မောင်လူမွှေး - မြန်မာ့အခင်းအကျင်းကို ထင်ဟပ်နေတဲ့ ကျောင်းသားနဲ့ဆရာရဲ့ ခံစားချက်တွေ
မောင်လူမွှေး - မြန်မာ့အခင်းအကျင်းကို ထင်ဟပ်နေတဲ့ ကျောင်းသားနဲ့ဆရာရဲ့ ခံစားချက်တွေ
မိုးမခ ၊ ဇွန် ၁၃ ၊ ၂၀၂၆
မောင်လူမွှေးတစ်ယောက် ဇွန်လဆန်း ၁ ရက်နေ့မှာ ကဗျာလေးနှစ်ပုဒ်ကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိခဲ့တယ်။ ပထမတစ်ပုဒ်က Grade 12 ကျောင်းသူတစ်ဦးရေးထားတဲ့ ကဗျာပါ။ ကဗျာကောင်းခြင်း မကောင်းခြင်းထက် ကဗျာမှာပါတဲ့ လူငယ်တစ်ယောက်ရဲ့ ခံစားမှုကို အဓိက ဖတ်ရပါတယ်။ အဲဒီကျောင်းသူလေးက ကိုယ့်နိုင်ငံဟာ ကမ္ဘာမှာ ဘယ်လောက်အထီးကျန်နေတယ်ဆိုတာကို ခံစားမိပုံပါ။ ပေးထားတဲ့ ခေါင်းစဉ်က "နံရံတစ်ဖက်ခြမ်းက တို့နိုင်ငံ" ဖြစ်ပါတယ်။
နံရံတစ်ဖက်ခြမ်းက တို့နိုင်ငံ
အလင်းမဲ့တဲ့ တို့နိုင်ငံ
မြင်လေသမျှ အကျည်းတန်
ငြိမ်းချမ်းရေးကို တောင့်တလည်း
သေနတ်ဗုံးသံ ညံမစဲ။
ပညာသင်မယ့် ကလေးတွေ
စစ်ဘေးရှောင်ဖို့ ပြေးရလေ။
ခေါင်းလောင်းတေးသံ မကြားရ
စာသင်ကျောင်းတွေ တိတ်ဆိတ်လှ။
ဆက်သွယ်ရေးလည်း ခေတ်မမီ
ရှုပ်ထွေးစေဖို့ သူ ဦးတည်။
ကုန်စည်များစွာ ကန့်သတ်ထား
လမ်းဘေးဂိတ်တွေ အလွန်များ။
ညံ့ဖျင်းလှတဲ့ အုပ်ချုပ်ပုံ
ပြည်သူအားလုံး ကိုယ်တွေ့ကြုံ
ညီရင်းအစ်ကို ဖြစ်နေလည်း
ရန်သူတွေလို စိတ်ထားကွဲ့။
ခွင့်တူညီမျှ လူ့သိက္ခာ
ပြည်သူအားလုံး ရဖို့ရာ
ကမ္ဘာကြီးကို တောင်းဆိုလည်း
မသိကျိုးကျွန် ပြုနေဆဲ။
ဒီကဗျာလေးထဲက လူငယ်တစ်ယောက်ရဲ့ ခံစားချက်တွေဟာ လက်တွေ့မြေပြင်က ဖြစ်ရပ်တွေရဲ့ ထင်ဟပ်ချက်တွေ ဖြစ်တယ်။ လက်နက်ကြီး ပစ်ခတ်သံတွေ၊ လေယာဉ် တဝေါဝေါအသံနောက်က "အုန်း"ခနဲ ဗုံးပေါက်ကွဲသံတွေ၊ အထုပ်တွေ နိုင်သလောက်ဆွဲပြီး မိဘတွေနောက်က တိုးလိုးတန်းလန်း လိုက်နေကြရတဲ့ ကလေးတွေ၊ ဝိညာဉ်တွေ ခိုအောင်းတဲ့ နေရာတစ်ခုလို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ စာသင်ကျောင်းဆောင်တွေကို တော်လှန်နယ်မြေမှာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ဆက်သွယ်ရေးလိုင်းတွေ ဖြတ်ထားတယ်။ ကုန်စည်တွေကို ကန့်သတ်တယ်။ ရနိုင်သမျှ ကုန်စည်တွေဟာလည်း စစ်တပ်ဂိတ်အပြင် တော်လှန်ရေးနယ်မြေတွေထဲက ဂိတ်ပေါင်းများစွာကို ငွေနဲ့ ကျော်ဖြတ်ရတာ ဖြစ်တယ်။
အုပ်ချုပ်ပုံ ညံ့ဖျင်းတာကတော့ စစ်တပ်ဘက်ကရော၊ တော်လှန်ရေးဘက်ကရော နှစ်ဖက်စလုံးမှာ ရှိတယ်။ အုပ်ချုပ်ရေးဟာ စနစ်ထက် လူအပေါ်မှာ မူတည်နေတာကို တွေ့ရတယ်။ ရပ်ရွာ၊ ဒေသတစ်ခုမှာ အုပ်ချုပ်ရေးကို ဖော်ဆောင်တဲ့သူက ကောင်းရင် အဲဒီရပ်ရွာ သက်သာမယ်။ မကောင်းရင် ခံပေတော့ပဲ။ ဒါဟာ တော်လှန်နယ်မြေမှာ လက်တွေ့ဖြစ်ပျက်နေတဲ့ အရှိတရား၊ စနစ်ကို မတည်ဆောက်နိုင်သေးတဲ့ အားနည်းချက်ဖြစ်တယ်။ စိတ်ဝမ်းကွဲတယ်ဆိုတာလည်း မြန်မာ့သမိုင်း အမွေအနှစ်လို့တောင် ပြောလို့ရနေပါပြီ။
တော်လှန်နယ်မြေက ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်ရဲ့ ကဗျာကို ဖတ်တဲ့နေ့မှာပဲ မောင်လူမွှေး ညီတော်မောင် CDM ကျောင်းဆရာက တိုက်တိုက်ဆိုင်ဆိုင် သူ ရေးထားတဲ့ ကဗျာလေး လာပို့တယ်။ မောင်လူမွှေး ညီတော်မောင်ဟာ CDM ဝင်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုကို ခေါင်းဆောင်နေတဲ့ သူတွေထဲမှာ ပါဝင်သူပါ။ သူက ကဗျာတွေရေးရင် 'ကိုရင်တာ' ဆိုတဲ့ ကလောင်နာမည်လေးနဲ့ ရေးတယ်။ သူ့ကဗျာက "တရားခံ ဘယ်သူလဲ" တဲ့။ စဉ်းစားစရာတွေ၊ မေးခွန်းတွေ အများကြီးပါတဲ့ ကဗျာ ဖြစ်တယ်။
တရားခံ ဘယ်သူလဲ
သားသမီးမရှိတဲ့ မိဘ
မိဘမရှိတဲ့ သားသမီး။
အိမ်မရှိတဲ့ ပြည်သူ
ပြည်သူမရှိတဲ့ အိမ်။
စာနာသနားမှုမရှိတဲ့ ဝမ်းစာ
ဝမ်းစာမရှိတဲ့ စာနာသနားမှု။
စာသင်ကျောင်းမရှိတဲ့ လူငယ်တွေ
လူငယ်တွေ မရှိတဲ့ စာသင်ကျောင်းတွေ။
လူနာမရှိတဲ့ ဆေးရုံ
ဆေးရုံမရှိတဲ့ လူနာ။
ဘုရားမရှိတဲ့ ကျောင်း
ကျောင်းမရှိတဲ့ ဘုရား။
ယဉ်ကျေးမှုမရှိတဲ့ ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးမရှိတဲ့ ယဉ်ကျေးမှု။
ဒါတွေဟာ
ညီညွတ်ရေး၊ ပြန်လည်ပေါင်းစည်းရေး၊ အမျိုးသားရေး၊ ဘာသာရေး၊ လွတ်မြောက်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး ဆိုတဲ့ ခေါင်းစဉ်အောက်က စစ်ပွဲတွေ။
ကိုရင်တာ (၁.၆.၂၆)
အခု နွေဦးတော်လှန်ရေးကို မောင်လူမွှေးတို့ တောသားတွေက "အာဏာသိမ်းစစ်တပ် ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေး" ဆိုပြီး နားလည်ကြတယ်။ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာလည်း ဒီနှစ်ခုပဲ ဖြစ်တယ်။ ဒီရည်မှန်းချက်နှစ်ခုကို ရောက်အောင် ဦးတည်ပြီး တိုက်ခိုက်နိုင်မှ၊ တည်ဆောက်နိုင်မှ မောင်လူမွှေးတို့ ပြည်သူတွေရဲ့ ပန်းတိုင်ရောက်မှာ ဖြစ်တယ်။
ပြည်သူတွေကို ပန်းတိုင်ရောက်အောင် လမ်းပြခေါ်ဆောင်နိုင်တဲ့ အစွမ်းမရှိခဲ့ရင်၊ ဆယ်ကျော်သက် ကျောင်းသူလေးတစ်ဦးရဲ့ ကဗျာတွေထဲကလို ရန်သူတွေလို စိတ်ဝမ်းကွဲနေခဲ့ရင်၊ ခေါင်းစဉ်တွေအောက်မှာပဲ လုပ်စားစစ်ပွဲတွေ ဖြစ်နေခဲ့ရင် "တရားခံတွေ" ဟာ အများကြီး ဖြစ်နေတော့မှာ သေချာတယ်။ မြန်မာ့နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတာကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေ ထိခိုက်သေဆုံးကြ၊ ဘဝပျက်ကြရတဲ့ အဓိကတရားခံဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါအုပ်စုသာလျှင် ဖြစ်တယ်။ နောက်ထပ် ထပ်တိုးတရားခံတွေ များလာရင်တော့ နွေဦးတော်လှန်ရေးဟာ မြန်မာ့သမိုင်းမှာ ကြေကွဲစရာအကောင်းဆုံး ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားနိုင်တယ်ဆိုတာ လေးလေးနက်နက် အမြဲသတိချပ်ကြဖို့ လိုပါတယ်ခင်ဗျာ...။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar