Breaking News

မောင်ဘဦး - ရွေးတယ် လုပ်ကြပြန်လေပြီ


မောင်ဘဦး - ရွေးတယ် လုပ်ကြပြန်လေပြီ

မိုးမခ ၊ ဇွန် ၃၀ ၊ ၂၀၂၆


"...ဒီနေ့ ဘာနေ့လဲတော့..."

အစီးရေ ၁၀၀ ခန့်ကို ၂ တန်းခွဲကာ တန်းစီနေရင်းက စက်သုံးဆီ အရောင်းဆိုင်ရှိရာဘက်ဆီသို့ တလိမ့်ချင်း လှိမ့်လိုက် ရပ်သွားလိုက်ဖြင့် ရွေ့လျားနေသော ဆိုင်ကယ်တန်းကြီးထဲမှ ဖြစ်ပါ၏။

"...၂၀၂၆ ဇွန် ၂၃၊ 'မ' နေ့လေ...။ ဘာလို့တုံးဗျ...။"

စစ်ကိုင်းတိုင်း မုံရွာအညာသားတွေအဖို့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး စသည့်နေ့တွေသည် အသုံးမကျ။ ဓာတ်ဆီထုတ်ဖို့ 'စုံ၊ မ' နေ့တို့ကသာ အသုံးကျသည်ဖြစ်ရကား အထက်ပါအတိုင်း တစ်ယောက်က အဖြေပေးလိုက်လေ၏။

"...တခြား မဟုတ်ပါဘူးတော်...။ ဒီလာရင်း အက်တောဘုန်းကြီးကျောင်းဝင်းထဲမယ် လူစုစုတွေ့ခဲ့လို့...။ ဘုရားပွဲများလား၊ တခြားဟာများလား... သိချင်လို့ မေးကြည့်တာပါ...။ အပြန် ကွင်းသင့်ရင် ကွင်းသွားရအောင်...။"

"...အုပ်ကြီး ရွေးတာတဲ့တော်...။ ညကြီးမင်းကြီး အိပ်ချိန်ကျမှ တိတ်တိတ်လိုက်ပြောတာ...။ တစ်အိမ် တစ်ယောက် မလာမနေရတဲ့...။ ရွာတုန်းက ဘာမှ မသိရသေးဘူး...၊ မေးလို့လည်း မရဘူး။ တစ်အိမ် တစ်ယောက် မလာမနေရဘဲ ပြောတာ...။ ကျမတောင် ညကပြုတ်ထားတဲ့ ပဲပြုတ်ကလေး သွားရောင်းချင်တာနဲ့ အသက် ၈၀ ကျော် နားလေး‌နေတဲ့ အမေအိုကြီးကိုပဲ အသွားခိုင်းလိုက်ရတယ်။ 'ပေါ်တာ' တွေ သောင်းကျန်းနေလို့... သားတွေကို အရှောင်ခိုင်းထားလို့ အမေ့ကိုပဲ လွှတ်လိုက်ရတာ...။ လမ်းမှာ... (ချော်)လဲနေကောင်းပါ့ မထင်ဘူးတော်...။ စိတ်ပူလိုက်ရတာ...။ ဈေးရောက်မှ ‌ပဲပြုတ်ဝယ်တဲ့ တစ်ယောက်က 'ညည်းတို့ရွာ အုပ်ကြီးရွေးတယ်ဆို...' ဆိုပြီး မေးလို့ အုပ်ကြီး ရွေးတာမှန်း သိရတာ...။"

"...အုပ်ကြီး ရွေးတာပါဗျ။ ရတနာပုံ အ.မ.က ကျောင်းထဲမှာလည်း အုပ်ကြီးရွေးပွဲ ရှိတယ်ဗျ...။ ရပ်ကွက်တချို့လည်း ခပ်ကြိတ်ကြိတ် လုပ်နေကြတယ်...။"

ဓာတ်ဆီဆိုင်သို့ ရောက်ရှိရုံမျှ ခရီးလမ်းအတွက် ထည့်လာခဲ့သော ဓာတ်ဆီကို အသင့်ယူလာသော ပိုက်ကလေးဖြင့် ထုတ်ယူနေရင်း တစ်ယောက်က ဖြေလေ၏။ ဓာတ်ဆီ ထုတ်သွားရာတွင် ဆိုင်သို့ရောက်ရုံလောက်သာ ဆီတိုင်ကီထဲတွင် ထည့်၍သွားကြငြား၊ တစ်ခါတစ်ရံ သို့မဟုတ် အမြဲတမ်းလိုလို၊ "မိဘပြည်သူများ... ယနေ့ ဆီလက်ကျန်နည်းနေပါ၍..." နှင့် ကြုံခဲ့ပါလျှင် အခြားတစ်ဆိုင်သို့ သွားရောက်နိုင်ရန် ပို၍ ထည့်ထားရပါသေးသည်လေ...။

နမခ စစ်တိုင်းမြို့တော်ကြီးတွင် စစ်ကောင်စီတဖြစ်လဲ ရွေး-တု အစိုးရအတွက် ဒေါက်တိုင်တွေဖြစ်လာမည့် အုပ်ကြီးခေါ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ကုန်ကြလေပြီ။ ထွေအုပ်ခေါ် မြို့နယ်အုပ်ချုပ်ရေးမှူးများအတွက်ကား 'စစ်သားလူထွက်' များကို မိုးပေါ်ကျအဖြစ် ကြိုတင်၍ ရွေးချယ် နေရာချထားပြီးပြီ။ ယခု ၎င်း၏လက်အောက်ငယ်သား အုပ်ကြီးများကို ရွေးချယ်နေပါသည်တဲ့...။ မရွေးချယ်လို့က မဖြစ်တော့။ 'နောက်လိုက်' မရှိလျှင်၊ 'ဟုတ်ပါ့ဘုရား... မှန်ပါ့ဘုရား...' တို့ မရှိလျှင်၊ သမဒရူး-မအလအဖို့ စလွယ်ကြီးသာ လွယ်၍ထား၊ ဘာများအသုံးကျတော့မည်နည်း။

ရပ်/ကျေး စာရေးမ၊ ရပ်/ကျေးစာရေးတို့ကိုကား ရွေးစရာမလို...။ စင်စစ် သူတို့ကမှသာ ဝန်ထမ်း...။ ဥက္ကဋ္ဌအုပ်ကြီးတို့မှာ လခ၊ လစာ ရပါသော်ငြား ဝန်ထမ်းမမည်။ သို့သော် တစ်လတစ်လ ဝင်ငွေတွင်မူ အုပ်ကြီးတို့က သာပေလိမ့်မည်။ ဒါကလည်း သူ့ရပ်ကျေး၏ စီးပွားရေးလုပ်ငန်းများအပေါ်တွင် မူတည်နေပေသည်။ ယှဉ်ပြိုင်သူမဲ့... ဟိုးအဝေးနယ်က ကျေးလက်အုပ်ကြီးလေးတို့တွင် ထောက်ခံစာလေး၊ သားသတ်လိုင်စင် ဖမ်းတာလေးသာသာ အပိုဆောင်းရရှိနေချိန်တွင်၊ မြေကွက်များ ကွက်စိတ်ရိုက်၍ ရောင်းချသော ရပ်ကွက်မျိုးတွင် အုပ်ကြီးလုပ်ရသူတို့က 'ဘုရင်...'။ တစ်နေ့တစ်နေ့ ဝင်ငွေပွဲခကိုက တက်တက်စင်...။ ဒါ KTV၊ အရက်ဆိုင်တို့ထံမှ 'အဝင်' မပါသေး။ ရပ်ကွက်ထဲ၌ ပေါ်လီကလင်းနစ်များ ရှိလျှင် ၎င်းတို့ထံမှ 'အဝင်' မပါသေး။ သူတို့ကတော့ ဖောက်သည် ကာစတန်မာများထံမှ ပိုက်ပိုက်တင်ယူလိမ့်မည်လေ။ ပြီးတော့... ထိုသို့သော အုပ်ကြီးထံမှ '...ရပ်ကွက်တွင် နေထိုင်သူ မှန်ကန်ကြောင်း... အကျင့်စာရိတ္တကောင်းမွန်ကြောင်း...' ထောက်ခံစာ တစ်စောင်နှုန်းက အောက်ထစ် တစ်သောင်း...။ အုပ်ကြီးကိုယ်တိုင်တောင် မလို။ သူ၏ တောက်တိုမည်ရနှင့်ပင် ကိစ္စပြီးသည်လေ။

ထွေအုပ်ရုံး၌ အုပ်ကြီး စည်းဝေးဆွေးနွေးပွဲများ ရှိလျှင်ပင် မြို့ပေါ်ရပ်ကွက်အုပ်ကြီးများက တစ်ရက်၊ နယ်ကျေးရွာအုပ်ကြီးများက တစ်ရက် သတ်သတ်လုပ်သည်လေ။ ဝင်ငွေပေါ် မူတည်၍ ကထိန်စသည့် အလှူခံဖို့ ကိစ္စများရှိလျှင် ဆိုသလိုပေါ့။

"...အုပ်ကြီးတို့ စာရေးမတို့ တတ်နိုင်လိုက်ပုံများဗျာ... ကျုပ်တို့ရွာမယ် ၂၀၀၈ ခြေဥရွေးတုန်းက အုပ်ကြီးနဲ့ သားဖွားဆရာမ ဒီ ၂ ယောက်ပဲ 'ဖြူ' ပြီး ရွာလုံးကျွတ် 'မဲ' လိုက်ကြပေမယ့် မြို့နယ်ရုံးလည်းရောက်ရော အမဲက ၂...၊ ကျန်တာအကုန် အဖြူဖြစ်ကုန်တော့တာပဲဗျာ...။"

"...ပြီးတော့... သိန်းစိန်ခေတ်ရော ဦးဝင်းမြင့်ခေတ်ပါ ရုံးကမီတာခလာကောက်တိုင်း အုပ်ကြီးအိမ်ကို လုံးဝမီတာခ မယူဘူးဗျ...။ ပြန်မအမ်းတဲ့ ရွာထဲက မီတာခအစွန်းထွက်တွေထဲကနေကို ရသတဲ့...။ ရွာလာပြီး မီတာဖတ်ခက မီတာတစ်လုံး ၂၀၀/- ယူတယ်လေ။ အုပ်ကြီးကလည်း မီတာလာကောက်တိုင်း ထမင်းကျွေးတယ်လေ။ မီတာဖတ်စာရေးမှ မဟုတ်ပါဘူးလေ...။ မြေစာရင်းတို့ ကျေးလက်တို့ လာတိုင်းလည်း ထမင်းကျွေးတာ။ မြေစာရင်းကတော့ ကျွေးရမှာပေါ့ဗျာ၊ ယာခင်းဝယ်ရောင်း ပွဲခကိုက သိန်း ၄-၅၀ ရတာကလား။ နောက် အုပ်ကြီး လုပ်စေချင်တဲ့သူတောင် သူ့လို ထမင်းချက်မကျွေးနိုင်လို့ သူချည်းပဲ အစိုးရ ၂ ဆက် လုပ်ရတာဗျ...။"

ရပ်/ကျေးစာရေးခေါ် အုပ်စုစာရေးတို့မှာ CDM လိုလို ဘာလိုလိုဖြင့် ရပ်ကွက်ထဲတွင် ပုံမှားရိုက်နေထိုင်နေကြငြား၊ အကယ်စင်စစ် သူတို့ သူမတို့သည်ကား နန်းတွေသာ များလှသည်။ များမများ၊ နန်းတွေ ဟုတ် မဟုတ်၊ ထွေအုပ်ရုံးသို့ လစာထုတ်ယူမှတ်တမ်းများကို ကြည့်ပါလေ...။ ရုံးမတက်သော်ငြား၊ "အုပ်ကြီးမရှိသော အဘယ်ရပ်ကွက်၏ ထောက်ခံစာမှာ... စုပေါင်းရုံး၏ အောက်ထပ် အရှေ့ထိပ် အစည်းအဝေးခန်းမ၏ ဘယ်ဘက်နေရာ၊ ဘယ်နှစ်ခုမြောက်စားပွဲတွင် ထိုင်နေသူ၊ မဲမဲဖြူဖြူ ပိန်ပိန်ဝဝ ဆိုသူထံ သွားပါလေ..." ဟူ၍ပင် အတိအကျ ညွှန်ပြပေးလိုက်ပါဦးမည်လေ။ တခါတလေ ကျေးရွာ-ပ.အ.ဖ သို့မဟုတ် လိုကယ်ထောက်ပို့ တဖြစ်လဲ အုပ်ကြီးဟောင်းတွေသည်ပင် လစာထုတ်စာရင်းထဲတွင် ပါဝင်နေနိုင်သေးသည်ပေါ့...။ ထားပါတော့လေ...။

မည်သို့သော ပုဂ္ဂိုလ်မျိုးကို 'အုပ်ကြီး' အဖြစ် ရွေးချယ်ကြမည် ထင်ပါသနည်း။

ဗုဒ္ဓရှင်တော်မြတ်ဘုရားကတော့ - "...ဂဏန်း၊ ...ပုတ်သင်၊ ...ဝါးပင်၊ ...လိပ်မျိုး၊ ...နွားသိုး၊ ...ခွေးအ၊ ...ဤခြောက်ဝ နာယကမတင်ထိုက်..." ဟူ၍၎င်း...။ "...ထကြွ...နိုးကြား၊ ...သနား...သည်းခံ၊ ...ဝေဖန်ထောက်ရှု၊ ...ဤခြောက်ခု၊ ...ကြီးသူ့ 'ကျင့်ဝတ်-တာ'..." ဟူ၍၎င်း...။ ဂိုက်လိုင်းပေးထားခဲ့ရှာသည်။

မည်သို့ပင် ဂိုက်လိုင်းပေး အာပေါက်အောင် ဟောကြားထားခဲ့လေငြား...၊ သူ၏ 'ချစ်တပည့်သား' တွေသည်ပင်လျှင် နားမဝင်။ "သံသာရဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ"... သံသရာဝဋ်ဆင်းရဲအပေါင်းမှ အထူးတလည် လွတ်မြောက်ချင်လွန်းလှ၍ ဘုရားတပည့်တော်အား သင်္ကန်းဝတ်ပေးတော်မူကြပါ အရှင်ဘုရားတို့"... ဟု ဟစ်အော်ကြွေးကြော် ဝင်ရောက်လာကြငြား ဆရာဘုရားစကား နားမထောင်။ ယော (ရဟန်း) အများစုမှာ ၎င်းတို့ကိုယ်တိုင် ရွေးချယ်ပေးပိုင်ခွင့် မရှိကြလေငြား၊ ၎င်းတို့ကိုယ်တိုင် အရွေးမခံကြရငြား၊ နေရာတကာကား ခပ်ပါပါ။ လူဝတ်ကြောင်များသာသာ။ လူဝတ်ကြောင်ထက် ပို၍ဆိုးမည်ပင် ထင်မိပါ၏။ 'ကတုံးရှုပ်လျှင် ဆံထုံးရှုပ်တာထက် ပိုဆိုးသည်...' ပင် ဟူသတတ်။ ခေတ်ကာလကြီး၏ အများစုကား "ဘုန်းကြီးကား-လူ၊ လူကား-ဘီလူး" များပေတည်း။ ဤစကားရပ်၌ အကြောင်းရှိပါ၏။ တခါက အညာကျေးလက်ရွာတစ်ရွာ ဂေါပကဥက္ကဋ္ဌ ရွေးချယ်ရာတွင် အသောက်အစားကင်းသည့် သင့်တော်သည့်ပုဂ္ဂိုလ်ကြီးအား ရပ်ရွာမှ နှစ်သက်ကြငြား၊ ကျောင်းထိုင်ဆရာတော်ကား သဘောမကျ...။ '...မြို့မှ ဌာနဆိုင်ရာများ၊ ရဲများ ဘုရားပွဲတော်သို့ လာရောက်ခဲ့လျှင် ချက်ပြုတ်ကျွေးမွေး ဧည့်ခံပေးမည့်သူ မဟုတ်၍ မကြိုက်ပါ...' တဲ့...။ ကျေးရွာအုပ်ချုပ်ရေးမှူးမျိုး... အသာထား...၊ ကျောင်းကန်ဘုရား ဂေါပကဥက္ကဋ္ဌ ရွေးချယ်ရာတွင်ပင် အနည်းငယ် သောက်စားတတ်သူ၊ စခ၊ ရခတို့နှင့် ပေါင်းသင်းတတ်သူကိုသာ ခန့်ထားကြလေ၏။ ဇာတ်ပွဲ အငြိမ့်ပွဲမျိုးတွင် ထိုပုဂ္ဂိုလ်တို့က 'ပွဲမိန့်' ကို လျင်မြန်စွာ ကျလာအောင် ဆောင်ရွက်တတ်သောကြောင့် ဟူသတတ်။

တပည့်ဒကာများဘက်ကလည်း ကျောင်းထိုင်ဘုန်းကြီး ရွေးချယ်ရာတွင် စခ၊ ရခ၊ ခရိုနီ စသူတို့နှင့် ရင်းနှီးသော...၊ ပန်းရန်လက်သမား ဆောက်လုပ်ရေးဗဟုသုတ များသော...၊ မော်တော်ပီကယ်၊ စခ၊ ရခတို့ ဖမ်းဆီးခံရလျှင် လိုက်လံ ရွေးထုတ်ပေးနိုင်သော မန္တလေး၊ ရန်ကုန် ဆေးခန်းကြီးများသို့ ကားဖြင့် လိုက်လံပို့ဆောင်ပေးတတ်သော... ကိုယ်တော်ကိုသာ ကျောင်းထိုင်အဖြစ် တန်းမြင်နေမှတော့... ဆက်ပြော၍ မဖြစ်တော့...။

စစ်အစိုးရကို ချစ်လွန်းအားကြီး၍ နမ်းကြကုန်သော...၊ မချစ်သော်ငြားလည်း မိမိအကျိုးစီးပွားအတွက် အောင့်ကာ အည်းကာ နမ်းကြကုန်သော... ပြည်သူဆိုသူများတို့ကား အထက်ပါ အကြီးအမှူး နာယက မတင်ထိုက်သော ခွေး(အ)မျိုးကိုသာ ရွေးချယ်တင်မြှောက်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပါတည်း။ ရွေးကောက်ပွဲအတုတွင် ဖွတ်အပေါင်းက ဝိုင်းဝန်း၍၊ နတ်ရူး သမဒရူးကို ဗုံနှင့် ဝိုင်းမြှောက်ခဲ့ကြသလို...၊ လွှတ်တော်အတုကြီးတွင် ပ-ဒု-တ သမဒများ၊ 'ကက်ဘိနက်ဝန်ကြီးများ' အား ရွေးချယ်ပုံရွေးချယ်နည်းကို ပြသပြီးခဲ့လေပြီတည်း။ ကြီးကြပ်သူများရော၊ ရွေးချယ်ကြမည့်သူများ၊ အရွေးခံကြမည့်သူများအားလုံးမှာ မဘသ၊ ကြံ့ဖွတ် ဘောမများမှလွဲ၍ အခြား မည်သည့်ပုဂ္ဂိုလ်မျိုးမှ မဖြစ်နိုင်။ အခြားပုဂ္ဂိုလ် ဆိုသူတို့ကလည်း ဤသို့သော "အဖြေသိရှိပြီးသား" ပွဲမျိုးသို့ လာရောက်ကြမည် မဟုတ်။

"...စစ်ပြန် စစ်ထွက်တွေကို အရွေးခိုင်းမယ်လို့လည်း ကြားရဲ့...။"

စစ်သားပီပီ အတွင်းစည်း အပြင်စည်း လုံခြုံအောင် လုပ်လာကြချေပြီတည်း။ ဒါကတော့ ဖြစ်နိုင်သည်။ စခမဟုတ်တောင် ပျူလောက်တော့ ဖြစ်မှရမည်လေ။ ပြီးတော့ 'ဒူးကျိုး-မောင်းပျက်'၊ တစ်လုံးထိုး သေနတ်အစုတ်လေးကလည်း ပေးကိုင်သင့်က ပေးထားရဦးမည်လေ...။ သည်တော့ ဗျောက်တို့ နာနတ်သီးတို့နှင့် သိပ်မစိမ်းသူမျိုးမှလည်း အုပ်ကြီးနှင့် ကိုက်မည်ပေါ့။ လိုအပ်လျှင် စစ်သင်တန်းလေးကိုပါ အတက်ခိုင်းပေလိမ့်ဦးမည်။

စစ်မှုထမ်းဟောင်းတွေမှာလည်း ပင်စင်လေးယူ၊ ပြည်သူလူထုအကြား ရပ်ကျေးများတွင် နေထိုင်ကြရလင့်ကစား၊ ဟိုးအရင်ကရော အခုလက်ရှိပါ စစ်ဖအေကြီး စစ်အဘကြီးတွေအပေါ်တွင်မူ အပိုးကျိုးလွန်းပါလှသည်လေ...။ ပြောပုံကိုက "...ငါ့ပင်စင်လေးက ဦးသိန်းစိန်က ပေးတာ...၊ ငါ့တစ်ထပ်တိုက်လေးက ဦးသိန်းစိန်က ဆောက်ပေးတာ...၊ ငါ့ဘက်ထရီသုံးဘီးလေးက...၊ ငါ့ချိုင်းထောက်လေးက...။"

တစ်ခါ...၊ နာယကအကြီးအကဲ တင်မြှောက်ထိုက်သူ အကြီးအကဲ၏ အင်္ဂါရပ်တွေဆီ လှည့်ကြဦးစို့...။

ဘယ်သူ့အတွက် ထထကြွကြွ နိုးနိုးကြားကြား ရှိရမည်နည်း။ ဘယ်သူ့ကို သနားရမည်နည်း။ အဘယ်ကိစ္စမျိုးကို သည်းခံရမည်နည်း။ မည်သို့မည်ပုံ ဝေဖန်၍ မည်သည့်အရာများကို ထောက်ရှုရမည်နည်း...။ ပြီးတော့... 'တာ' ဟူသည် အဘယ်နည်း။ 'တာဝန်' ဟု သိပါလျှင် 'ကျင့်ဝတ်-ဝတ္တရား' ကရော...၊ ဘာကို ခေါ်ပါသနည်း။

တစ်ခါတစ်ရံမှသာ မိမိရပ်ရွာသို့ ရောက်လာတတ်သည့် ဦးစီးဌာနဝန်ထမ်းအချို့အပေါ်လော...၊ မိမိအထက်အရာရှိ ထွေအုပ်အတွက်‌လော...၊ မိမိထံသို့ မြေကွက်စာချုပ် လာရောက်ချုပ်ဆိုမည့်သူအတွက်လော...၊ မအလအတွက်လော...။ မဟုတ်ပါ။ လုံးဝ မဟုတ်ပါ။ စင်စစ် မိမိ၏ဆိုင်ရာ မိမိတာဝန်ယူထားသည့် ရပ်ကျေးမှ အရပ်သားပြည်သူများအတွက်ပါတည်း။

မိမိလက်အောက် ဆယ်အိမ်မှူးများကလည်း...၊ အုပ်ကြီးက တစ်အိမ် တစ်ယောက် မလာမနေရ ဆင့်ခေါ်ဆိုလျှင် ဆင့်ခေါ်ပေးရုံ၊ ဘာကြေးညာကြေး တစ်အိမ်ဘယ်လောက်ဆိုလျှင် ကောက်ပေးရုံလောက်သာ မဟုတ်သင့်။ "ကျနော့်၏ ဆယ်အိမ်စုအတွင်း မည်သူမည်ဝါကတော့ ဒုက္ခရောက်နေပါသည်၊ မည်သူမည်ဝါမှာ ကားပေါ်  ဇွတ်အတင်းအဓမ္မ ဆွဲတင်အခေါ်ခံရပါသည်၊ မည်သူမည်ဝါ၏ နာရေးရှိပါသည်... မည်သူကတော့ ဆေးဝါးအတု စားကုန်အတု ပြုလုပ်နေပါသည်၊ မူးယစ်ဆေးဝါးများ ရောင်းဝယ် သုံးစွဲနေပါသည် စသည်ဖြင့် သတင်းပို့ရမည်။ တားမြစ်အကြံပြုရမည်။ အပြစ်ပေးသင့် ပေးရပါမည်လေ...။ တဖက်ကလည်း မည်သူမည်ဝါ၏ သားသမီး စာတော်ပါငြား ကျောင်းမထားနိုင်...။ ထောက်ပံ့ကူညီရပါမည်လေ။

ဘယ်သူ့အပေါ်  သည်းခံရမည်နည်း။

ရွာတစ်ရွာတွင် ဖြစ်၏။ သူ၏ ကျေးရွာသားဘက်မှ 'အမှား' ဖြစ်၏။ မှားမှန်းလည်း သိ၏။ သို့ပါသော်ငြား ၎င်းရွာအုပ်ကြီးကား ပြစ်မှုကျူးလွန်သည့် ၎င်း၏ရွာသားဘက်မှ ဇွတ်အတင်းအဓမ္မ ပေကပ်၍ ဘက်လိုက်နေလေ၏။ ပြီးလျှင်မူ ခံထားရရှာသော အခြားရွာသားဘက်သို့ တီးတိုးလာ၍ပြောလေ၏။ "တကယ်တမ်း... သူ မှားတာပါ။ ဒါပေမဲ့ သူတို့အပေါက်က မင်းပေါက်စိုးပေါက်ဆိုတော့...၊" ဟူ၏။ ဖြစ်သင့်သည်ကား ထိုကိစ္စမျိုးတွင် သူ့ရွာသား မှားကြောင်း ရှေ့တွင်ပင် ပြောဆိုဆုံးမရမည်။ ထိုကဲ့သို့သော ကိစ္စမျိုးတွင် သည်းခံရပါမည်လေ...။

ပေးကမ်းစွန့်ကြဲသင့်သူကို ပေးကမ်းစွန့်ကြဲခြင်းကို ဝေဖန်သည် ခေါ်ပါ၏။ 'ဝေဖန်' ရတာ အခက်ဆုံးဟူ၍ ဆရာတော်ကြီးတပါးက မိန့်ကြားခဲ့ဖူးသည်။

စဉ်းစားဉာဏ်ဖြင့် ‌ချင့်ချိန်တွေးခေါ် မြော်မြင်ထောက်ရှုရလျှင်တော့... တရားတာတွေ မတရားတာတွေ၊ မျှတတာတွေ မမျှတတာတွေ၊ လောဘကြီးတာတွေ ငါ့ဘို့-ငါ့ဘို့တွေ၊ ငတေမာရင်ပြီးရောဆိုတာတွေ၊ မတရားစစ်အာဏာသိမ်းသည်အထိ ရောက်ရချေတော့မည်။

နာယကဂုဏ် ၆ ပါး...၊ သည့်ထက်ဆက်၍ ရှင်းလင်းပြလျှင်ကား...၊ "ကျွဲပါးစောင်းတီး မိုက်လုံးကြီးလိုက်ပါပေ့ မောင်ဘဦးရာ...၊ စစ်အာဏာရှင်တွေ လုပ်တဲ့ လွှတ်တော်တို့ သမဒတို့ ရွေးပွဲကနေ ယခု ရပ်ကျေးအုပ်ကြီးရွေးပွဲအထိ 'ရွေးတယ်လုပ်တာ' ကိုများ...၊ နာယက-အနာယကတွေ လုပ်မနေစမ်းပါနဲ့...၊ ရွေးတယ်လုပ်တာ၊ ရွေးတယ် လုပ်တာကိုများကွာ..." ဆိုကြတော့မည်။ 

ဤတွင် နိဋ္ဌိတံထားမှ...။ အထက်ဆုံးခေါင်မိုးက ဂျပုနှင့် ရွေးတုလွှတ်တော်ကြီးတစ်ခုလုံး ကိုယ်တိုင်က "...အကုသလ-ဓမ္မညစ်ဆိုး-အပြစ်မျိုးကို- ကြိုးကြိုးပမ်းပမ်း- နေ့စဉ်ထမ်း" နေကြသည့် သူခိုးဓားပြတွေချည်း မဟုတ်ပါလော...။

နွေဦးတော်လှန်ရေးကြီး အလျင်အမြန် ပြီးစီးအောင်မြင်ပါစေသတည်း။

သုခိတာ ဟောထ၊ နွေဦးသူရဲကောင်းများ ကျန်းမာချမ်းသာကြပါစေ။


မောင်ဘဦး 

(၁၃၈၈ ပ-ဝါဆန်း ၁၁)





Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar