရသလို ဖမ်းဆီး နှိပ်စက်ခံနေကြရသူတွေလည်း သောင်းနဲ့ချီ ရှိခဲ့ပါရဲ့။ အလားတူ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဖမ်းဆီးခံရသူ ၃၀၀၀၀ ကျော် ရှိခဲ့ပြီး ၂၂၀၀၀ ကျော်ဟာ လက်ရှိ ထောင်တွေထဲမှာ ရှိနေဆဲပေါ့။ ဒီနေ့အထိ နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၇၆၉၀ ဦးကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။ ၈၈၈၈ ကာလတွေမှာ ဖြစ်ဖြစ် လက်ရှိနွေဦးတော်လှန်ရေး ကာလမှာ ဖြစ်ဖြစ် အသေခံ အကျဉ်းကျခံနေကြရသူတွေအပြင် စစ်အာဏာရှင်ကို အညံ့ခံ ပူးပေါင်း အရှုံးပေးသွားကြသူတွေလည်း ရှိနေတာပါ။ ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့အပါအဝင် ခေါင်းဆောင်တွေ တခြား တော်လှန်သူ ၂၂၀၀၀ ကျော်တို့ဟာ စစ်တပ်အကြိုက် လုပ်ဆောင်ပေးလိုက်ရင် ချက်ခြင်း လွတ်လာကြမှာပါ။ အခွင့်အရေးတွေ ရကြမှာပါ။ ဒါပေမယ့် နိုင်ငံအတွက်ကတော့ အဆိုးပဲ ဖြစ်စေမှာပေါ့။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ အပါအဝင် အားလုံးဟာ အနစ်နာခံ၊ အနှိပ်စက်ခံနေကြပြီး တိုက်ပွဲဝင်နေကြဆဲပါ။ ဒီတိုက်ပွဲလမ်းကို ပြသွားခဲ့ကြသူတွေထဲမှာတော့ ခရမ်းဦးတင်မောင်ဝင်းလည်း အပါအဝင် ဖြစ်ပါတယ်။ သူဟာ အနှိပ်စက်ခံ၊ အနစ်နာခံ၊ အသက်စွန့်ပြသွားခဲ့တဲ့ "နိုင်ငံရေးအကျဉ်းသားတွေကြားက ကြယ်နီကြီး" ပါပဲ။
ကိုယ်ကျိုးစွန့်၍ သေခြင်းကား
မြင့်မြတ်သော သေခြင်းဖြစ်၍
ထွန်းသစ်သော သင့်ဂုဏ်ရောင်
တို့ခေတ်ကို အလင်းဆောင်လိမ့်
အောင်ပွဲတွေ တသီတတန်းနဲ့
လွမ်းလေသမျှ
ပန်းခွေချ၍ ဂုဏ်ပြုကြလိမ့်တကား။ ။
(တင်မိုး)
(ဦးတင်မောင်ဝင်း ၁၈-၁-၉၁ ဆုံးအပြီး ရေးတဲ့ ဆရာတင်မိုးရဲ့ ဂုဏ်ပြုကဗျာ)
ဦးတင်မောင်ဝင်း (သို့မဟုတ်) သေတာတောင် အစွယ်မကျိုး မြွေပွေးလိုလူမျိုး
၁၉၉၀ ရွေးကောက်ပွဲမှာ ဦးတင်မောင်ဝင်း ခရမ်း -၂ က ရွေးချယ်ခံရတယ်။ သူ့ရဲ့ ရွေးကောက်ပွဲမိန့်ခွန်းမှာ "ကျနော့်ရဲ့ဘဝ၊ ကျနော့်ရဲ့ အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ အကယ်၍များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့ အရိုးတွေ တောင်လိုပုံမယ်ဆိုရင် အရိုးပုံရဲ့ အောက်ဆုံးနေရာမှာ ကျနော့်အရိုး ရှိနေရပါစေမယ်။ " လို့ ရဲရဲတောက် ပြောကြားသွားခဲ့ပါတယ်။ ပြောသလိုလည်း အသက်စွန့်ပြီး လုပ်သွားခဲ့သူပါ။
ရန်ကုန်တိုင်း ခရမ်းမြို့နယ်ဇာတိ ဦးတင်မောင်ဝင်းကို ခရမ်းနဲ့ သုံးခွ ဆက်စပ်မြို့နယ်တွေက လယ်သမား အလုပ်သမား ပြည်သူလူထုတွေက အားကိုးကြပါတယ်။ ဦးတင်မောင်ဝင်းကို ဒေသအတွင်းမှာ ဦးကိုကိုကြီး ဆိုတဲ့ သူ့အမည် နောက်တမျိုးကိုသာ ခေါ်ကြပါတယ်။ တက္ကသိုလ်ကျောင်းသား ပြည်သူ့ဖက်က ရပ်သူ။ ရင်ဝမှာ ဓားထောက်ထားပါစေ။ မှန်ရာကိုသာ ပြောသူလို့ လက်ခံထားပြီး လေးစားကြပါတယ်။ သူ့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ခရမ်း - ၂ မဲဆန္ဒနယ်မှာ သူ့ရဲ့ အကိုကြီး အရင်း ဖြစ်သူ တစညပါတီက ဗိုလ်မှူးကြီးဇော်ဝင်းနဲ့ အပြိုင် ရွေးချယ်ရပါတယ်။ သူ့ဖခင် ဦးမြို့ဆိုရင်လည်း မြေပိုင်ရှင် စက်သူဌေး ဖဆပလ အာဏာပိုင် အသိုင်းအဝိုင်းကပါ။ သူ့အကို ဦးစိန်မောင် ဆိုလည်း သုံးခွမြို့နယ် ပါတီယူနစ်ဥက္ကဌ ဖြစ်ပါတယ်။ ဒီလို အာဏာပိုင် စစ်တပ် အရာရှိ ညီအကို မိဘ မောင်နှမတွေအကြားမှာမှ သူက တဦးတည်း ချွန်ထွက်လာတဲ့ ခွပ်ဒေါင်း အိုးဝေ ကျောင်းသားခေါင်းဆောင်။ ၁၉၉၀ NLD ခရမ်း- ၁ အမတ် ဦးကျော်သွင်ကတော့ ဦးတင်မောင်ဝင်း ကွယ်လွန်တဲ့ အနှစ် ၂၀ ပြည့် ဆောင်းပါးမှာ အခုလို ရေးခဲ့ပါတယ်။
"အကိုကြီး တင်မောင်ဝင်းကို ခရမ်းသူ ခရမ်းသားတွေက သိပ်ချစ်ကြပါတယ်။ အထူးသဖြင့် တောသူတောင်သားတွေက ပိုလို့ချစ်ကြပါတယ်။ သူ့ကို ရင်းနှီးသူတွေက တင်မောင်ဝင်းလို့ မခေါ်ကြပါ။ ကိုကိုကြီးလို့သာ ခေါ်ကြပါတယ်။ တကောကန်ကျေးရွာ လယ်သမားကြီး ဦးသန်း ကဆိုရင် "ကိုကိုကြီးကို သူ့အကို ဦးဇော်ဝင်းနဲ့ ဆွေမျိုးသားချင်းတွေကတော့ ဆွမ်းဆန်ထဲ ရောကျနေတဲ့ ကြွက်ချေးလို့ ပြောမှာပေါ့ကွ။ ဒါပေမဲ့ တကယ်ကျတော့ သူက ကျောက်ရိုင်းတုံးတွေကြားက အမြတ်ဆုံး စိန်ကွ၊ စိန်" လို့ အားရပါးရ ပြောဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ် အဖမ်းခံရပြီး နောက်ထပ် မျိုးချစ်အများစု ဦးစီးတဲ့ NLD ရဲ့ CEC ဗဟို (အလုပ်အမှုဆောင် အဖွဲ့) က ဗဟို ၊ တိုင်း နဲ့ မြို့နယ်အဆင့် ခေါင်းဆောင်တွေကို အကြောင်းအမျိုးမျိုးပြပြီး အရေးယူ ဆောင်ရွက်နေချိန်မှာ ဦးတင်မောင်ဝင်းက တွေ့ဆုံ ဖြေရှင်းပွဲတခုမှာ CEC တွေကို "တလှေတည်းစီး တခရီးတည်း သွားနေတယ်ပြောပြီး လှေဝမ်းဗိုက်ကို ဖောက်ပြီး လှေနစ်အောင် လုပ်နေတာ ဘယ်သူတွေလဲ" လို့ ပြန်လှန် မေးခွန်းထုတ်ပြီး ရဲရဲဝံ့ဝံ့ ဖြေရှင်းနိုင်သူ ဦးဆောင်မှု့ပေးနိုင်သူ တဦးလည်း ဖြစ်ပါတယ်။
ဦးတင်မောင်ဝင်းရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ပြည်သူ့တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလှရွေ ခေါ် အောင်သာ (PPP) ကတော့ ဦးတင်မောင်ဝင်းရဲ့ လွန်ခဲ့တဲ့ ၃၅ နှစ်က ဈာပနမှာ အခုလို ဂုဏ်ပြုစကား ပြောကြားခဲ့တာပါ။
"ကိုတင်မောင်ဝင်း ခင်ဗျားဟာ သေတာတောင် အစွယ်မကျိုးတဲ့ မြွေပွေးလို လူမျိုးပါဗျာ " တဲ့။
(ခရမ်းဦးတင်မောင်ဝင်း ကွယ်လွန် ၃၅ နှစ်နဲ့ နွေဦးတော်လှန် ၅ နှစ်ပြည့်)
အပင်ကိုချိုင်
အခက်အလက်တွေ
ဖြိုင်ဖြိုင်ထွက်သလိုပ
ဖြေရခက်ကြီး။
တခါခံ နှစ်ခါခံ
အသာစံ တကြိမ်ကြုံစမြဲမို့
အားခဲလို့ ရှေ့ကိုဆက်
မျှော်လင့်ချက်ခရီး။ ။
(ဦးတင်မောင်ဝင်း ကွယ်လွန် ၂၁ နှစ် ဆွမ်းကျွေးဖိတ်စာပါကဗျာ)
စစ်တပ်အာဏာသိမ်း ၅ နှစ်အတွင်းမှာ မြန်မာပြည်ဟာ အဆိုးဆုံး အခြေအနေကို ရောက်နေပြီ။ ဆိုးကွက်တွေချည်းလား။ ကောင်းတွက်တွေလည်း ရှိပါတယ်။ ရန်သူ စစ်တပ်နဲ့ ပေါင်းစားနေကြသူတွေကို ရှင်းရှင်းလင်းလင်း တွေ့နေရတယ်။ သစ္စာဖောက်တွေ မှိုတွေ ပေါက်ချိန်။ NLD မှာပဲကြည့် လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ပါတီဝင်တွေကြားမှာ အရှုံးပေးသွားကြသူတွေ တွေ့နေရတယ်။ ၈၈ ခေါင်းဆောင်တွေကြားမှာ ဖိုးသင်းမျောက်တွေ မြင်နေရတယ်။ ဒါပေမဲ့ ခရမ်းဦးတင်မောင်ဝင်းတို့လို သစ္စာမြဲ ယုံကြည်ချက်ကို တသက်ကိုင်စွဲ စွန့်လွှတ် စွန့်စား အသက်ကို ပဓာနမထားပဲ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြဆဲသူများလည်း ထောင် သောင်း သိန်း သန်း ရှိလာနေတာက ကောင်းကွက်ပါပဲ။ ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar