Breaking News

BNRA တပ်ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်တပ်ထံ လက်နက်ချ

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၈ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆


BNRA တပ်ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်တပ်ထံ လက်နက်ချ

NUG လက်အောက်က တပ်တွေ အင်အားရာဂဏန်းကနေ ထောင်ဂဏန်းနီးပါးအထိ ပုလဲမြို့နယ်ထဲက BNRA ဗမာအမျိုးသားတော်လှန်ရေးတပ်လို့ အမည်ပေးထားတဲ့ ဗိုလ်နဂါးခေါင်းဆောင်တဲ့ တပ်ဖွဲ့တွေကို စတင်တိုက်ခိုက်ပြီး နောက်နေ့မှာပဲ BNRA ခေါင်းဆောင် ဗိုလ်နဂါး(အမည်ရင်း နိုင်လင်း) ဟာ အာဏာသိမ်းစစ်တပ်ရဲ့ မုံရွာအခြေစိုက် စစ်တိုင်းနဲ့ ဆက်သွယ်ပြီး လက်နက်ချသွားခဲ့ပါတယ်။ တပ်ဖွဲ့အလိုက် လက်နက်ချတာမျိုး မဟုတ်ဘဲ ခေါင်းဆောင်နဲ့ မိသားစုအဖွဲ့ဝင် အချို့သာ လက်နက်ချသွားခဲ့ပြီး ၄င်းလက်အောက်က တပ်ရင်း တပ်ဖွဲ့တွေကို ဘယ်လို ညွှန်ကြားသွားသလဲ သို့မဟုတ် ညွှန်ကြားတာမျိုး မရှိဘဲ ကိုယ်လွတ်ရုန်းသွားတာလား ဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ မသိရှိကြရသေးပါဘူး။ 

ပုလဲနဲ့ ယင်းမာပင်နယ်မြေတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ သက်တမ်း ၄ နှစ်ဝန်းကျင်ရှိတဲ့ ဒေသန္တရကာကွယ်ရေး လက်နက်ကိုင်အဖွဲ့ ပြိုပျက်သွားတာဟာ ဒီအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါးနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွင်းက NUG လက်အောက်က တပ်ရင်းတွေအဖို့တော့ အောင်မြင်မှုတခု အဖြစ်နဲ့ ရှုမြင်ကြမှာ ဖြစ်ပါတယ်။ နှစ်နဲ့ချီ အချေအတင် တဖက်နဲ့ တဖက် အငြင်းအခုံဖြစ်တာတွေ၊ စွပ်စွဲမှုတွေ ရှိခဲ့တဲ့ အနေအထားက နောက်ဆုံးမှာ ရန်ဘက်ဖြစ်သူက စစ်တပ်ထံ လက်နက်ချသွားခဲ့တာမို့လို့ မိမိတို့ဘက်က အမှန်တရား ဆိုတဲ့သဘော၊ တဖက်က တော်လှန်ရေးကို သစ္စာဖောက်သွားသူအဖြစ် သက်သေပြနိုင်ခဲ့တဲ့ သဘောဖြစ်ပါတယ်။ 

ဒီဖြစ်စဥ်မှာ NUG လက်အောက်ခံတပ်တွေနဲ့ ရန်ဘက်လိုဖြစ်နေတဲ့ ဗိုလ်နဂါးက အရင်ကတည်းက အာဏာသိမ်းစစ်တပ်ဘက်က မြှုပ်နှံထားတဲ့သူအဖြစ် သို့မဟုတ် ခုဖြစ်ရပ်မတိုင်ခင်ကတည်းက စစ်တပ်နဲ့ လျှို့ဝှက်အဆက်အသွယ်ရှိသူအဖြစ် ပုံဖော်ပြောဆိုမှု၊ ကောက်ချက်ချမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အချက်အလက် အထောက်အထား ခိုင်ခိုင်မာမာတော့ မပြသနိုင်ကြသည့်တိုင် စစ်တပ်က ရဟတ်ယာဥ်နဲ့ လာရောက်ခေါ်ဆောင်သွားတာ NUG လက်အောက်ခံတပ်ရင်းတွေရဲ့ ထိုးစစ်စတင်ပြီး ၄၈ နာရီမပြည့်မီ လက်နက်ချသွားတာဟာ အရင်ကတည်းက ဆက်နွှယ်မှု၊ ဆက်သွယ်မှုရှိခဲ့လို့ ဆိုတဲ့ အကျိုးအကြောင်း ဆွဲယူ ကောက်ချက်ချတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အချို့ကတော့ တော်လှန်ရေးတပ်အချင်းချင်း အကြား ဖြေရှင်းပုံဖြေရှင်းနည်း လွဲမှားခြင်း အချင်းချင်း လက်နက်နဲ့ တိုက်ခိုက်အနိုင်ယူခြင်းကြောင့် ခုခံတိုက်ခိုက်ပြီး အသက်မစွန့်ရဲတဲ့ ဗိုလ်နဂါး အနေနဲ့ ဒီလိုလမ်းကြောင်းမျိုး မရွေးချင်သော်လည်း ရွေးလိုက်ရတဲ့ သဘော တွန်းပို့ခံရတဲ့ သဘောလို့ ကောက်ချက်ချတာလည်း ရှိနေတာပါ။ 

ဗိုလ်နဂါး လက်နက်ချပြီးနောက် နာရီအနည်းငယ်အကြာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညမှာ NUG အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဗိုလ်နဂါးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေ ပါဝင်တဲ့ ထုတ်ပြန်ချက်ကို အရေးပေါ် ထုတ်ပြန်ကြေညာချက် အဖြစ်နဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီအဖြစ်အပျက်တွေနဲ့ အတူ နာရီပိုင်းအတွင်းမှာ ဝန်ကြီးချုပ်ရုံးရဲ့ အတွင်းဝန်ဖြစ်သူကို အဂတိလိုက်စားမှု၊ ငွေကြေးအလွဲသုံးစားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ၄င်းရဲ့ လက်အောက်က ဝန်ထမ်းဟောင်းတွေ တိုင်းကြားထားမှုရဲ့ ဆုံးဖြတ်ချက်ကိုလည်း ညတွင်းချင်း ဆက်တိုက်ဆိုသလို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဗိုလ်နဂါး လက်နက်ချတဲ့ ဖြစ်ရပ်က သတင်းတွေ၊ လူထုရဲ့ အာရုံစိုက်မှု အမြင့်ဆုံးရောက်နေချိန်မှာ အဂတိလိုက်စားမှု ငွေကြေးအလွဲသုံးမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂ လကျော်ကြာသည်အထိ စစ်ဆေးမှုရဲ့ ရလဒ်ကို ထုတ်ပြန်ခြင်း မပြုနိုင်သေးသဖြင့် ဝေဖန်ခံနေခဲ့ရပြီး အခုလို လက်နက်ချတဲ့ ဖြစ်ရပ်ဖြစ်ပွားတဲ့ ညမှာ ထုတ်ပြန်လိုက်ခြင်းက ရိုးသားမှုရှိရဲ့လား ဆိုတဲ့ ဝေဖန်မှုတွေလည်း ပေါ်ထွက်လာပြန်ပါတယ်။ 

ဘယ့်နှယ် ဗိုလ်နဂါး လက်နက်ချတဲ့ အကြောင်းကနေ ဝန်ကြီးချုပ်ရုံး အတွင်းဝန်ရဲ့ အဂတိလိုက်စားမှုနဲ့ အလွဲသုံးစားမှုတွေဆီ ဆက်စပ်ရောက်ရှိသွားရတာလဲလို့ ဆိုကောင်းဆိုပါလိမ့်မယ်။ လူစိတ်ဝင်စားတဲ့ သတင်းကြီးတပုဒ် ဖြစ်ပေါ်နေချိန် အခြားသော လူစိတ်ဝင်စားတဲ့ သတင်းတပုဒ်ကပါ နာရီပိုင်းအတွင်း ထွက်ရှိလာတာကို လူအများကို အာရုံလွှဲစေတာလား မှေးမှိန်သွားစေလိုတဲ့ ရည်ရွယ်တာလား ဆိုတဲ့ ဝေဖန်မှုတွေအကြောင်း ဖြစ်ပါတယ်။ 

ဗိုလ်နဂါး လက်နက်ချတဲ့ အဖြစ်အပျက်အကြောင်း ပြန်သွားကြရင်၊ NUG နဲ့ အငြင်းအခုံဖြစ်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်သူ လက်နက်ချတာဟာ စစ်တပ်အဖို့ ဝါဒဖြန့်ချိရေးအရ အမြတ်ထွက်ခြင်း ဖြစ်ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ဒေသကာကွယ်ရေးတပ်တွေ အညာမှာရော အချို့သော တိုင်းရင်းသားဒေသတွေမှာပါ အများအပြားရှိနေကြတာမို့လို့ တပ်ဖွဲ့ဝင်အချို့ စစ်တပ်ဘက် လက်နက်ချတာမျိုးထက် လူသိများတဲ့ LPDF ခေါင်းဆောင်ဖြစ်သူ လက်နက်ချတဲ့ အဖြစ်က ခုဖြစ်ရပ်က ပထမဆုံး ဖြစ်ပါလိမ့်မယ်။ 

နဂိုကတည်းက စစ်တပ်ရဲ့ မြှုပ်နှံသူ ဖြစ်ခဲ့သည် ဖြစ်စေ၊ အခုလို NUG တပ်ရင်းတွေ တိုက်ခိုက်ခံရတဲ့ အခြေအနေကြောင့် စစ်တပ်ထံ လက်နက်ချဖို့ ဆုံးဖြတ်သည်ဖြစ်စေ ဘယ်အကြောင်းခံကြောင့်ဘဲ ဖြစ်စေ ဗမာလူမျိုးတွေအများစု နေထိုင်ကြတဲ့ အညာဒေသရဲ့  လက်နက်ကိုင်တော်လှန်ရေး အပေါ် အနုတ်လက္ခဏာ သက်ရောက်စေလိမ့်မှာ အသေအချာဖြစ်ပါတယ်။ 

ဗိုလ်နဂါးက ပုလဲ နဲ့ ယင်းမာပင်ဒေသရဲ့ PDF တပ်တွေတည်နေရာ၊ အားနည်းချက် အားသာချက်၊ လက်နက်ကိုင် တော်လှန်ရေးရဲ့ ရန်ပုံငွေရင်းမြစ်၊ လက်နက်ဝယ်ယူရာ ရရှိရာ လမ်းကြောင်းတွေ အရင်းအမြစ်တွေနဲ့ ပတ်သက်တဲ့ ၄င်းသိထားသမျှ အချက်အလက်တွေကို စစ်တပ်ထံ အသိပေးထုတ်ပြောရတာကြောင့် အကျိုးသက်ရောက်မှုက တပိုင်းဖြစ်သလို ဒေသခံလူထုတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးအပေါ် ယုံကြည်မှု ယုတ်လျော့သွားမယ့် အကျိုးဆက်ကလည်း ရှိနေတာ သတိပြုဖို့ လိုအပ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ ဗိုလ်နဂါး လက်နက်ချတာဟာ နွေဦးတော်လှန်ရေးအပေါ် စိတ်ဓာတ်ရေးအရ ထိုးနှက်မှု တခုအဖြစ် ရှုမြင်ပြီး လက်နက်ချတဲ့ အဖြစ်အပျက်ကို နာရီပိုင်းအတွင်း အများသိအောင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံနဲ့ တကွထုတ်ပြန်ခဲ့ပြီး စစ်အာဏာရှင်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင် လက်နက်ချရာက ၄င်းတို့ ရရှိတဲ့ စိတ်ဓာတ်ရေးအရ အကျိုးအမြတ်က တန်ဖိုးကြီးတယ် ဆိုတာကို ကောင်းကောင်း နားလည်ကြပုံပေါ်ပါတယ်။ 

အညာဒေသမှာ အလားတူ ဗိုလ်နာမည်တွေနဲ့ ဖွဲ့စည်းထားတဲ့ LPDF လက်နက်ကိုင် အဖွဲ့တွေ အများအပြား ရှိနေကြတာ ဖြစ်ပြီး အဲဒီလို သီးခြားစီရပ်တည်နေကြတဲ့ LPDF တပ်ဖွဲ့တွေ ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖြိုခွဲဖို့ နည်းလမ်းတခုကိုလည်း အစပျိုးပေးလိုက်သလို ဖြစ်စေနိုင်ပါတယ်။ 

တဖက်မှာလည်း တော်လှန်ရေး လက်နက်ကိုင်တပ်တွေ အချင်းချင်းအကြား ဖြစ်ပွားတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကြောင့် ပြည်သူလူထု အနေနဲ့ နွေဦးတော်လှန်ရေး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး အောင်ပွဲ အလှမ်းဝေးသွားပြီလား ဆိုတဲ့ စိတ်အားလျော့မှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ အကျိုးဆက်တွေလည်း ရှိလာနိုင်တာကို တွေ့မြင်နေကြရပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar