သက်တံနွေဦး (နွေဦးနိုင်ကျဉ်း) - မုန်တိုင်းကြားမှ နေမဝင်သော အိပ်မက်များ
သက်တံနွေဦး (နွေဦးနိုင်ကျဉ်း) - မုန်တိုင်းကြားမှ နေမဝင်သော အိပ်မက်များ
မိုးမခ ၊ ဇူလိုင် ၃ ၊ ၂၀၂၆
မုန်တိုင်းကြားမှ နေမဝင်သော အိပ်မက်များ ဝေလီဝေလင်းတွင် အိမ်ဘေးမှ ကြက်ဖတွန်သံကြောင့် သူမ အိပ်ရာမှ လူးလဲထလိုက်မိသည်။ ဖုန်းနာရီလေးကို ကြည့်လိုက်တော့ မနက် ၅ နာရီ။ အိပ်ရာဘေးမှ ပြတင်းတံခါးကို ဖွင့်လိုက်သောအခါ အမှောင်ထုက လွှမ်းခြုံနေဆဲ။ သူမတို့ရပ်ကွက်သည် မြို့ပြကဲ့သို့ လျှပ်စစ်မီး မရသည့်ဒေသ ဖြစ်သဖြင့် ဖယောင်းတိုင်လေးကို အားပြုကာ အိမ်အောက်ထပ်သို့ ဆင်းခဲ့ရသည်။
မျက်နှာသစ်ရန် ရေတွင်းထဲမှ ရေကို ဆွဲကာ ကိုယ်လက်သန့်စင်လိုက်သည်။ သူမ နေထိုင်သည့် မြို့လေးသည် ဈေးနှင့် အတော်လေးဝေးသည်။ အရင်က မြို့ထဲ၌ရှိသော ဈေးလေးသည် အခုတော့ တစ်စစီ ပြိုကျနေသည့် အုတ်ရိုးပုံကြားတွင် အုတ်ခဲတစစစီ ပြန့်ကျဲနေပြီ ဖြစ်သည်။
တကယ်တော့ ဒီလိုမနက်ခင်းမျိုးတွင် သူမ အိပ်ချင်နေသေးသည်။ လူငယ်များကဲ့သို့ ညဉ့်နက်မှ အိပ်ကာ မနက်နောက်ကျမှ ထသည့် ဘဝလေးကို လိုချင်မိသည်။ ဒါပေမဲ့ သူမအတွက် ကံတရားက အခွင့်အရေးမပေးခဲ့သလို သူမ ရွေးချယ်သည့် လမ်းကိုလည်း နောင်တကင်းစွာ လျှောက်လှမ်းနေရသည်။
ဆုံးရှုံးမှုများကြောင့် နုနယ်သည့် သူမ၏ နှလုံးသားလေးတွင် အနာဒဏ် ဆိုသည်မှာ ဖော်ပြစရာပင် မရှိလောက်အောင် ဒဏ်ရာဒဏ်ချက်များ ပြည့်နေခဲ့သည်။ မျိုးဆက်တစ်ခု၏၊ အတိအကျပြောရလျှင် လူငယ်များ၏ အနာဂတ်များနှင့် အိပ်မက်များသည် ဒီအချိန်တွင် တစတစ ပျက်စီးပျောက်ကွယ်နေရသည်။
နိုင်ငံ၏ အနာဂတ် မသေချာတော့သလို ပြည်သူများ၏ အိပ်မက်များသည်လည်း ဆောင်းနှင်းကဲ့သို့ တစတစ လွင့်ပြယ်နေရသည်။ လုံခြုံသည့် ရပ်ကွက်အကာအကွယ်မရှိသော ဒီတိုင်းပြည်ကောင်းကင်ထက်မှ လေယာဉ်ပျံဗုံးများသည် မြို့ခံပြည်သူများ၏ နေ့စဉ်ဘဝကို မသေချာသည့် ဘဝတွင် ရုန်းကန်ရှင်သန်နေစေသည်။
မနက်ခင်း အချိန်၊ တိတ်ဆိတ်ငြိမ်သက်နေသည့် ဒီမနက်ခင်းများသည် ဘဝ၏ပင်ပန်းမှုများကို သက်သေခံနေပါသည်။ သူမသည် မနေ့ညနေက ထမင်းစားပြီး ကျန်နေသည့် ထမင်းကြမ်းခဲလေးကို ဆီနှင့် နယ်လိုက်သည်။ ပြီးလျှင် လက်ဖက်ရည်ကြမ်းလေးနှင့်အတူ ဗိုက်ထဲသို့ ဖြည့်လိုက်သည်။ ဒီမနက်ကို ဒီလိုပင် ကျော်ဖြတ်လိုက်ဦးမည်ဟု ဆုံးဖြတ်ရင်း မနက်ခင်းဈေးသို့ စောစောသွားရန် ပြင်ဆင်နေသည်။ ညနေခင်းတွင် အကြော်များ ထွက်ရောင်းရဦးမည် မဟုတ်လား။ အသက်ဆက်ရှင်ရန်အတွက် အရှုံးမပေးရသေးပါ။ စိတ်ဓာတ်ကျနေ၍ မရပါ။ လူက စိတ်ဓာတ်ကျနေပေမဲ့ အစာအိမ်ကတော့ သူ့အချိန်နှင့်သူ ဆာနေသည်ပဲ။ စားရန်လည်း ရှာရမည်။ လုပ်ချင်တာ လုပ်နိုင်ရန် ရှင်းရှင်းပြောရလျှင် သူမ နိုင်တာလေးများ ကူညီနိုင်ရန် သူမ အလုပ်လုပ်ရမည်။ ကိုယ်လုပ်ချင်တာများ လုပ်နိုင်ရန်၊ ကိုယ် တတ်နိုင်တာလေးများ ကူညီပေးနိုင်ရန်အတွက် သူမ အလုပ်လုပ်ရမည်။
ညနေရောက်သောအခါ ထင်းချောင်းလေးများစုကာ မီးဖိုတွင် အကြော်များ ကြော်နေသည်။ တစ်ချိန်က ဘောပင်ကိုင်ခဲ့ဖူးသည့် လက်ချောင်းလေးများသည် အခုတော့ ဆီနှင့် မီးခိုးငွေ့များကြားတွင် နာကျင်နေပြီ။ ဒါကို လောကဓံဟုပင် ပြောရမလား၊ လူတစု၏ အတ္တများနှင့် အာဏာရူးမှုကြောင့် ဘဝများ ပျက်စီးခဲ့ရသည်ဟုပင် ပြောရမလား။ ချွေးများ တကိုယ်လုံး ရွှဲနေပေမဲ့ အကြော်ဗန်းကို ကြည့်ကာ ပင်ပန်းမှုများကို မေ့ထားလိုက်သည်။ ဒီနေ့ ရောင်းရသည့် အထဲမှ ၅၀၀၀ တန် တစ်ရွက်ကို စုဘူးထဲသို့ ထည့်ရန် ဖယ်လိုက်သည်။ လကုန်လျှင် ရဲဘော်လေးများအတွက် မုန့်ဖိုးလေး ပေးနိုင်ရန် မျှော်လင့်ရင်းပေါ့။
သူမ မျက်လုံးထဲတွင် ရဲဘော်လေးများ၏ မျက်နှာကို မြင်ယောင်လာတယ်။ သူတို့၏ မျက်ဝန်းများသည် သူမအတွက် တကယ်ပင် ခံစားရခက်သည်။ ဘယ်သူများတွင် တာဝန်ရှိသနည်း။ ပြည်သူများ တာဝန်ကျေနေသည့်အချိန်တွင် တာဝန်မကျေသည့်သူများကို လက်ညှိုးထိုး အပြစ်တင်ရန် သူမတွင် အင်အားမရှိတော့ပါ။ ကိုယ် မှန်သည် ထင်သည့် ဒီလမ်းကို ဘာကြောင့်၊ ဘယ်သူ့ကြောင့်ဆိုသည်များကို မပြောတော့ပါဘူး။ အေးချမ်းသည့် ဘဝမှ မီးပူပူနှင့် အကြော်ကြော်ရသည့် ဘဝရောက်လာပေမဲ့ သူမကတော့ သူမ၏ တာဝန်ကို ဆက်လုပ်ရန် စိတ်ပိုင်းဖြတ်လိုက်ပြီ။ ဒါဟာ သူမကိုယ်တိုင် ရွေးချယ်ခဲ့သည့်လမ်းဖြစ်၍ ပေးဆပ်မှုဟု မမြင်တော့ပါ။ လုပ်သင့်၍ လုပ်ခဲ့ခြင်းဖြစ်သဖြင့် နောင်တကင်းစွာနှင့် ဆက်လျှောက်ရန်ပဲ ရှိတော့သည်။
အကြော်ဗန်းများ သိမ်းကာ စက်ဘီးလေးနင်း၍ ပြန်လာနေသည့် သူမသည် နွေရောင်ဖျော့ဖျော့ထဲတွင် အားအင်အပြည့်ရှိနေသည့် ပြည်သူတစ်ယောက်ပင် ဖြစ်သည်။ နရသိန်မှ စ၍ သူမ၏ ဘဝကို နောက်ထပ် ဆုံးရှုံးစရာမရှိတော့ဟု ယူဆထားပုံရသည်။ ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်ရင်း အလင်းရောင် ထွက်ပေါ်လာမည့် မနက်ခင်းသည် အမြဲလှပပါစေဟု မျှော်လင့် ပါသည်။ ဒါဟာ သူမ ဆန္ဒပြုနေသည့် အရာလေးပါ။ သူမ၏ စေတနာကို ပန်းပွင့်တိုင်းက သိမည်ဟုတော့ မထင်ပေမဲ့ သူမ နိုင်နိုင်နင်းနင်းနှင့် ထိန်းသိမ်းထားသည့် ပန်းကလေးများ မကြွေသွားရန်တော့ ည အိပ်ရာဝင်တိုင်း ဆုတောင်းနေမှာပါ။ ဒါဟာ သူမ၏ တစ်ဦးတည်းသော မျှော်လင့်ချက်ပါ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar