ဖလော်ဒါဟန် - ၂ နှစ်ပြည့် စစ်မှုထမ်းများ အိမ်အပြန်
ဖလော်ဒါဟန် - ၂ နှစ်ပြည့် စစ်မှုထမ်းများ အိမ်အပြန်
မိုးမခ ၊ ဇူလိုင် ၂၂ ၊ ၂၀၂၆
ကျွန်မနေတဲ့ရွာမှာ စစ်မှုထမ်းပါသွားတဲ့ ယောက်ျားသား ၄-၅ ဦး ရှိပါတယ်။ အသက်မသေဘဲ ပြန်လာကြလို့ တော်သေးတယ်ပဲ ဆိုမလား။ ပထမဆုံးအကြိမ်ဆိုတော့ မဲနှိုက်သည့်စနစ်နဲ့ စစ်မှုထမ်း ပါသွားကြတာပါ။
နောက်ပိုင်းတွေမှာတော့ စစ်မှုထမ်းကြေး ပေးကြပြီး စစ်မှုထမ်းသည့်စနစ်ကို ချေဖျက်ခဲ့ကြတယ်။ ဒီမှာတင် ဘာဖြစ်လာလဲဆိုတော့၊ အချို့သော ယောက်ျားသားများသည် ငွေကျပ် သိန်း ၇၀-၈၀ ဖြင့် မိမိတို့ ဘဝတွေကို အရှုံးခံပြီး ငွေတစ်ခုတည်းဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းလာကြပါတယ်။ တစ်ဖက်ရွာက ယောက်ျားသား တစ်ယောက်ဆို အရက်သမား၊ အမေတစ်ခု သားတစ်ခုပါ။ သို့ပေမဲ့ သိန်း ၇၀ ကြိုက်ဈေးဖြင့် စစ်မှုထမ်း လိုက်သွားတာမျိုးလည်း ရှိပါတယ်။ မိဘကို အပ်နိုင်သလောက်ငွေ အပ်ပြီး အရက်သမား တစ်ယောက်ရဲ့ ဘဝကို ဆက်လက် ရှင်သန်ခဲ့သူ ဆိုရမလား။ အခုတော့ အသက်မသေ၊ တပ်ထဲ တောက်တိုမည်ရ အလုပ်အကျွေးပြုလို့ ပြန်လာခဲ့ပါပြီ။
ကျွန်မရဲ့ ဝန်းကျင်မှ တကယ့် စစ်မှုထမ်းခဲ့ရသည့် ယောက်ျားတစ်ယောက်သည်မှာကား၊ စကားပြောလည်း ရင့်သီးလာသလို စရိုက်လည်း ကြမ်းလာသည်။ မအလရဲ့ စစ်မှုထမ်းဥပဒေသည် ပြည်သူများအတွက် မအပ်စပ်သည့် လူနေမှုဘဝ နေထိုင်မှု ပုံစံခွက်ကို ပြောင်းလဲခဲ့ခြင်းပါ။
အခကြေးငွေဖြင့် ကြေးစား စစ်မှုထမ်းများသည် လစ်ရင်လစ်သလို ထွက်ပြေးကြသည်။ ထိုအထဲ အချို့သည် ပြည်သူ့ကာကွယ်ရေးတပ်ထဲကို ရောက်သွားသူများလည်း ရှိကြသည်။ ထိုအချိန်မျိုးဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ရွေးချယ်ခွင့်ဖြင့် ပြည်သူတို့ ဘဝကို ဆက်လက် ရှင်သန်စေခဲ့သည်။ နေလိုကလည်း နေလို့ရသလို၊ ပြန်ချင်သူများလည်း ပြန်ခွင့်ပေးထားသည်။ ကျွန်မ ဝန်းကျင်မှ တစ်ယောက်ဆို အိမ်သို့ ပြန်လာသည့် ခရီးမှာ၊ မည်သည့် အဖွဲ့အစည်းထံ ရောင်းစားလိုက်သည် မသိရဘဲ၊ ဖမ်းဆီးခံ ဘဝမှ အရောင်းစားခံ ဘဝသို့ ရောက်ခဲ့ရသည်။ ယနေ့အချိန် နယ်စပ်ဒေသမှာ နေထိုင်လျက် အလုပ်လုပ်ပေးနေကြရသည်။
အပတ်စဉ် ၁ မှ စစ်မှုထမ်းများသည် ကတိကဝတ်အတိုင်း ပြန်လာနိုင်ဖို့ စစ်တပ်၏ အမျိုးမျိုးသော ဖြားယောင်း သွေးဆောင်မှုများကို ဖြတ်သန်းခဲ့ရသည်။ သတ်မှတ်သည့်လထက် နောက်ကျပြီးမှ ပြန်လာကြရသည်။ ကားတစ်စီးဖြင့် သက်ဆိုင်ရာ မြို့ပေါ်သို့ ပြန်လိုက်ပို့သည်။ အချို့လည်း ပြန်လာမည့်ရက်မှာ မရောက်ကြသေးပါ။ ယနေ့အချိန် မြန်မာပြည်၏ နိုင်ငံရေး၊ စစ်ရေးသည် ပြည်သူများ ထမ်းနေရသည့် အာဏာရှင်၏ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုကြီး ဖြစ်လာသည်။
ယနေ့အချိန် စစ်မှုထမ်းဘဝသည် မိမိကိုယ်ကို ရောင်းချခံ လူနေမှု စနစ်ကြီးအဖြစ်၊ မိသားစု စားဝတ်နေရေးကို ဖြေရှင်းလာကြသည်။ ဤသည်မှာ မြန်မာပြည်မှာ ရှင်သန်ဆဲ၊ ရှင်သန်ခဲ့သည့် အာဏာရှင် စနစ်ဆိုးကြီးကြောင့်ပင် ဖြစ်သည်။
ခေတ်အဆက်ဆက် အာဏာရှင်ကို တွန်းလှန်ကြရင်း၊ အရှုံးများ ဆင့်ကဲလာသည့် ပြယုဂ်များမှ လူသားအရင်းအမြစ် ဆုံးရှုံးမှုများသည်၊ နိုင်ငံ၏ ကျရှုံးကဏ္ဍ တစ်ခုအဖြစ် မျှဝေရင်း။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar