Breaking News

မောင်တူး - စာရေးဆရာကြီး မြသန်းတင့် ကွယ်လွန်သည့် ၂၈ နှစ်မြောက်


မောင်တူး - စာရေးဆရာကြီး မြသန်းတင့် ကွယ်လွန်သည့် ၂၈ နှစ်မြောက်

မိုးမခ ၊ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၆


စာပေလက်ရာ၊ မွန်လှစွာပင်

အာဏာရှင်ကို၊ တိုက်ခိုက်ဖြိုရာ

ဇွဲသန်စွာဖြင့်၊ မြသန်းတင့် ခေါ်

စာဆိုကျော်မွန်၊ ကွယ်လွန်ခဲ့နှစ်

နှစ်ဆယ့်ရှစ်မြောက် ရောက်ပါပြီ။ ။

စာရေးဆရာကြီး မြသန်းတင့်ဟာ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကွယ်လွန်ခဲ့တယ်။ အခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ၂၈နှစ် ပြည့်ပြီ။

အခုလက်ရှိမှာ ဆရာကြီး မြသန်းတင့် ဘာသာပြန်ရေးသားခဲ့တဲ့ "အလကားလူ" ဝတ္တုကို ကျနော် ဖတ်နေတယ်။ ကျနော် အလယ်တန်းကျောင်းသားဘဝမှာ မြသန်းတင့်ရဲ့ စာအုပ်တွေကို မဖတ်ဖူးခင်မှာပဲ မြသန်းတင့် ဆိုတဲ့ နာမည်ကျော် အမည်ကို စ ကြားခဲ့ဘူးတာပါ။ ပြောပြသူက ရန်ကြီးအောင် ဦးစိန်ဝင်းပါ။ ရန်ကြီးအောင်ဦးစိန်ဝင်းက ကျနော်တို့ကို အင်္ဂလိပ်စာ သင်ပေးနေရင်း ပြောပြခဲ့တာပေါ့။ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ လေထီးဗိုလ်အုန်းမောင် စသဖြင့် နိုင်ငံရေးအကျဉ်းသား (အဲ့သည်ကာလကတော့ နိုင်ကျဉ်းလို့မခေါ်ဝေါ်သေး) တွေဟာ ကိုကိုးကျွန်းမှာ အစာငတ်ခံကြတဲ့အကြောင်းတွေ၊ အင်းစိန်ထောင်တွင်းက အကြောင်းတွေကြားမှာ သူရဲကောင်းကြီးတွေ အဖြစ်ပေါ့။ ရန်ကြီးအောင်ဦးစိန်ဝင်းရဲ့ စာအုပ်စင်ကပဲ မြသန်းတင့်ရဲ့ " ကျနော်ဆက်၍ ရေးချင်သောဝတ္တုများ" ကို ရခဲ့တယ်။ အပြန်ပြန်အလှန်လှန် ဖတ်မိခဲ့တာပေါ့။

"ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်" ကတော့ သူ့ရဲ့ အထင်ရှားဆုံး လက်ရာပါ။ ဒါပေမဲ့ သူစာပေလောကကို ပထမဆုံးဝင်ရောက်လာတာကတော့ "ဒုက္ခသည်" ဝတ္ထုတိုနဲ့ပါ။ ၁၉၄၉-ခုနှစ်က ပထမဆုံးရေးသားတဲ့ 'ဒုက္ခသည်' ဝတ္ထုကို တာရာမဂ္ဂဇင်း (အတွဲ-၃၊ အမှတ် ၂၁) မှာ ပုံနှိပ် ဖော်ပြခဲ့ပါတယ်။ ၁၉၅၁-ခုနှစ်မှာ ဂေါ်ကီရဲ့ 'မာလ်ဗာနှင့်အခြားဝတ္ထုတိုများ'ကို ပထမဆုံး ဘာသာပြန် ရေးသားထုတ်ဝေခဲ့ပြီး ၁၉၅၃-ခုနှစ်ကျမှ သူ့ရဲ့ ပင်ကိုရေး လုံးချင်းဝတ္ထု 'မေတ္တာအသင်္ချေ'ကို ရေးသားခဲ့တာပါ။ ၁၉၆ဝ ပြည့်နှစ်မှာ ဆရာသိန်းဖေမြင့်နဲ့ ပူးတွဲ ရေးသားတဲ့ 'နွံထဲကကြာ' ဝတ္ထုကစပြီး ကလောင်အမည်ကို "မြသန်း" ကနေ "မြသန်းတင့်" ကို ပြောင်းခဲ့ပါတယ်။

မြသန်းတင့်နဲ့ယှဉ်လျှင် ပြောက်ကျားစာရေးဆရာ

ဒါပေမဲ့ သူ့ရဲ့ စာတွေကို အခုအထိ လူကြိုက်များနေဆဲ ပြန်လည်ပုံနှိပ် ထုတ်ဝေနေရဆဲပါ။ ဒါ့အပြင် သူ့စာအုပ်တွေထဲက တချို့ကို E book တွေ PDF ဖိုင်တွေနဲ့လည်း ဖုန်းထဲမှာ ဖတ်နေကြပါပြီ။ သူဟာ ဘာသာပြန်ကဗျာတွေ ပင်ကိုယ်ရေးကဗျာတွေလည်း ရေးသားခဲ့ပြီး ဘာသာပြန်စာပေတွေ၊ ပင်ကိုယ်ရေး ဝတ္ထုလက်ရာတွေ စသဖြင့် စာပေ‌ရေးအားကောင်းကောင်း ထင်ရှားခဲ့သူပါ။ ကဗျာဆရာကြီး ဇော်ဂျီကတောင် စာတွေ အဆက်မပြတ်ရေးနိုင်သူ မြသန်းတင့်ကို လေးစားအားကျခဲ့ပြီး မြသန်းတင့်နဲ့ယှဉ်ရင် သူဟာ ပြောက်ကျား စာရေးဆရာအဆင့်ပါလို့ ကဗျာဆရာကြီး ဇော်ဂျီက ပြောခဲ့ကြောင်းစာရေးဆရာ ကိုရွှေအောင်က ဧရာဝတီ ဆောင်းပါးမှာရေးသားခဲ့ဘူးပါတယ်။ ဒါပေမဲ့ ဆရာ မြသန်းတင့်ဟာ စာရေးဆရာ အဖြစ် လူသိများ ထင်ရှားကျော်ကြားနေသလိုပဲ ကွန်မြူနစ် နိုင်ငံရေးသမားကြီး အနေနဲ့လည် ကိုကိုးကျွန်း ၃ နှစ်အပါအဝင် ထောင် ၁၀ နှစ်လောက်ကျခဲ့တဲ့အထိ တိုက်ပွဲဝင်ခဲ့သူပါ။ စာရေးဆရာကြီး မြသန်းတင့်ဟာ မတော်တဆဖြစ်ပြီး ခေါင်းထိခိုက်ဒဏ်နဲ့ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညက သူ့အသက် ၆၉ နှစ်က ရန်ကုန်မှာ ကွယ်လွန်ခဲ့တယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ သူ ကွယ်လွန်ခဲ့တာ ၂၈နှစ် ပြည့်ခဲ့ပါပြီ။

ဓားတွေက

တောင်တန်းလောက် များတယ်။

မီးလျှံတွေက

ပင်လယ်ပြင်လောက် ကျယ်တယ်။

သည်ဓားတောင်တန်းနှင့်

သည်မီးပင်လယ်ကို

ငါ ကျော်ဖြတ်မယ်။ ။

သူ့ရဲ့ နာမည်အရင်းက ဦးမြသန်းပါ။ စာရေးဆရာမြသန်းတင့်ကို အဘ ဦးပေါတင့်၊ အမိ ဒေါ်လှိုင်တို့က ပခုက္ကူခရိုင်၊ မြိုင်မြို့မှာ ၁၉၂၉ ခုနှစ်၊ မေလ ၂၃ ရက်၊ ကြာသပတေးနေ့မှာ မွေးဖွားခဲ့တယ်။ အခုထိ သက်ရှိထင်ရှားဦးမယ်ဆို ၉၇ နှစ်ပေါ့။ သူဟာ ဖက်ဆစ်တော်လှန်ရေးမှာလည်း မြေအောက် UG လှုပ်ရှားမှုနဲ့ အသက်ကို ပဓာနမထားပဲပါဝင်ခဲ့ပါတယ်။ လယ်သမားတွေ သီးစားခမပေးရေး စတဲ့ တိုက်ပွဲတွေကို ဦးဆောင်ခဲ့လို့ မြင်းခြံခရိုင်မှာတခြား ခေါင်းဆောင်တွေနဲ့အတူ မြသန်းခေါင်းကို ဖြတ်နိုင်ရင် ဆုငွေပေးမယ်လို့ အင်္ဂလိပ်အလိုတော်ရိနဲ့ မြေပိုင်ရှင်တွေက ဆုငွေထုတ်ခဲ့တယ်။ ၁၉၄၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်တက်ပြီး ၁၉၅၄-ခုနှစ်မှာ ဝိဇ္ဇာဘွဲ့၊ ၁၉၅၆ ခုနှစ်မှာ ဥပဒေဘွဲ့တို့ကို ရရှိခဲ့တယ်။ မြသန်းတင့်ရဲ့ ထင်ရှားတဲ့ ပင်ကိုရေးဝတ္ထုတွေက မေတ္တာအသင်္ချေ၊ လိုက်ခဲ့တော့မြနန္ဒာ၊ အမှောင်ရိပ်ဝယ်၊ ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း၊ နှင်းနု၊ မမ၊ နွံထဲက ကြာ၊ ထားကျွန်မလင်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် (၁၉၇၃ ခုနှစ်) ၊ လေညင်းနှင့်လရောင် တို့ဖြစ်ကြတယ်။ စုစုပေါင်း စာအုပ် ၁၆၀ လောက် ရေးသားခဲ့တယ်။ တချို့ သူ့စာအုပ်တွေဆို အကြိမ်ကြိမ် ပြန်လည် ထုတ်ဝေရပါတယ်။ "ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်" ဝတ္တုဆိုရင် ၁၅ ကြိမ်ထက်မနည်း ပြန်လည် ထုတ်ဝေခဲ့ရသလို ဂျပန် အင်္ဂလိပ် ဥရောပ ဘာသာတွေနဲ့လည်း ပြန်ဆိုခဲ့ပါပြီ။ ၆ အုပ်တွဲ ရုပ်ပြဇာတ်လမ်းလည်း ထုတ်ခဲ့ဘူးတယ်။ ဒါရိုက်တာမောင်ယာဉ်အောင်က ပြဇာတ်အဖြစ် တပြည်လုံးမှာ လိုက်လံကပြခဲ့ဘူးတယ်။ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေးတို့နဲ့လည်း အသံဇတ်လမ်းသွင်းခဲ့ဘူးပါတယ်။ ဒီဝတ္တုကြီးကို ကျော်ဟိန်း ဒါရိုက်တာနဲ့ ကျော်သူ၊ ဘီအီးဒီအောင်သိုက်၊ မေဝင်းမောင်၊ နေအောင်၊ ကျော်ဟိန်း၊ မင်းဦး၊ မေဆွိ၊ သီတာသိမ့်၊ ချိုပြုံး၊ ခိုင်ခင်ဦးတို့နဲ့ ၅ နှစ်ကြာ ရိုက်ကူးခဲ့ပြီး ဆရာမြသန်းတင့်ကိုယ်တိုင် သဘောကျနှစ်သက်ခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ခဲ့တာပါ။

အို ကျွန်းရွက်

အသင် ဘယ်ဖက်ကိုသွားနေသလဲ

ဘယ်ကွေ့ကို ဘယ်တက်နဲ့ လှော်မလဲ

ဘယ်မှော်ကိုဘယ်လိုရှောင်မလဲ

ဘယ်သောင်ကို ဘယ်လိုရှင်းမလဲ

ဘယ်ဝဲကို ဘယ်လိုဖြတ်မလဲ

ချောင်းဖျားအစ မလိခက

ဆင်းလာတဲ့သင်ဟာ

ပင်ပန်းချင်ပင်ပန်း

ထွက်လာတဲ့ ခရီးကြမ်းကိုတော့

လမ်းဆုံးအောင် သွားရလိမ့်မယ်။ ။

မောင်သစ်တည်

စက္ကူမြင်း တောင်တွင်းရထား’ ကဗျာမှ

မောင်သစ်တည် ဟာ မြသန်းတင့်ရဲ့ ကလောင်ခွဲပါ။

ဆရာမြသန်းတင့်ဟာ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရလက်ထက် ၁၉၅၈ ခုနှစ်မှာ ကွန်မြူနစ် (လက်ဝဲသမားတွေ) ဖမ်းရာမှာ အဖမ်းခံရပြီး ပထမအကြိမ် ကိုကိုကျွန်းကို အပို့ခံခဲ့ရပါတယ်။ ၁၉၆၁ မှာ ပြန်လွတ်တယ်။ စစ်တပ်က ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲဖိတ်ခေါ်တဲ့ ၁၉၆၃ ခုနှစ်မှာ ငြိမ်းချမ်းရေး ပျက်တော့ ထပ်အဖမ်းခံရပြီး ဒုတိယမြောက် ကိုကိုကျွန်းကို အပို့ခံရပြန်တယ်။၁၉၇၂ ခုနှစ်ကျမှ ပြန်လွတ်တယ်။ ဆရာက ထောင်ကျခဲ့ပုံကို မန္တလေး စာပေဟောပြောပွဲမှာ အခုလို ပြောခဲ့ပါတယ်။

မော်စကို ခေါ် နယူးရောက်မှာ ၈ နှစ် ၄ လကြာ

ခနလိုက်ခဲ့

ဖိတ်ကြားလှည့်ရာ

ရှစ်နှစ်ကြာသည်

အာဏာရှင်လား ဧည့်ဆိုးလား။ ။

"ကျနော့်ကို ဆိုင်ရာက ဆရာရေ ခနလောက် လိုက်ခဲ့ပါတဲ့။ ကျနော် ခနပဲထင်ပြီးလိုက်သွားတာ အင်းစိန်ဗဟို အကျဉ်းထောင်ကြီးမှာ ၈ နှစ်နဲ့ ၄ လ ကြာသွားခဲ့ပါတယ်။ မော်စကိုပေါ့။ အခုတော့ မော်စကို မခေါ်တော့ပါဘူး။ နယူးရောက်လို့ ခေါ်ပါတယ်။ အသစ်တွေ ရောက် ရောက်လာနေလို့ပါ။ နိုင်ငံတော် အစိုးရရဲ့ ဖိတ်ကြားချက်အရပေါ့။ ကျနော်သွားတုန်းက ကျနော့်သား အငယ်ဆုံးက ၂ လသားပါ။ ထောင်ပြန်ထွက်လာတော့ သူက ၈ နှစ်နဲ့ ၆ လ ရှိပြီ။ အဖေကိုတောင် မမှတ်မိတော့ပါဘူး။" (၁၉၉၄ ဒီဇင်ဘာ ၁၆ မန္တလေး စာပေဟောပြောပွဲမှ)

အခုလို ခနလောက် လိုက်ခဲ့ပါဆိုပြီး ကဗျာဆရာကြီး ဦးတင်မိုးကိုလည်း ခေါ်သွားဘူးပါတယ်။ ဆရာတင်မိုးကတော့ ခနဆိုပြီး ၄ နှစ်တောင်ကြာတယ်ကွာ။ တရက်လောက် လိုက်ခဲ့ပါဦးသာဆို တသက်လုံးကြာမလား မသိဘူးဆိုပြီး ဟာသနှော ပြောဘူးပါတယ်။ ခနဆိုပြီး ခေါ်သွားပြီး တသက် ပြန်မလာတော့သူတွေလည်း များလှပါတယ်။ အခု နွေဦးတော်လှန်ရေးမှာဆို ခနခေါ်သွားပြီး ပြန်မလာသူ ထောင်သောင်းချီနေပြီ။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ဘဝအလင်းရောင် ပရဟိတကျောင်းက ၂၀၀၇ ရွှေဝါရောင်ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်က အိုးဘိုထောင်မှာ ဖမ်းထားတုန်း ပျောက်ဆုံးသွားခဲ့တာ ၃ နှစ်တောင် ရှိတော့မှာပါ။ ဒီလို မတရား လုပ်ရပ်တွေကို ပြည်သူ့စာဆိုကြီးတွေလည်း ခံခဲ့ရပါကလား။ ဆရာတင်မိုးတို့လို ဆရာကြီး မြသန်းတင့်လို စာရေးဆရာကြီးတွေလည်း ကြုံခဲ့ရပါလားဆိုတာကို သူ့ကွယ်လွန်ခြင်း ၂၈ နှစ်မြောက်မှာ ထင်ထင်ရှားရှားတွေ့နေကြရပါပြီ။

မြသန်းတင့် ဘာကြောင့် စာတွေအများကြီး ရေးခဲ့သလဲ

စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီအိပ်မက်၊ သုခမြို့တော်စာအုပ်တွေ၊ အချစ်မိုးကောင်းကင်စာအုပ်တွေနဲ့ မြသန်းတင့်က အမျိုးသား စာပေ (ဘာသာပြန်) ဆု (၅)ဆု ရရှိခဲ့တယ်။ မြသန်းတင့်၊ ဇောတိက ၊ ထက်အောင်၊ ပါနောက်နဲ့ ပါမောက်၊ မေမေလှိုင်၊ မင်းနန္ဒာ၊ မြသန်း၊ ရဲအောင်ဇေ၊ မောင်သစ်တည်၊ ဥပဒေသုတေသီတစ်ဦး၊ အုတ်လှငယ် စတဲ့ ကလောင်ခွဲတွေနဲ့လည်း ကဗျာ၊ ဝတ္ထုတို(ပင်ကိုယ်ရေး)၊ ဝတ္ထုတို(ဘာသာပြန်)၊ အခန်းဆက် ဝတ္ထုရှည်(ဘာသာပြန်)၊ အခန်းဆက်ဝတ္ထု၊ စာပေ၊ ခရီးသွား၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ သမိုင်း၊ သိပ္ပံပညာ၊ ဥပဒေ၊ အနုပညာ၊ အတ္ထုပ္ပတ္တိ၊ လုံးချင်း၊ အထွေထွေဆောင်းပါးပေါင်း အများကြီး (အများကြီး) ကို ကွယ်လွန်တဲ့ အထိရေးသားခဲ့တယ်။ သူဘာကြောင့် ဒီလောက် စာတွေ ရေးနိုင်ခဲ့သလဲ။ စာရေးဆရာမ ခက်မာက သွားရောက် မေးမြန်းထားခဲ့တာကို ထုတ်နှုတ် ဖော်ပြလိုပါတယ်။

" ကိုယ်ရေးချင်တာတွေ ရှိတယ်။ ရေးသင့်တာတွေ ရှိတယ်။ ကိုယ်တွေ့တာ မြင်တာတွေကို ပြန်ပြောချင်တယ်။ ဘာသာပြန်ဆိုလည်း ကိုယ်ဖတ်တဲ့ အင်္ဂလိပ် စာအုပ်တွေကနေ ဘာသာစကား မကျွမ်းကျင်သူတွေ ပြည်သူတွေ သိအောင် ပြန်ရေးတယ်။ အဲ့ဒါကြောင့် ရေးတာပဲ။ ရေးတော့ ကိုယ့် အသက်မွေးကြောင်းကလည်း စာရေးဆရာပဲ။ စာရေးဆရာပဲ ဖြစ်ချင်တာ။ ကျန်တာ ဘာမှ မဖြစ်ချင်ဘူး။ လောကကြီးမှာ ။ စာရေးဆရာပဲ ဖြစ်ချင်တယ်။ ပိုက်ဆံလည်း မချမ်းသာချင်ဘူး။ စားလောက်ယုံ တော်ပြီ။ ဒါကြောင့် တနေကုန် ထိုင်ရေးတာပဲ။ တနေ့ အနည်းဆုံး လက်နှိပ်စက်နဲ့ ၁၅ ရွက်တော့ ရေးဖြစ်ပါတယ်။

ဆရာ့ရဲ့ ပြောကြားချက်အရ အခုလို ရေးနှုန်းကြောင့်လည်း သူကွယ်လွန်ပြီးနောက်ပိုင်းအထိ စာအုပ်တွေ ဆက်ထွက်နေနိုင်တာပဲလို့ တွေးမိပါတယ်။ ကဗျာဆရာ မောင်အောင်ပွင့်ကတော့ အခုလို ပြောခဲ့ပါတယ်။

ဆရာ့နှလုံးသားနဲ့ ဆရာ့ လက်ဖျားတွေက

အဘိဓမ္မာပါတဲ့စာတွေ စမ်းရေလို

တသွင်သွင် မစီးဆင်းပေးတော့ဘူးလားဆရာ။

ကျနော်တို့တွေဖတ်ဖို့

အက်ဆေးတွေရွေးပြီး

ဘာသာပြန်ပေးပါဦး ဆရာ။

လူ့လောကထဲမှာ လူတယောက်အဖြစ်

အသက်ရှင်နေထိုင်ရတဲ့ အဖိုးအခအတွက်

ထိုက်တန်တာထက် ဆရာက ပိုမိုပေးအပ်ခဲ့တယ်။

လောကလူသားတွေ အထက်ကိုတက်ဖို့

နှိမ့်ချဆုံးလမ်းဟာ စာပေပဲဖြစ်တယ်။

ဒီလမ်းပေါ်မှာ

ဆရာ တသက်လုံး လျှောက်လှမ်းခဲ့တယ်။ ။ (မောင်အောင်ပွင့်)

ဆရာမြသန်းတင့်ကို ရင်းနှီးသူတွေက စာဖတ်သူတွေက ဆရာမြလို့ ခေါ်ကြပါတယ်။ ဆရာမြရဲ့ အကြောင်းတွေမှာ ငယ်စဉ်ကာလ စာအုပ်ဖတ်ရဖို့ မိုင်ဆယ်ချီခရီးတွေ သွားခဲ့ရာကစ စာပေတွေ သည်းသည်းမည်းမည်း ဖတ်ရှုခဲ့တာတွေ။ စာတွေကို ကျားကုပ်ကျားခဲ ရေးသားခဲ့တာတွေကတော့ ပြောဖို့ လိုတော့မယ်မထင်ပါ။ မခက်မာကို ပြောခဲ့တဲ့ သူ့စကားတခွန်းက အတုယူစရာပါ။

စာကို ရေးချင်စိတ် မရှိလည်း

စားပွဲမှာ နေ့စဉ် ထိုင်ပါ။ ရေးပါ။

ရေးရင်း ရေးရင်းက စိတ်ပါလာပါတယ်။

ဒါမှမဟုတ် ဘာသာပြန်ဖို့ စာအုပ်ဆောင်ထားပြီး

ဘာသာပြန် ရေးလိုက်ပါ။

ပင်ကိုဖြစ်ဖြစ် ဘာသာပြန်ဖြစ်ဖြစ်

ထိုင်ဖြစ်အောင်ထိုင် ရေးဖြစ်အောင်ရေးရင်

စာရေးဖြစ်သွားပါတယ်။ (မြသန်းတင့်)

ဒီလိုနဲ့ စာမျိုးစုံ၊ စာအုပ်မျိုးစုံ ရေးသားခဲ့တဲ့ ဆရာမြရဲ့ ဂုဏ်ပုဒ်တွေများစွာအပြင် အင်းစိန်ထောင်တိုက်ပွဲတွေမှာ၊ ကိုကိုကျွန်းအကျဉ်းစခန်း တိုက်ပွဲတွေမှာ သူ့ရဲ့ ဦးဆောင်တိုက်ပွဲဝင်ခဲ့တာတွေဟာ အထင်အရှားပါပဲ။ ကိုကိုးကျွန်းပြန်စာရေးဆရာကြီးတွေကလည်း သူ့အကြောင်းတွေ ရေးသားထားခဲ့ပြီးပါပြီ။ ဒါကြောင့်သူ့ကွယ်လွန်ခြင်း ၂၈ နှစ်မြောက် ဒီကနေ့မှာ သူ့စာတွေ ဖတ်ကြပါ။ သူ့အကြောင်း ရေးသားထားတဲ့ စာတွေကိုလည့် ဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar