မောင်လူမွှေး - အတိတ်ကို ပြန်ကြည့်မိတဲ့ခဏ
မောင်လူမွှေး - အတိတ်ကို ပြန်ကြည့်မိတဲ့ခဏ
မိုးမခ ၊ ဇွန် ၂၈ ၊ ၂၀၂၆
မောင်လူမွှေး တပည့်များကို "Burma Soldier" ဆိုသည့် Documentary ရုပ်ရှင်ကားအား ပြဖြစ်ခဲ့သည်။ ဇာတ်ကားက တစ်နာရီနှင့် ဆယ်မိနစ်ကြာချိန် ဖြစ်သောကြောင့် နှစ်ချိန်ခွဲ၍ ပြရသည်။ မြန်မာစစ်တပ်၏ ရက်စက်မှုနှင့် စစ်အာဏာရှင်စနစ်၏ အကြောင်း တစွန်းတစကို ကလေးများကို သိစေချင်၍ဖြစ်သည်။ ဤဇာတ်ကားအား ကလေးများကလည်း စိတ်ဝင်တစားကြည့်ကြပြီး အသီးသီးခံစားမှုများရှိသွားကြမည်မှာ သေချာပါသည်။
"ခြေတွေ လက်တွေ ပြတ်သွားတာတောင် ဘဝကို အရှုံးမပေးဘူး။ ကျွန်တော်တို့၊ ကျွန်မတို့လည်း ဘယ်လိုအခြေအနေဖြစ်ဖြစ် ဘဝကို အရှုံးပေးမှာ မဟုတ်ဘူး" ဟု ဇာတ်ကားကိုကြည့်ပြီးနောက် တပည့်လေးများက ပြောပြကြသည်။
အင်ဂျင်နီယာဘွဲ့ရလူငယ်တစ်ယောက်အား "Burma Soldier" ကို ကြည့်ဖို့ ညွှန်းတော့ သူကြည့်သည်။ ပြီးတော့ "မြေကြီးကို သူ နမ်းလိုက်တဲ့ အခိုက်အတန့်ဟာ မျက်ရည်ကို ကျတော့တာဗျာ" ဟု ပြောပြသည်။ "Burma Soldier" ထဲမှ ဇာတ်ကောင် ကိုမျိုးမြင့်တစ်ယောက် အမေရိကားသို့ ဒုက္ခသည်အဖြစ် သွားရတော့မည်ဆိုတော့ မြန်မာနိုင်ငံမှ မြေကြီးကို ပလတ်စတစ်အိတ်လေးနှင့် ထုပ်ပြီးယူသွားခြင်းဖြစ်သည်။ အမိမြေကို သတိရတိုင်း ဤမြေကို သူ ထိတွေ့မည်။ နမ်းမည်ဟု ကိုမျိုးမြင့်က ပြောသည်။ အမိမြေကို ချစ်သော ကိုမျိုးမြင့်တစ်ယောက် အမေရိကားတွင်ပင် ကွယ်လွန်ခဲ့ရှာပြီ ဖြစ်သည်။
စစ်အာဏာရှင်တော်လှန်ရေးနှင့် ပတ်သက်သော ပုဂ္ဂိုလ်အချို့နှင့် မောင်လူမွှေး အသက်နှစ်ဆယ်စွန်းစွန်းလူငယ်ဘဝတွင် စတင်ထိတွေ့ဆက်ဆံခဲ့ရသည်။ ထိုပုဂ္ဂိုလ်များထဲမှ အချို့မှာ မရှိကြတော့ပေ။ အချို့လည်း ဘာမျှမလုပ်နိုင်သော အသက်အရွယ်သို့ ရောက်နေကြပြီ။ ဘာမျှ သိပ်မလှုပ်ရှားနိုင်သော အခြေအနေအောက်သို့ ရောက်နေသူများလည်း ရှိပါသည်။
မောင်လူမွှေးတစ်ယောက် အခြေအနေများကို စိတ်ပျက်သောအခါ မိမိရှေ့မှ မျိုးဆက်များ ဘယ်လို ဖြတ်သန်းခဲ့ကြသလဲဆိုတာကို ပြန်ပြန်ကြည့်တတ်သည်။ စဉ်းစားတတ်သည်။ တချို့ စစ်အာဏာရှင် တော်လှန်ရေးအပေါ် သစ္စာဖောက်သွားကြသည်။ တချို့ စိတ်ကျသွားကြသည်။ တချို့ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးရသည်။ တချို့က အသက်ဆုံးရှုံးကြသည်။ တချို့က တဘဝလုံး တိတ်ဆိတ်အထီးကျန်သွားကြသည်။ တချို့ ထောင်ကျနေသည်။ တချို့ သေဒဏ်ပေးခံရသည်။ တချို့က မိမိ၏ဇာတိနိုင်ငံအား သေဆုံးသည့်တိုင် ခွဲခွာပြီး နေသွားကြရသည်။ ဒါတွေဟာ စစ်အာဏာရှင်တော်လှန်ရေး မအောင်မြင်ရင် တော်လှန်သူများ အားလုံး ဖြစ်သွားနိုင်သော ဘဝများဖြစ်သည်။
ရှေ့က မောင်လူမွှေးတို့ မျိုးဆက်များ ဤသို့ ဘာကြောင့် ဖြစ်ကြရသနည်း။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော လူငယ်များကို ပြည်သူများက ထောက်ခံခဲ့ကြသည်။ ဒါပေမဲ့ စစ်တပ်က ဖိနှိပ်မှုအားကောင်းဆဲ ဖြစ်တာကြောင့် ပြည်သူအများစုမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူများနောက် အင်နှင့်အားနှင့် မလိုက်ရဲခဲ့ကြပေ။ ပြည်သူများ ပါမလာနိုင်အောင် စစ်တပ်က ထိန်းချုပ်ထားလိုက်သည့်အခါ အာဏာရှင်တော်လှန်ရေးသမားများမှာ အထီးကျန်ကုန်ကြသည်။ ဒါတောင် အချင်းချင်းလက်တွဲပြီး အာဏာရှင် တော်လှန်ရေးကို အသက်ထက်ဆုံး လုပ်သွားကြသောသူများကို မောင်လူမွှေး အလေးပြုပါသည်။ လမ်းဖောက်သူများ၏ဘဝဟာ လေးစားစရာ၊ ဂုဏ်ယူစရာ ဂုဏ်သိက္ခာများနှင့် သမိုင်းမှတ်တမ်းရေးထိုးခဲ့ကြပြီး လူသားတယောက်အနေနဲ့တော့ ကြေကွဲစရာလည်းဖြစ်သည်။
စစ်အာဏာရှင်ကို တော်လှန်ရင်း မောင်လူမွှေးတို့ ရှေ့က မျိုးဆက်များလို ဘဝများကို မရောက်ချင်ရင် မောင်လူမွှေးတို့ တော်လှန်ရေးအောင်မှ ဖြစ်မည်။ သူတို့တွေ ရင်းနှီးခဲ့ကြလို့သာ မောင်လူမွှေးတို့ ဤလိုအနေအထားနှင့် တော်လှန်နေနိုင်တာဆိုတာကိုလည်း သတိရဖို့လိုပါသည်။ သူတို့ဘဝနဲ့ ရင်းခဲ့ကြတဲ့ အရင်းအနှီးများကို မဖျက်ဆီးမိဖို့ အရေးကြီးပါသည်။ တော်လှန်ရေးအောင်ဖို့က စည်းလုံးဖို့ လိုပါသည်။ လူတိုင်း ပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုးများကို တီထွင်ဖန်တီးဖို့ လိုအပ်ပါသည်။ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးမှအစ လက်ဝါးကြီးအုပ်ချင်နေတဲ့ စိတ်တွေရှိနေရင် အာဏာရှင်စနစ်ဘက်ကို ဂငယ်ကွေ့ပြန်ကွေ့သွားမှာ စိုးရိမ်ရပါသည်။
နွေဦးတော်လှန်ရေးတွင် အင်မတန် တန်ဖိုးကြီးလှသော လူထု၏ ထောက်ခံမှုနှင့် လိုက်ပါမှုအား တော်လှန်ရေးခေါင်းဆောင်များသည် လွယ်လွယ်ကူကူရခဲ့တာဖြစ်သည်။ တည်ဆောက်ယူထားသော တော်လှန်ရေးတပ်ဖွဲ့များလည်း ရှိပါသည်။ ပြည်သူများ၏ စစ်အာဏာရှင်မုန်းတီးစိတ် အခြေခံနှင့် ရထားသော ထောက်ခံမှုကို မိမိအရည်အချင်းကြောင့် ထောက်ခံမှုရသည်ဟု တလွဲနားလည်ပြီး သွေးနထင်ရောက်သူများသည် ကျဆုံးမှာဖြစ်သည်။ သူတင်မဟုတ်ပါ။ သူနှင့်ဆက်စပ်နေသူများရော၊ အနီးအနားမှ ပြည်သူအချို့ရော သူ၏ဝဲဂယက်တွင် ပါသွားနိုင်ပါသည်။ တည်ဆောက်ထားသူများကတော့ ဂုဏ်သိက္ခာအရာရော၊ လက်တွေ့တော်လှန်ရေးလုပ်ငန်းများရော အောင်မြင်အောင်စွမ်းဆောင်နိုင်ပါလိမ့်မည်။
မောင်လူမွှေးတစ်ယောက် လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး စိတ်ရှုပ်နေ၍ တောထဲသွားပြီး ကော်ဖီသောက်ရင်း စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသော မိမိနောင်တော်များအကြောင်းကို သတိတရနှင့် တွေးမိနေခြင်းဖြစ်သည်။ သူတို့တွေ ခံစားခဲ့ရတာများကို မောင်လူမွှေးတို့လည်း ခံစားလာရပြီမို့ ကိုယ်ချင်းစာစိတ်၊ လေးစားစိတ်လည်း ဖြစ်မိပါသည်။ အရှေ့ကို လျှောက်ရန် အနောက်ကိုလည်း ပြန်ကြည့်ကြရမှာပါ။ သမိုင်းဟောင်းမကျေဘဲ သမိုင်းသစ် ရေးဖို့ဆိုတာ မဖြစ်နိုင်ပါ။ ဆရာမောင်ရစ်၏ "တော်လှန်ရေးမှာ အသည်းကွဲရခြင်း" ဆိုတဲ့ စကားလုံးများက မောင်လူမွှေးကို ခြောက်လှန့်နေပါတယ်ခင်ဗျာ...။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar