Breaking News

မြန်မာ အတုအယောင် ရွေးကောက်ပွဲနဲ့ အာဆီယံသဘောထား

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၉ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၆


မြန်မာ အတုအယောင် ရွေးကောက်ပွဲနဲ့ အာဆီယံသဘောထား 

အဖွဲ့ဝင် ၁၁ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇရို လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နေပြည်တော်ကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံရဲ့ ကိုယ်စားသွားရောက်ခဲ့ပါတယ်။ မြန်မာစစ်အာဏာသိမ်းအစိုးရကို ခုခံတိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေက အတုအယောင်ရွေးကောက်ပွဲလို့ ပြောဆိုထားတဲ့ ရွေးကောက်ပွဲ တတိယပိုင်းကို ကျင်းပမပြီးစီးမီ ရက်တွေမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက သွားရောက်ခဲ့တဲ့ သဘောဖြစ်ပါတယ်။ 

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို အသိအမှတ်မပြုဖို့၊ အာဆီယံဆွေးနွေးပွဲတွေမှာ တက်ရောက်ခွင့်မပြုဖို့ အာဆီယံ လူသားချင်းစာနာမှု အကူအညီတွေကို အာဏာသိမ်း စစ်အစိုးရကတဆင့် ပေးအပ်ခြင်း မပြုဖို့ နဲ့ အထက်က အင်အားစုတွေက တောင်းဆိုလျက်ရှိနေချိန်မှာ အခုလို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ခရီးစဥ် အပေါ် အတိုက်အခံအင်အားစုတွေဘက်က စိုးရိမ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။ 

အတုအယောင် ရွေးကောက်ပွဲရလဒ်ကို အာဆီယံအနေနဲ့ လက်ခံလိုက်မလား၊ အာဆီယံအနေနဲ့ အာဏာသိမ်းစစ်တပ်က တာဝန်ယူကျင်းပတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပြီလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ခရီးစဥ်အပြီး ခုရက်ပိုင်းမှာတော့ နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံ တခုလုံးအနေနဲ့ စစ်တပ်က တာဝန်ယူကျင်းပတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်း မရှိကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ 

အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာရွေးကောက်ပွဲကို အသိအမှတ်မပြုပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအထဲမှာ အရေအတွက်အားဖြင့် မနည်းတဲ့ နိုင်ငံတွေကတော့ ရွေးကောက်ပွဲဟာ အပြုသဘော အပြောင်းအလဲတရပ် ဖြစ်လိမ့်မယ်လို့ ရှုမြင်ကြတဲ့အကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ အဲဒီနိုင်ငံတွေဟာ ဘယ်နိုင်ငံတွေရယ်လို့ ထုတ်မပြောပေမယ့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် တို့လို နိုင်ငံတွေပါဝင်ကောင်း ပါဝင်လိမ့်မှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က အာဆီယံ အနေနဲ့ မြန်မာနဲ့ ဆက်ဆံရေးကို ချိန်ညှိထားတဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှု လုပ်ဖို့ လိုအပ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲ အပြီး အနေအထား၊ နိုင်ငံရေး အရှိတရားကို လက်ခံ အသိအမှတ်ပြုပြီး အာဆီယံအနေနဲ့ လက်တွေ့အခြေအနေနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့၊ ထိုင်းနိုင်ငံဟာ အခြားသော နိုင်ငံတွေနဲ့ မတူပဲ အကောင်းအဆိုး သက်ရောက်မှုတွေ အခြားသောနိုင်ငံတွေထက်ပိုပြီး ခံစားနေရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒီအချက်က ထိုင်းနိုင်ငံအနေနဲ့ မြင်တဲ့ အမြင်က အခြားသော နိုင်ငံတွေနဲ့ တူချင်မှ တူလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ ပြောဆိုတာလည်း ရှိခဲ့ပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ ဆိုရင် မြန်မာနိုင်ငံထဲက စစ်ပြေး ဒုက္ခသည်တွေ နယ်နိမိတ်ဖြတ်ကျော် ရောက်ရှိလာတာ၊ မလေားရှားနိုင်ငံကို သွားရောက်ဖို့ သို့မဟုတ် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ကနေ တရားမဝင်နည်းလမ်းတွေနဲ့ ဝင်ရောက်မှုတွေလည်း နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတာဖြစ်သလို၊ နယ်စပ်မျဥ်းအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲထိ ကျည်ကျရောက်တာ၊ ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရတဲ့ အဖြစ်တွေအထိ ဖြစ်ပျက်နေတာကြောင့် ထိုင်းနိုင်ငံဟာ အခုလို ပြောဆိုတာလို့ နားလည်ရပါတယ်။ 

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ မြန်မာရွေးကောက်ပွဲ မကျင်းပမီ သီတင်းပတ် အနည်းငယ်အတွင်းကလည်း ဒီရွေးကောက်ပွဲဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတွက် အဆင့်တဆင့်ဖြစ်ဖို့ ဆန္ဒပြတဲ့အကြောင်းလည်း ပြောဆိုခဲ့ဖူးပါတယ်။ 

အာဆီယံအဖွဲ့မှာ မကြာသေးတဲ့ လပိုင်းတွေကမှ အဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ တီမောလက်စ်တေ နိုင်ငံက စစ်တပ်ရဲ့ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေ နဲ့ ပတ်သက်ပြီး ချင်းပြည်နယ်လူ့အခွင့်အရေး အဖွဲ့အစည်း တခုဖြစ်တဲ့ CHRO ကို တီမောလက်စ်တေ အစိုးရခေါင်းဆောင်တွေက ကောင်းမွန်စွာလက်ခံတွေ့ဆုံခဲ့တာကြောင့် မြန်မာစစ်အာဏာသိမ်းအစိုးရက တီမောလ်စ်တေ နိုင်ငံရဲ့ သံအမတ်ကို ဆင့်ခေါ်ပြီး သတိပေးခဲ့ပါသေးတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်ဆိုပြီး မြန်မာစစ်အာဏာသိမ်း အစိုးရက စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာ စစ်တပ်အနေနဲ့ အာဆီယံ အစည်းအဝေးကို နိုင်ငံရေးရာထူးအရ ခန့်အပ်ခံထားတဲ့ သူတွေတက်ရောက်ခွင့်မရှိတာ ၂၀၂၁ ခုနှစ် နှောင်းပိုင်းက ရေတွက်ရင် ၄ နှစ်ဝန်းကျင် ရှိလာပြီဖြစ်ပါတယ်။ အာဆီယံ ဘုံသဘောတူညီမှု အချက် ၅ ချက်ကို မြန်မာစစ်အစိုးရ အနေနဲ့ ဖော်ဆောင်နိုင်ခြင်း မရှိသရွေ့ အခုလို ကန့်သတ်မှုတွေ ချမှတ်ထားကြတာလည်း ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေ အနေအထားတွေ ရပ်တည်ချက်တွေက စစ်တပ်က တာဝန်ယူကျင်းပတဲ့ ရွေးကောက်ပွဲအထိ တည်ရှိခဲ့တာ ဖြစ်ပေမယ့် ရွေးကောက်ပွဲ အလွန်မှာ ဘယ်လို သဘောထားတွေ ပြောင်းလဲနိုင်သလဲ ဆိုတာ လတ်တလော စိတ်ဝင်စားစရာ အကြောင်းအရာတရပ်ဖြစ်နေတာ ဖြစ်ပါတယ်။ 

မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲကို အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လေ့လာရေး အဖွဲ့စေလွှတ်ခဲ့ပေမယ့် နိုင်ငံတိုင်းကတော့ စေလွှတ်ခြင်း မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်ခြင်း မရှိသည့်တိုင် မြန်မာနိုင်ငံရှိသက်ဆိုင်ရာ သံရုံးတွေ အနေနဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လေ့လာသုံးသပ်မှုတွေကို ၄င်းတို့ သက်ဆိုင်ရာ အစိုးရတွေဆီ ပေးပို့မှာ ဖြစ်လို့ မြန်မာ့ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ မမျှတမှု၊ မလွတ်လပ်မှု၊ စစ်တပ် ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေနဲ့ အခြားနိုင်ငံရေးပါတီတွေအကြား ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်တွေ၊ မူဝါဒတွေကိုလည်း အာဆီယံနိုင်ငံတွေက သိရှိပြီး ဖြစ်ပါလိမ့်မယ်။ 

သို့ပေမဲ့ မြန်မာ့နိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် ပဋိပက္ခ၊ ပြည်တွင်းစစ်ပွဲတွေ ဟာ ၅ နှစ်သက်တမ်း ရောက်ရှိလာချိန်မှာ အာဆီယံနိုင်ငံ အစိုးရတွေ အနေနဲ့ မြန်မာ့ပြဿနာကို တဖက်ဖက်က အပြတ်အသတ် အရှုံးအနိုင် ဆိုတဲ့ အဖြေမျိုး ထွက်ပေါ်နိုင်ခြေ မရှိဘူးလို့ ယူဆကောင်း ယူဆလာနေကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီရှုမြင်သုံးသပ်ချက်တွေအပေါ် အခြေခံပြီး အာဏာသိမ်းမြန်မာစစ်အစိုးရက အဝတ်အစားတမျိုးပြောင်းပြီး ရွေးကောက်ခံ အစိုးရအသွင်နဲ့ ပေါ်ထွက်လာချိန်မှာ ထိတွေ့ဆက်ဆံမှုတွေ အခုထက်ပိုလုပ်ဆောင်လာနိုင်တဲ့ အရိပ်လက္ခဏာတွေလည်း တွေ့မြင်နေရတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar