နန္ဒအောင် - ယောဂီဦးတင်
နန္ဒအောင် - ယောဂီဦးတင်
မိုးမခ ၊ ဇူလိုင် ၁ ၊ ၂၀၂၆
ယောဂီ ဦးတင် ဆိုတာ ဆရာမြင့်သန်းရဲ့ အဖေ။ ယောဂီ သွေးဆေးရောင်းတာကို အစွဲပြုပြီး ယောဂီဦးတင်လို့ နာမည်ကြီးတာ။ တချို့တလေကတော့ ပညာအလင်းက ဦးတင်နဲ့ ဆရာမြင့်သန်းရဲ့ အဖေ ဦးတင် တူတူပဲလားလို့ မေးကြတယ်။ ဆရာမြင့်သန်းရဲ့ အဖေ ဦးတင်က မြန်မာ့အလင်းသတင်းစာမှာ အယ်ဒီတာ လုပ်ခဲ့ဖူးတဲ့ ဦးတင်ပါ။ ပညာအလင်းက ဦးတင်က သက်သက်ပါ။
ပညာအလင်းနဲ့ မြန်မာအလင်းကြားက ဖြစ်ခဲ့တဲ့ကိစ္စတွေတော့ တော်တော်များများ သိကြပါတယ်။အကျဥ်းချုံး ပြန်ပြောရရင်တော့ မြန်မာ့အလင်းက ဦးသင် ရေးတဲ့ ပျဥ်းမနားမမကြီး ဝတ္ထုနဲ့ ပတ်သက်ပြီး ပညာအလင်းက လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ ငယ်ကျိုးငယ်နာကို ဖော်တယ်လို့ ယူဆကြတယ်။ အဲဒီကိစ္စကို မကျေနပ်လို့ လယ်တီပဏ္ဍိတဦးမောင်ကြီးကို အလွန်လေးစားတဲ့ ပညာအလင်း သတင်းစာတိုက်ပိုင်ရှင် ဦးတင်က မြန်မာ့အလင်း ဆရာသင်ကို ဆုံးမဖို့ ဗိုလ်တထောင်ငမိုးကို ငှားရမ်းခဲ့တာပါ။
အစကတော့ ဆုံးမယုံသာ ဆုံးမဖို့ဖြစ်ပြီး ငမိုးက ဆရာသင်ကို တိုက်ခိုက်ရင်း လက်လွန်ပြီး ဆရာသင် တယောက် ကွယ်လွန်သွားတာပါ။ ဆရာမြင့်သန်းအဖေ ယောဂီဦးတင်ဟာ ဆရာသင် ကွယ်လွန်ပြီးနောက်ပိုင်းကျမှ မြန်မာအလင်းကို ရောက်လာတာပါ။ ယောဂီဦးတင်ဟာ မြန်မာအလင်းမှာ အယ်ဒီတာ လုပ်ခဲ့ပြီး၊ ပညာအလင်းက ဦးတင်နဲ့ မြန်မာအလင်းက ယောဂီဦးတင်ဟာ မတူပါ။ တကယ်တော့ ယောဂီဦးတင်က ပညာအလင်းမှာ အယ်ဒီတာလုပ်ဖို့ ကမ်းလှမ်းခံရတာပါ။ ဆရာသင် အမှုဖြစ်ပြီး ပညာအလင်း ပျက်သွားလို့ မြန်မာအလင်းမှာ ဝင်လုပ်ခဲ့တာပါ။
ဆရာကြီး ပီမိုးနင်းနဲ့ ယောဂီဦးတင်ဟာလည်း တော်တော်ရင်းတဲ့ ဆက်ဆံရေး ရှိပုံပါ။ အဓိကကျတဲ့ အကြောင်းအရင်းကတော့ ယောဂီဦးတင်ရဲ့ ပညာရှင်တဦးအပေါ် ထားတဲ့ သဘောထားလို့ပဲ ပြောရမှာပဲ။ ဆရာကြီး ပီမိုးနင်းကိုတော့ `ပညာရှင်´လို့ သုံးနှုန်းလိုက်တာကိုလည်း သိပ်ပြီး အငြင်းပွားကြမယ် မထင်ဘူး။ ဆရာကြီး ပီမိုးနင်းဟာ ပညာအလင်းမှာ `ပိုက်ဆံကြီး´ဆိုတဲ့ ကလောင်နာမည်နဲ့ စာတွေ ရေးတယ်။
ဆရာကြီး ပီမိုးနင်းဟာ စာရေးအားကောင်းပေမဲ့ နေရေးထိုင်ရေး အဆင်မပြေဘဲ စားရေးသောက်ရေးပါ အခက်အခဲတွေ ကြုံတာကြောင့် ယောဂီဦးတင်က မြန်မာ့အလင်းတိုက်အုပ်ကို ငွေရေးကြေးရေး အကူအညီပေးပြီး မြန်မာအလင်းမှာ ရေးသားခွင့်ပြုဖို့ တိုက်တွန်းခဲ့တာပါ။
အစပိုင်းတုန်းကတော့ ပညာအလင်းနဲ့ မြန်မာအလင်းကြားက အစာမကြေတာလေးတွေကြောင့် ဆရာကြီး ပီမိုးနင်းကို မြန်မာအလင်းမှာ ရေးသားဖို့ သဘောမတူခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ မြန်မာအလင်း သတင်းစာမှာ ဆရာကြီး ပီမိုးနင်းရဲ့ အရေးအသားတွေကို ဖတ်ခွင့်ရလာကြတယ်။ မြန်မာအလင်းမှာတော့ ဆရာကြီး ပီမိုးနင်းက `လေပွေ´ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးတာပါ။ မြန်မာအလင်းကနေ ယောဂီဦးတင် ထွက်သွားတဲ့ နောက်ပိုင်းလည်း ဆရာကြီး ပီမိုးနင်းနဲ့ အဆက်မပြတ်ဘူး။ ဆရာကြီး ပီမိုးနင်းရဲ့ စာမူတွေကို တပုဒ်ကို ၃၀ ကျပ်ကနေ ၁၅၀ ကျပ်အထိ ပေးဝယ်လေ့ရှိတယ်။ တချို့စာမူတွေကို ပုံနှိပ်မထုတ်ဝေဖြစ်သေးဘူးလို့လည်း သိရ၊ ဖတ်ရတယ်။ ဒီအကြောင်းအရာတွေကို ဖတ်ကြည့်ခြင်းအားဖြင့် ယောဂီဦးတင်ရဲ့ ပညာရှင်တဦးအပေါ် ထားရှိတဲ့ ကျင့်ဝတ်ကို တွေ့ရမှာပါ။
ယောဂီဦးတင်လို့ နာမည်တွင်ရတာကလည်း မြန်မာ့အလင်းသတင်းစာမှာ လုပ်ရင်းကနေ နာမည်တွင်တာလို့ ပြောရင်လည်း မမှားပါဘူး။ ကျွန်တော် ကြားဖူး၊ သိဖူးသလောက်ကတော့ မြန်မာအလင်းသတင်းစာမှာ ဘုန်းကြီးတစ်ပါး ကျောင်းဆောက်ဖို့ အလှူခံကြေညာကို ထည့်ပေးရာကနေ စတင်တာပါ။ အဲဒီဘုန်းကြီးဆီကနေ သွေးဆေးနည်းပုရပိုဒ် ရရှိခဲ့တာပါ။ ဆေးအညွှန်းအတိုင်းဖော်စပ်ကြည့်ပြီး အသိတွေ၊ လက်လှမ်းမီသလောက်တွေကို အလှူပေးရာကနေ ဆေးစွမ်းလိုက်ပြီး ပေးမလောက် ဖြစ်လာတာပါ။
၁၉၃၅ ခုနှစ်လောက်ကျတော့ အယ်ဒီတာအလုပ်ကနေ ထွက်ပြီး သွေးဆေးလုပ်ငန်းကို စတင်လုပ်ကိုင်ပြီး ယောဂီဦးတင် ဆိုတဲ့ နာမည်တွင်လာတာပါ။ ယောဂီဦးတင်က ယောဂီသွေးဆေးကော၊ ယောဂီပုံနှိပ်တိုက်လုပ်ငန်းကောပါ လုပ်ခဲ့တာပါ။ ပုံနှိပ်တိုက်လုပ်ငန်းကတော့ သူ့စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တာတွေ ရိုက်တာပါ။
ဆရာမြင့်သန်းရဲ့ အရေးအသားတွေထဲမှာတော့ ယောဂီဦးတင်ရဲ့ ပုံနှိပ်တိုက်အကြောင်း တစွန်းတစတော့ ဖတ်ရ၊ တွေ့ရတယ်။ ယောဂီပုံနှိပ်တိုက်က တခြားပုံနှိပ်တိုက်က `ကြားဖောင်´ တွေပါ တခါတလေ ရိုက်ပေးရလေ့ရှိတယ်။ ဦးညိုမြ တိုက်၊ ချင်းတွင်းတိုက်တို့နဲ့က အနီးဆုံးဖြစ်လို့၊ အဲဒီတိုက်တွေက ကြားဖောင်တွေ ရောက်လာတတ်တယ်လို့ ဆရာမြင့်သန်းက ရေးတယ်။ ကျွန်တော် စိတ်အဝင်စားဆုံးကတော့ ယောဂီပုံနှိပ်တိုက်က စာပြင်ဆရာကြီးတွေပဲ။ စာပြင်ဆရာကြီးတွေဟာ လူပြန်တော်တွေ ဆိုတာပါ သိရတယ်။
သင်္ကန်းဝတ်ဘဝကနေ တရားနည်းလမ်းတကျ လူပြန်ဖြစ်လာလို့ လူပြန်တော်လို့ ခေါ်တာပါ သိရတယ်။ ကျွန်တော်ကတော့ ငယ်ငယ်က တီဗီမှာကြည့်ရတဲ့ `လူပျံတော် ပတ္တမြား´ သွေးဆေးလောက်သာ ကြားဖူးတာပါ။ စာပြင်ဆရာ ဆိုတာ ဘယ်လိုရယ်၊ ဘယ်လိုတုန်းရယ်လို့ နားလည်လာရတာကလည်း၊ သူ့အဖေ (ယောဂီဦးတင်) ကျေးဇူးမကင်းဘူးလို့ ဆရာမြင့်သန်းက ဆိုတယ်။ ဆရာမြင့်သန်းက သူ့ရဲ့ မြန်မာစာအရေးအသားနဲ့ အပြောအဆိုအပေါ်မှာ စာပြင်ဆရာကြီးတွေဆီကနေ ဘယ်လို ပညာရခဲ့တယ်ဆိုတာကို `စာပြင်ဆရာ´ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးသားထားတာ ဖတ်ရ၊ တွေ့ရတယ်။ ပုံနှိပ်တိုက်က စာပြင်ဆရာကြီးတွေနဲ့ သားဖြစ်သူ မြင့်သန်းကို ထိတွေ့ဆက်ဆံလာဖြစ်အောင် ယောဂီဦးတင်က ဖန်တီးပေးနိုင်ခဲ့တယ်။ ယောဂီဦးတင်က သူ့ရဲ့ သားဖြစ်သူအပေါ် မြန်မာစာ၊ မြန်မာစကားအပေါ် အခြေခံရှိသွားအောင် လမ်းကြောင်းပေးနိုင်ခဲ့ပုံပါ။
ယောဂီဦးတင် အကြောင်းက ဆရာမြင့်သန်းရဲ့ အရေးအသားတွေ ဖတ်ရင်းကနေ တစွန်းတစ ဖတ်ရ၊ သိရတယ်။ ယောဂီဦးတင်က စာတော့ တော်တော်ဖတ်တယ်၊ တနည်းပြောရရင် စာဖတ်နာတဲ့ပုဂ္ဂိုလ်လို့ ပြောရင်လည်း မမှားဘူး။ မြန်မာသတင်းစာ၊ အင်္ဂလိပ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် အကုန်ဖတ်လေ့ရှိတယ်။ မနက်ဘက်တွေမှာ သတင်းစာတွေ ဖတ်တယ်။ နေ့ခင်းဘက်တွေမှာတော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ ဖတ်လေ့ရှိတယ်။ ညဘက်ကျတော့ အင်္ဂလိပ်စာအုပ် (စမတ်နဲ့ မုခဒန်ဆိုင်က မှာထားတာတွေ ) ဖတ်တာများတယ်လို့ ဆရာမြင့်သန်းက ရေးတယ်။ အင်္ဂလိပ် ဂန္ထဝင် အရေးအသားတွေလည်း အတော်ဖတ်ပြီး၊ လန်ဒန် ပါဠိအသင်းတော်က မစ္စတာ အီဂလ်တန်နဲ့လည်း အင်္ဂလိပ် ဂန္တဝင်အရေးအသားတွေကို လေပစ်တတ်ကြတယ်လို့ ဖတ်ရ၊ သိရတယ်။ ဒါကြောင့် ဆရာမြင့်သန်းဟာ ငယ်ငယ်ကတည်းက စာအလွန်ဖတ်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရပြီး ကြီးလာတော့ စာဖတ်ချင်၊ စာရေးချင်ဖြစ်ရတာ သိပ်တော့လည်း မဆန်းဘူး ထင်တာပဲ။ လူတယောက်ဟာ ဦးနှောက်ထဲမှာ၊ ရင်ထဲမှာ သိမ်းထားတာ များလွန်းနေရင်လည်း ပေါ့သွားအောင် တနည်းနည်းနဲ့တော့ ဖော်ပြကြမှာပဲလို့ ကျွန်တော်က မြင်တာကိုး။ ပြောစရာတွေ တပုံတပင်ကြီး ရှိနေတတ်တဲ့ လူဟာ မပြောဘဲ၊ မဖော်ပြဘဲ နေလိုက်လို့ရှိရင် အဲဒီလူရဲ့ သိမှုဆိုင်ရာတွေဟာ သူ့ဆီမှာပဲ ရပ်တန့်နေလိမ့်မယ်။ အရေးအသားနဲ့ မဖော်ပြဖြစ်ရင်တောင်၊ အနည်းဆုံးတော့ မိတ်ဆွေတွေနဲ့ ရောက်တတ်ရာရာ ပြောရင်း ထုတ်ဖော်ပြရင်တော့ သိမှုတွေဟာ စီးဆင်းနေတော့မှာပါ။ အဲဒီသိမှုကို လက်ခံနိုင်၊ လက်မခံနိုင်တာကတော့ တစ်ဦးချင်းဆီနဲ့ ဆိုင်မယ်ထင်တာပဲ။
ဆရာမြင့်သန်း ရေးတဲ့ ယောဂီဦးတင် အကြောင်းတွေ ဖတ်ရင်းကနေ ယောဂီဦးတင်ရဲ့ သားတယောက်အပေါ် ပြုစုပျိုးထောင်ပုံဟာ အလွန်အားကျအတုယူစရာကောင်းတယ်။ သားတစ်ယောက်ကို ပညာတတ်တယောက် ဖြစ်လာအောင် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခဲ့တယ်။ ယောဂီဦးတင်ရဲ့ အိမ်မှာ နှစ်ပတ်ကို တကြိမ် ဗုဒ္ဓဘာသာ ဆွေးနွေးပွဲလေး လုပ်တယ်။ များသောအားဖြင့် အင်္ဂလိပ်လို ဆွေးနွေးကြတယ်။ လာဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေလည်း ကြည့်ဦးလေ၊ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး ဦးဖေအောင်တို့အပြင် တက္ကသိုလ်က ပညာတတ်အသိုင်းအဝိုင်းတွေလည်း ပါတယ်။ သူ့နယ်ပယ်နဲ့သူ တကယ့် ဆရာကြီးတွေ။ အဲဒီဆွေးနွေးပွဲတွေမှာ ဆရာတော်ကြီး အရှင်သေဋ္ဌိလ၊ မဟာစည်ဆရာတော်၊ ပဋ္ဌာန်းဆရာတော် ဦးနာရဒ စတဲ့ တကယ့် ကျမ်းတတ်ပေတတ် ဆရာတော်ကြီးတွေကို နာယကမြှောက်ပြီး တိုင်တည်ဆွေးနွေးကြတာလို့ ဆရာမြင့်သန်းကဆိုတယ်။
ယောဂီဦးတင်က အဲဒီဆွေးနွေးပွဲလေးတွေမှာ ဟိုဟာလေး လုပ်ရင်း၊ ဒီဟာလေး လုပ်ရင်း (တကယ်တော့ တောက်တိုပေါ့) နဲ့ နောက်နားဆီကနေ သား ( မြင့်သန်း) ဖြစ်သူကို နားထောင်ခိုင်းတယ်။ သားဖြစ်သူကို စာတတ်ပေတတ် ပုဂ္ဂိုလ်ကျော်ကြီးတွေနဲ့ အနေနီးလာရအောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ယောဂီဦးတင်ရဲ့ အမြော်အမြင်ပါ။
ယောဂီဦးတင်ရဲ့ ခြံဝင်းထဲက အဆောက်အဦပိုကလေးတွေမှာ ကျမ်းတတ်ပေတတ် ဘုန်းကြီးတွေ၊သီလရှင်ကြီးတွေ လာနေလေ့ရှိတယ်။ ဆရာမြင့်သန်းကတော့ အဖေ့ ဝင်းထဲက ဘုန်းကြီးကျောင်းကလေးလို့ တခါတခါ ညွှန်းလေ့ရှိတယ်။ ယောဂီဦးတင် ကိုယ်တိုင်လည်း ဘုန်းကြီးတွေ၊ သီလရှင်ကြီးတွေကို သား (မြင့်သန်း) ဖြစ်သူ လာတဲ့အခါ ဗုဒ္ဓဘာသာအကြောင်းကို ပုံတိုပတ်စ ပြောပြဖို့ လျှောက်ထားပုံရတယ်လို့ ဆရာမြင့်သန်းက ဆိုတယ်။
ဆရာမြင့်သန်း ကိုယ်တိုင်လည်း ဘုန်းကြီးတွေဆီကနေ မြန်မာဘာသာစကားရဲ့ အတွင်းကျကျ အသုံးအနှုန်းတွေ၊ စကားလုံးတွေ ရတယ်လို့ ရေးသားထားတယ်။ ဒီအကြောင်းအရာတွေဟာ ယောဂီဦးတင်ရဲ့ သားဖြစ်သူ အတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ခဲ့ပုံကို တွေ့ရ၊ မြင်ရတယ်။ ယောဂီဦးတင်ရဲ့ ဝင်းထဲက ဘုန်းကြီးကျောင်းမှာ ဆူးခါးတိုက်က ဘုန်းကြီး ဦးဝိသုဒ္ဓ၊ ဖြူးမြို့ ဒက္ခိဏာရုံတိုက်သစ်က ဦးပဏ္ဍိဓမ္မ၊ ကျောက်မြောင်းကျောင်းတိုက်က ဦးတေဇဓမ္မတို့က လာနေတတ်ကြတယ်။ ဝါကပ်လေ့ ရှိတာက ဘုန်းကြီး ဦးအဂ္ဂဓမ္မပဲ။ ဆရာမြင့်သန်းရဲ့ ငယ်ဆရာ။ ဆရာမြင့်သန်းကတော့ ဒီနေ့ကာလမှာ သူ့အနေနဲ့ ခမယ်တွေ၊ ကမ္ဘောဒီးယားတွေရဲ့ ယဥ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးရေးအမြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရတာက၊ ဘုန်းကြီးကြီးတွေ ချပေးခဲ့တဲ့ မျိုးစေ့ပဲလို့ ရေးသားထားတယ်။ ယောဂီဦးတင်က သားဖြစ်သူကို ပြုစုပျိုးထောင်ပေးခဲ့ပုံဟာ အားကျစရာကောင်းပါတယ်။
ယောဂီဦးတင်က ည ၁၂ နာရီထိုးရင် အဲဒီနေ့တနေ့စာ ဒိုင်ယာရီရေးလေ့ရှိတယ်။ ဒိုင်ယာရီက တစ်နေ့ တစ်မျက်နှာ ပုံစံမျိုး ရေးတာပါ။ ဆရာမြင့်သန်းရဲ့ အရေးအသားတွေအရ ယောဂီ ဦးတင်ရဲ့ ခြံထဲကို နယ်ပယ်စုံက နာမည်ကြီးတွေ လာလေ့ရှိတယ်။ ဟင်္သာတဦးမြ၊ ဝန်ကြီးချူပ် ဦးနု၊ ရွှေမန်းတင်မောင်တို့ လာတတ်ကြတယ်။ ယောဂီဦးတင် အကြောင်း၊ ယောဂီဦးတင်ရဲ့ သားတယောက်အပေါ် ပြုစုပျိုးထောင်တာ ဖတ်ရတော့လေ၊ ဆိုင်တော့ မဆိုင်ဘူး ပြောရဦးမယ်။ မင်းဟာက ဘာဆိုင်တုံးလို့ ပြောရင််လည်း ခံရယုံပဲ။ ကျွန်တော် မတောက်တခေါက်နဲ့ စာရေးသားဖြစ်ပုံအကြောင်းပါ။ ဒေသခံတွေအကြောင်း၊ သမိုင်းဝင်နေရာမျိုးတွေကို ဘာကြောင့် ရေးသားဖြစ်တယ်ဆိုတာ ကျွန်တော့်မြို့က အကြောင်းရေးတုန်းက ရေးသားဖူးပါတယ်။ ကိုယ့်ဒေသဆိုင်ရာတွေက နာမည်ကြီး ပညာရှင်တွေ၊ စာရေးဆရာကြီးတွေအကြောင်း ရေးသားတာကို ဒေသခံတွေက ဖတ်မိလို့ ငါတို့ဒေသမှာ ဒီလိုလူတွေရှိပါ့လားဆိုတဲ့ အားကျစိတ်ဝင်ပြီး တုကြ၊ ပြုကြရင် ပိုကောင်းတယ်ဆိုတဲ့ အကြောင်းပါ။
ယောဂီဦးတင်ရဲ့ သူ့သားကို ပညာတတ်ကြီး ဖြစ်လာအောင် သူ့ရဲ့ ဖြစ်တည်မှုကို အသုံးချပြီး အားထုတ်ခဲ့တာတွေကို ဖတ်ရ၊ သိရတော့ စာဖတ်မိတ်ဆွေတို့ကို ပြန်လည်မျှဝေချင်တဲ့ စိတ်လေး ပေါ်လာမိတယ်။ အဲဒီစိတ်လေးကိုပဲ အခြေခံကာ၊ အခုလို စုစည်းပြီး စာဖတ်မိတ်ဆွေတို့ကို ပြန်လည်မျှဝေမိတာပါ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar