ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာ့နိုင်ငံရေး
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၂ မြင်ကွင်း
မိုးမခ ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၆
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာ့နိုင်ငံရေး
လူမျိုးရေး၊ ဘာသာရေးနှင့် လူနည်းစုအခွင့်အရေး စသည့် အကြောင်းအရာများသည် မြန်မာ့နိုင်ငံရေးတွင် မည်သည့်အခါကမျှ ရိုးရှင်းမနေသည့် အကြောင်းအရာများ ဖြစ်သည်။ ယဥ်ကျေးမှုဆိုင်ရာ အကြောင်းအရာတရပ် ဖြစ်နေသလို အတွေးအခေါ်ဆိုင်ရာ ခေတ်နောက်ကျမှု၊ ရှေးရိုးစွဲမှု၊ အင်အားကြီးသည့် လူမျိုးတမျိုးက အင်အားနည်းသည့် လူမျိုးတမျိုးကို အပေါ်စီးမှ မြင်သည့်အမြင်၊ ကိုးကွယ်ရာဘာသာ မတူသည့် လူမျိုးတွေအကြားမှာ ရှိနေတဲ့ အမြင်မတူမှု၊ ခေတ်အဆက်ဆက် ထင်မြင်ယူဆလာခဲ့ကြသည့် အရိုးစွဲနေသည့် အမြင်၊ ရပ်တည်ချက်၊ အထင်အမြင် လွဲမှားမှု၊ အကျိုးစီးပွားပွတ်တိုက်မှု၊ ပဋိပက္ခဖြစ်မှုတွေကို အချိန်တိုကာလတခုအတွင်း နိုင်ငံရေး အခြေအနေ အပြောင်းအလဲတခု အရှိန်အဟုန်နဲ့ အလွယ်တကူ ပြောင်းလဲသွားဖို့ မျှော်လင့်လျှင် အကောင်းမြင်လွန်းရာကျပါလိမ့်မယ်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် ဒေသများတွင် ဖြစ်ပွားခဲ့သည့် ARSA လက်နက်ကိုင် အဖွဲ့၏ တိုက်ခိုက်မှုကို မြန်မာအစိုးရစစ်တပ်က ရှင်းလင်းသည့် စစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာမှာ အရပ်သား၊ ကလေးသူငယ်၊ အသက်ကြီး ရွယ်အိုပါမချန် လူထောင်ချီ သတ်ဖြတ်ခံရပြီး အနည်းဆုံး ၇ သိန်းမှ အများဆုံး ၁ သန်းဝန်းကျင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြသည့် ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသည့် လျှောက်ထားစွပ်စွဲချက်ကို ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့ရာမှာ အခုအခါ တတိယအကြိမ်မြောက် ရုံးချိန်းနဲ့ အဓိကကျသည့်သက်သေတွေကို စစ်ဆေးကြားနာသည့်အဆင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ စတင်ကြားနာခဲ့တဲ့ အမှုစစ်ဆေးကြားနာချိန်မှာ မြန်မာ့နိုင်ငံရေး နယ်ပယ်ထဲမှာ လှုပ်ခတ်ခဲ့ပါတယ်။ NLD အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ သို့ မသွားရောက်သင့် ဆိုသည့်အမြင်နဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစုအဖွဲ့တွေအကြားမှာ အမြင်ကွဲပြား ငြင်းခုံခဲ့ကြတာ တွေ့ရပါတယ်။ ရိုဟင်ဂျာ မရှိ၊ အိမ်နီးချင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေသာ ဖြစ်တယ်ဆိုတဲ့အမြင်၊ နိုင်ငံသားအခွင့်အရေး မရသင့်ဘူးဆိုတဲ့ အမြင်တွေ၊ လျင်မြန်တဲ့ လူဦးရေ တိုးပွားမှုကြောင့် ဒေသခံတိုင်းရင်းသားတွေကို ဝါးမြိုသွားမယ် ဆိုတဲ့ အမြင်အယူအဆတွေ၊ လူမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းရမယ် ဆိုတဲ့ ၁၉၂၀ ဝန်းကျင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလ အယူအဆမျိုးတွေကို ကိုင်စွဲကာ ICJ တရားရုံးမှာ တရားစွဲဆိုမှုကို သွားရောက်ခုခံကာကွယ်တာကို အားပေးထောက်ခံခဲ့ကြပါတယ်။
အဲဒီကာလက မြန်မာသတင်းမီဒီယာအချို့နဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူအချို့ ကိုယ်၌က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ အဆိုပါ အချက်အလက်တွေကို အစိုးရက ထပ်မံပဲ့တင်ထပ် ထုတ်ပြန်တဲ့ ပြောဆိုချက်တွေကို ယုံကြည်ခဲ့ကြကာ ထပ်မံဖြန့်ဝေခဲ့ကြတာ တွေ့ရပါတယ်။ အင်းဒင်ကျေးရွာ လူသတ်မှုနဲ့ ပတ်သက်လို့ ဖော်ထုတ်ရေးသားတဲ့ သတင်းသမားတွေကို စစ်တပ်က နိုင်ငံတော် လျှို့ဝှက်ချက် ဖေါက်ဖျက်မှု ဥပဒေနဲ့ ဖမ်းဆီး အပြစ်ပေးအရေးယူခဲ့ပြီး အဆိုပါ ဖမ်းဆီးမှုကို စစ်တပ်ထောက်ခံသူ မဟုတ်တဲ့သူတချို့လည်း အားပေးထောက်ခဲ့တာ တွေ့ခဲ့ကြရတာပါ။
အဲဒီကာလ ၂၀၁၉ အကုန် ၂၀၂၀ အစပိုင်းကနေ ရေတွက်ရင် တနှစ်ဝန်းကျင်အကြာမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ကြုံတွေ့ကြရပြီးနောက်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေ အနေနဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်သုံးသပ်ကြည့်ကြတဲ့ အခါမှာ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းက သတ်ဖြတ်မှုတွေ နေအိမ် မီးရှို့မှု၊ အရပ်သားတွေ သတ်ဖြတ်ခံရတဲ့နောက် နေရပ်စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကျေးရွာတွေကို ဖျက်ဆီးပြီး မြေညှိစက်နဲ့ထိုးကာ ကျေးရွာအဖြစ်ကနေ ဖျောက်ဖျက်ပစ်တာတွေကို သိရှိလာကြပါတယ်။
အဲဒီအချိန်မှာ စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် ရိုဟင်ဂျာလူမျိုးတွေကို တောင်းပန်စကားဆိုတာ၊ ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ်တွေက ICJ တရားရုံးရင်ဆိုင်စဥ် အစိုးရနဲ့ စစ်တပ်ဘက်က ထောက်ခံအားပေးခဲ့တာတွေကို မှားမှန်းသိလာကြတယ် ဆိုပြီး ပြန်တောင်းပန်ခဲ့ကြတာ တွေ့ရပါတယ်။
ဒီလို တောင်းပန်စကား ပြောဆိုကြတဲ့အထဲမှာ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ PDF လက်နက်ကိုင် တပ်ဖွဲ့အချို့ ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာလူမှုအသိုင်းအဝိုင်းမှာ သဘောထားကြီးတဲ့ အမြင်၊ လူနည်းစုတွေ အပေါ် တန်းတူသဘောထားတာ၊ လူနည်းစု အခွင့်အရေးကို ဦးစားပေးကြတာတဲ့ အသံတွေ ပြောဆိုမှုတွေ ကြားသိကြရပြီး မြန်မာနိုင်ငံ လူမှုအသိုင်းအဝိုင်းရဲ့ အကွေ့အချိုး အပြောင်းအလဲလို့ မှတ်ယူခဲ့ကြပါတယ်။ မြန်မာနိုင်ငံက လူထုရဲ့ အသိအမြင်ပြောင်းလဲမှုက အံ့အားသင့်စရာကောင်းတယ်၊ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်တဲ့ အင်အားစုတွေအကြား စည်းလုံးမှု၊ ညီညွတ်မှု၊ တိုးတက်တဲ့အမြင်အယူအဆတွေ လျင်လျင်မြန်မြန် ပြောင်းလဲခဲ့ကြတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။
ဒါပေမဲ့ ယဥ်ကျေးမှုတရပ် အတွေးအခေါ်တရပ် ပြောင်းလဲဖို့က ခက်ခဲတဲ့အကြောင်း အခုလတ်တလော ICJ တရားရုံးရဲ့ ကြားနာပွဲကာလမှာ သိရှိလာရပါတယ်။ ရိုဟင်ဂျာလူမျိုး ရှိခြင်း၊ မရှိခြင်း ဆိုတဲ့ သမိုင်းကြောင်းဆိုင်ရာ ငြင်းခုံမှုနဲ့အတူ အခြားသော နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာအမြင်တွေနဲ့ ပတ်သက်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအကြားမှာ သဘောထား ကွဲလွဲကြပြန်တာ တွေ့ကြရပါတယ်။
ICJ တရားရုံးမှာ မြန်မာနိုင်ငံရှုံးပါစေ ဆိုတဲ့ အယူအဆနဲ့ မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ ယခုအမှုမှာ ရှုံးခဲ့ရင် ထိခိုက်နစ်နာမယ့်သူတွေက စစ်တပ်တခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံသားအားလုံးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ အယူအဆ ၂ ခုလည်း မြန်မာတော်လှန်ရေးအင်အားစု၊ ထောက်ခံသူတွေအကြား ကွဲပြားနေကြတာ ဖြစ်ပါတယ်။
ဒီအချက်တွေကို သေချာစွာ စေ့ငု သုံးသပ်ကြည့်ရင် ရိုဟင်ဂျာ ပြဿနာ၊ မတူကွဲပြားတဲ့ လူမျိုးနဲ့ ဘာသာတွေနဲ့ ပတ်သက်တဲ့ အမြင်၊ အယူအဆတွေနဲ့ ပတ်သက်ရင် ရှုမြင်တဲ့အမြင်တွေ၊ ရပ်တည်ချက်တွေ စံနှုန်း၊ တန်ဖိုးတွေက ကွဲပြားနေကြဆဲ ဆိုတာထင်ရှားစေပါတယ်။ စစ်တပ်ကို မုန်းတီးပြီး ဆန့်ကျင်တော်လှန်ရမယ်ဆိုတဲ့ သူတွေအကြား၊ ဆန့်ကျင်တော်လှန်နေတဲ့ သူတွေအကြား ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ရင် ဘုံသဘောတူညီမှု၊ ဘုံနားလည်မှု၊ ခိုင်မာတဲ့ အယူအဆရပ်တည်ချက်တွေ မရှိသေးတာ ထင်ရှားပါတယ်။
မြန်မာ့နိုင်ငံရေးမှာ အချိန်ကာလတခု အချိုးအကွေ့တခုရောက်တိုင်း လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့အမြင် တနည်းအားဖြင့်ပြောရရင် အမျိုးသားရေးဝါဒ ဆိုတာကို ဘယ်လို ဖွင့်ဆိုပြီးခံယူကြသလဲဆိုတဲ့ စမ်းသပ်မှုတွေက ပေါ်ထွက်လာတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။
ဒီလို စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိဖို့ အခြေခိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နိုင်ငံရေး အခြေခံမူတွေ၊ လုပ်ငန်းစဥ်၊ လက်တွေ့မူဝါဒတွေ ခိုင်ခိုင်မာမာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်ဖို့ ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့က အဓိကလို့ ထင်မြင်မိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar