ကိုသန်းလွင် - ပြင်သစ်ပြည်မှ ဖီလိုဆိုဖီ စာမေးပွဲ
ကိုသန်းလွင် - ပြင်သစ်ပြည်မှ ဖီလိုဆိုဖီ စာမေးပွဲ
မိုးမခ ၊ ဇွန် ၂၈ ၊ ၂၀၂၆
(၁)
ခက်ခဲသောမေးခွန်းများသည် ပြင်သစ်နိုင်ငံ အထက်တန်းကျောင်းသားများအတွက် ဘဝရပ်တည်ရေးတွင် အဆင့်အတန်းတစ်ခု ရအောင် ဖီလိုဆိုဖီက ဖန်တီးနေပါသည်။
အထက်တန်းကျောင်းသားများသည် ယခင်အပတ်က အရေးကြီးသော မေးခွန်းများကို ဖြေကြရသည်။
သူတို့ကို မေးသော မေးခွန်းမှာ “အခြားသူများ မပျော်နိုင်ဖြစ်နေချိန်တွင် မိမိက ပျော်ရွှင်နိုင်ပါသလား” နှင့် “မိမိပြောသော စကားလုံးများအပေါ်မိမိ ထိန်းချုပ်နိုင်သလား” ဆိုသည်တို့ ဖြစ်ပါသည်။
(၂)
၎င်းတို့မှာ ယခုနှစ် ဖီလိုဆိုဖီ စာမေးပွဲမှ မေးခွန်းများ ဖြစ်သည်။ ၎င်းသည် တစ်နှစ်လျှင် တစ်ကြိမ်သာ တပြိုင်နက် ကျင်းပသော ပြင်သစ်ပြည်မှ ၁၇-၁၈ နှစ်အရွယ် ကျောင်းသားပေါင်း ၅ သိန်းကျော်ဖြေဆိုရသော မေးခွန်းများ ဖြစ်သည်။
ကျောင်းသားများသည် တစ်နှစ်တာလုံး ဖီလိုဆိုဖီ သင်ခန်းစာများကို သင်ယူကြရပြီး မေးခွန်း ၂ ခုအနက်မှ ကြိုက်နှစ်သက်ရာ မေးခွန်း (၁) ခုကို ဖဆိုရမည်ဖြစ်သည်။ မေးခွန်းများသည် ဖီလိုဆိုဖီအဓိကလမ်းကြောင်းမှလာပြီး ယခုနှစ်အတွက် နစ်ရှေး၏ (Friedrich Nietzsche) ၏ Human all too human (၁၈၇၈) စာအုပ်မှ မေးခွန်းဖြစ်ပါသည်။
အင်္ဂလန် အပါအဝင် ဥရောပတတိုက်လုံးတွင် ဖီလိုဆိုဖီကို နှစ်သက်ရာ (Optional) ဘာသာရပ်အဖြစ် သင်ယူကြရပြီး အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ စသောနိုင်ငံများတွင်လည်း ဖီလိုဆိုဖီ ကို အဓိကဖြစ်စေ၊ ကြိုက်နှစ်သက်ရာ ဘာသာရပ်အဖြစ် ဖြစ်စေ သင်ယူခွင့်ရှိသည်။
ပြင်သစ်နိုင်ငံ တနိုင်ငံသာ အထက်တန်းကျောင်းသားမှန်သမျှ မယူမနေရ သင်ယူကြရပြီး ပြင်သစ်ကျောင်းသားများမှာ အထက်တန်းအောင်လျှင် ဖီလိုဆိုဖီ၏သဘောကို အကြမ်းမျှ နားလည်ကြပြီးဖြစ်သည်။
ကျောင်းသားများသည် ထိုအက်ဆေးကို ရေးရန် ၄ နာရီမျှ အချိန်ရပါသည်။ ပြင်သစ်နိုင်ငံတွင် ဖီလိုဆိုဖီ စာမေးပွဲမှာ နိုင်ငံတော်က ကျင်းပသည့် အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ပြီး ကျင်းပပုံကို တယ်လီဗီးရှင်းမှ တိုက်ရိုက် (Live) လွှင့်ပေးသည်။ တယ်လီဗီးရှင်းတွင် အီရန်စစ်ပွဲ၊ ယူကရိန်းစစ်ပွဲ စသည့် သတင်းချန်နယ်များ၌လည်း စစ်သတင်းများကို လွှင့်ပေးပြီး ဤစစ်ပွဲများနှင့်ပတ်သတ်၍ သူတို့အမြင်များကို ဆွေးနွေးကြသည်။ ဆွေးနွေးချက်များကို တယ်လီဗီးရှင်း၊ သတင်းနှင့် ရေဒီယိုမှ ထုတ်လွှင့်ချက်များကို အမြဲရှုမြင် ဖတ်ရှုလေ့လာနိုင်ကြသည်။
ပြင်သစ်နိုင်ငံပညာရေးဝန်ကြီး ဂျက်ဖရေး (Edouard Geffray) က ဖီလိုဆိုဖီစာမေးပွဲတွေဟာ “ကျွန်တော်တို့ဟာ ဘယ်သူတွေပါ” လို့ ပြောနေကြပါတယ်။ သူ တယ်လီဗီးရှင်းမှ စကားပြောရသည့်နေရာမှာ ဖီလိုဆိုဖီ စာမေးပွဲ ကျင်းပရာ စာမေးပွဲခန်းမထဲမှနေ၍ မေးခွန်းလွှာစာအိတ်ကိုဖောက်ပြီး ကျာင်းသားများကို ဝငှနေရင်း စကားပြောနေခြင်း ဖြစ်ပါသည်။ သူသည် နောက်ဆုံးမိနစ်တွင် စာဖတ်သူတို့ကို စာဖတ်နည်းနှင့် ပတ်သက်၍ အကြံပေးရင်း ပြောနေပါသည်။ သူက ပရိသတ်ကို ပြောပြနေပုံမှာ အခြေအနေနှင့်များစွာ လျော်ညီ၍ စိတ်ဝင်စားဖွယ်လည်း ဖြစ်ပါသည်။
ဝန်ကြီးက “ကျွန်တော်တို့နိုင်ငံဟာ ကိုယ်နဲ့အယူအဆမတူမှုတွေကို ပွင့်ပွင့်လင်းလင်း ပြောပိုင်ခွင့်ရှိပြီး ဒီလို လုပ်ပိုင်ခွင့်ရှိတာကို စာမေးပွဲတွေက ထုတ်ဖော် ပြောနေကြပါတယ်” ဟု ဆိုသည်။
နပိုလီယံက ဖီလိုဆိုဖီကိုသင်ရမည့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း၍ သင်ကြားရမည်ဟု ၁၈၀၉ ခုနှစ်တွင် ညွှန်ကြားခဲ့ပါသည်။ ရှေးဦးစွာ ၎င်း၏ ရည်ရွယ်ချက်မှာ စာမေးပွဲကြီးကြပ်သူများ၊ တာဝန်ရှိသူများကို နားလည်မှုရှိစေရန် ရည်ရွယ်ခဲ့သည်။ ဖီလိုဆိုဖီကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရခြင်း ရည်ရွယ်ချက်မှာ ရှင်းရှင်းလင်းလင်း ကြည်ကြည်လင်လင် တွေးခေါ်တတ်စေရန်၊ လူ့ကျင့်ဝတ် စည်းကမ်းများကို လိုက်နာတတ်သူများ ဖြစ်စေရန်၊ အသိဉာဏ်ဆိုင်ရာ စည်းကမ်းနှင့် ပြည့်စုံမှုရှိစေရန် င့် အထက်တန်းကျောင်းသားများကို တက္ကသိုလ်တွင် ပညာသင်ကြားရာ၌ အဆင်သင့်ဖြစ်စေရန်ဟူ၍ ရည်ရွယ်သည်။
၁၈၈၀ ပြည့်နှစ်တွင် အင်ပိုင်ယာ (Emperror) အုပ်ချုပ်မှုပြီးဆုံး၍ ဒီမိုကရေစီစနစ် စတင်တည်ဆောက်ချိန်တွင် ကျောင်းများ၌ ကြီးစိုးနေသော ကက်သလစ်ဘုရားရှိခိုးကျောင်းများ၏ လွှမ်းမိုးမှုကို တွန်းလှန်ဖယ်ရှားနိုင်ရန်လည်း ဖြစ်သည်။ နိုင်ငံသည် စနစ်ကောင်းကို ဖယ်ခွာ၍ အသိဉာဏ်ပွင့်လင်းမှု (Enlightment) ဖင့် နိုင်ငံရေး အရ၊ စိတ်ကူးဉာဏ်အရ လွတ်လပ်မှုကို ရနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
ဗစ်တာ ဟူးဂိုး (Victor Hugo) က “ခေါင်းများကို ဖြတ်ထုတ်ရမည့်အစား ၎င်းတို့ကိုအသိဉာဏ်ပညာများဖြင့် ဖြည့်ဆည်းပေးရမည်” ဟု သူ့ဝတ္ထု Glauie Gueux တွင်ဖော်ပြခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ခေါင်းဖြတ်စက် ဂယ်လူတင်း (Guillotine) များဖြင့် အကျဉ်းသားများကို ခေါင်းဖြတ်သတ်နေချိန်တွင် ခေါင်းဖြတ်သတ်မည့်အစား ထိုခေါင်းများထဲသို့ အသိဉာဏ်ပညာများကို ထည့်သွင်းရမည်ဟု ဆိုလိုရင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ၏ အင်စတီကျူးရှင်းကြီးများတွင် အလုပ်လုပ်ရန် ပရော်ဖက်ဆာ၊ သိပ္ပံပညာရှင်၊ ဖီလိုဆိုဖာများကို များစွာ ငွေကုန်ကြေးကျခံ၍ ပညာသင်ပေးကြရသည်။ ထိုအခါ ပညာရှင်များ ယန်းပေါဆပ်၊ မိုက်ကယ် ဖူးကိုးလ် င့် ဒါရိုက်ဒါ (Jacques Derrida) တို့ ပေါ်ပေါက်လာကြသည်။
ပြင်သစ်ပြည်တွင် ဖီလိုဆိုဖီ မည်မျှအရေးကြီးသည်ကို ရေဒီယိုမှနေ၍ အပတ်စဉ် ဖီလိုဆိုဖီမေးခွန်း (၃) ခု မေးကာ အချေအတင် ဆွေးနွေးကြသည်။
ဖီလိုဆိုဖီမဂ္ဂဇင်း၏ အယ်ဒီတာဖြစ်သူ မိုရို (Anne Sophie Moreau) က အခြားနိုင်ငံများတွင် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခြင်းက အဆင့်မြင့်သောရာထူးကို တက်လှမ်းနိုင်သလို ပြင်သစ်နိုင်ငံတွင် ဖီလိုဆိုဖီ သင်ခန်းစာကို ပြီးစီးအောင်မြင်ခြင်းသည် ရာထူးနေရာကြီးကြီးရဖို့လမ်း ဖြစ်ပါသည်။ ကောင်းမွန်သော နိုင်ငံသားတစ်ယောက် ဖြစ်လာစေရန် သင်သည် အမှန်တရား၊ လွတ်လပ်မှု၊ နိုင်ငံ၏ ဒီမိုကရေစီ တန်ဖိုး စသည်တို့အပေါ်တွင် အယူအဆ မှန်ကန်ရမည်။ မိုရိုသည် ကုမ္ပဏီများစွာတို့၌ စီမီနာ (Seminar) များကို အခကြေးငွေယူ၍ ပြုလုပ်လေ့ရှိပါသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ရာတွင် ဆောင်ရွက်ရန် နည်းလမ်း၊ အစည်းအရုံးတစ်ခု တွင် လုပ်သားများ ပါဝင်လာရေးကို ဖီလိုဆိုဖီ ရှုဒေါင့်မှ ဆွေးနွေးလေ့ရှိသည်။ ဤသို့ မကြာမကြာ တွေ့ဆုံဆွေးပွဲများနှင့် နိုင်ငံ၏ ဖီလိုဆိုဖီအဆင့်အတန်းကို တိုးမြှင့်ပေးနေသည်။
ပြင်သစ်ပြည်ရှိ ဖီလိုဆိုဖီ စာသင်ခန်းသည် မည်သို့ရှိပါသနည်း။ ယခင် ဖီလိုဆိုဖီဆရာများ၏ ယူနီယံ ဥက္ကဋ္ဌ ဖရန့် (Nicolas Franck) ၏စာသင်ခန်းကို သွားကြည့်နိုင်ပါသည်။ ၎င်းသည် ပြင်သစ်ဆင်ခြေဖုံးရှိ အထက်တန်းတစ်ကျောင်းမှာ ရှိပါသည်။ သူသည် ဖီလိုဆိုဖီကို သင်ကြားပြသနေသည်မှာ ၃၅ နှစ်ရှိပါပြီ။
ထိုနေ့တစ်နေ့တွင် သူတို့ ဆွေးနွေးမည့် ခေါင်းစဉ်မှာ “ကျွန်တော်တို့ ဘာကြောင့် အလုပ်လုပ်နေကြရသနည်း” ဟူသော မေးခွန်းနှင့် အဖြေဖြစ်ပါသည်။ သူသည် ကျောင်းသားတွေရှေ့ စားပွဲမှာထိုင်ပြီး ကျောင်းသားများနှင့် ဆွေးနွေးသည်။
“အသက်မွေးဖို့ အလုပ်လုပ်ရသည်ဆိုလျှင် အဘယ်ကြောင့် လိုသည့်ထက်ပို၍ ရနေကြပါသနည်း” သူက ထိုမေးခွန်းကို မေးသည်။ အကြောင်းအရာ တစ်ခုခုတော့ ရှိရမည်။
အလုပ်လုပ်ရခြင်းတွင် အကြောင်းပြချက်များ စွာရှိနိုင်ပါသည်။ ၎င်းတို့မှာ လွတ်လပ်မှု၊ တရားမျှတမှု၊ အမှန်တရား၊ ဘာသာစကားနှင့် ပျော်ရွှင်မှု စသည်တို့ ဖြစ်ပါ သည်။ ဆရာများသည် မိမိသင်ခန်းစာကို လိုသလို ရေးဆွဲနိုင်ပြီး သင်ကြားရာလမ်းတလျှောက် ဖီလိုဆိုဖာများ၏ အဆိုအမိန့်တို့ကို ထည့်သွင်းနိုင်သည်။
နောက်ပိုင်းမှ သူ ရှင်းပြသည်က ဤသင်ခန်းစာသည် သမိုင်းဆိုင်ရာ ဖီလိုဆိုဖီသီအိုရီများကို ပို့ချရန် မဟုတ်ပါ။ အရေးအကြီးဆုံးမှာ လူပုဂ္ဂိုလ်တစ်ယောက်သည် ဤသင်ခန်းစာကို အဘယ်မျှ နားလည်သည်၊ ဘယ်လို အချက်တွေကို ကောာက်ချက်ဆွဲနိုင်သည်ကို သင်ကြားရန် ဖြစ်သည်။
နောင် ၂ နာရီမျှကြာအောင် သူတို့သည် မတူညီသော အမြင်များကို ဆွးနွေးကြသည်။
၁၇ ရာစု ပြင်သစ် ဖီလိုဆိုဖာ ပါစကယ် (Blaise Pascal) က ပြောသည်။
“အလုပ်သည်ကျွန်တော်တို့၏ စိတ်ဓာတ်ဆိုင်ရာ ကျင့်ဝတ်ကို ချိုးဖောက်စေသည်” မှ ကားလမတ် (Karl Marx) ၏ “အလုပ်သည် လူတို့သည် ကုန်ကြမ်းကို ကုန်ချောဖြစ်အောင် လွှဲပြောင်းယူသကဲ့သို့ သူတို့၏ လူ့ကျင့်ဝတ်ကိုလည်း ဆွဲဆောင်ယူသွားသည်” အထိ ပါဝင်သည်။
သူက ကျောင်းသားများကို ပြောသည်မှာ သူတို့ ခံယူချက်၊ ယုံကြည်ချက်တို့သည် ကုန်ကြမ်းပစ္စည်းများ ဖြစ်ကြကြောင်း၊ သူတို့ကို သင်ကြားပေးခြင်းမှာ ထိုအရာများကို ပုံစံပြောင်းပေးခြင်းဖြစ်ကြောင်း “အဲဒီအလုပ်ကို ကျွန်တော် လုပ်နေတာပါ” ဟု သူက ပြောသည်။
သူ့ကျောင်းသားတစ်ယောက်က ပြောသည်မှာ သူ့ဆရာ၏အတန်းသည် အောင်မြင်ကြောင်း အတန်းသားတွေသည် အမြင်ပြောင်းလဲခဲ့ကြောင်း၊ ယခင်က သေချာသည်ဟု ယူဆသော အကြောင်းအရာများသည် ပိုမိုရှုပ်ထွေးသည်ကို သိမြင်လာကြောင်း ပြောသည်။ အခုဆိုရင် “ငါဘယ်သူလဲ” ဆိုတာကို တွေးနေရပြီဟု ပြောပါသည်။
“ကျွန်တော့်မိဘတွေဟာ မွေးဖွားပြီး အမည်ပေးလိုက်ကြတယ်” ၁၇ နှစ်အရွယ်ကလေးက ကျွန်တော်တို့ကို ကိုယ်စားပြုတဲ့အရာ၊ ကျွန်တော်ကို ဖြစ်စေတဲ့ အရာဟာ “ကျွန်တော်တို့လုပ်တဲ့ အလုပ်ပါ” ဟု ပြောသည်။
ဖီလိုဆိုဖီသည် အခက်ဆုံးသင်ခန်းစာ ဖြစ်သည်။ ကျောင်းသားတစ်ယောက်ရသော အမှတ်မှာ ပျမ်းမျှ ၁၀ ဒသမ ၈ ရှိသည်။ အမှတ် ၂၀ ပေးသည်။ အများတကာ ရကြသော အမှတ်ကိုကြည့်၍ အဆင့်အတန်းကို ဆုံးဖြတ်နိုင်ပါသည်။
(၃)
ပြင်သစ်ပြည် ဖီလိုဆိုဖီ စာမေးပွဲကို အတုယူ၍ ဝက်ဆိုဒ်တစ်ခုက အလားတူမေးခွန်း ၂ ပုဒ် မေးထားသည်။
“ဒေါ်နယ်ထရမ့်သည် ၇ နိုင်ငံအုပ်စု (G-7) နိုင်ငံခေါင်းဆောင်များကို စော်ကားမော်ကားပြော၍ အစောကြီးပြန်သွားမလား”
ဆိုသော မေးခွန်း၊ သို့မဟုတ် “ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် လူသိအနည်းဆုံး ကစားသမားမှာ မည်သူနည်း” ဆိုသော မေးခွန်းများ ဖြစ်ပါသည်။
Ref: French teenagers ponder What does it all mean, By Cathering Porter, NYTimes, 22, June, 2026
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar