မောင်ဘဦး - အာဇာနည်နေ့ စာစီစာကုံး
မောင်ဘဦး - အာဇာနည်နေ့ စာစီစာကုံး
မိုးမခ ၊ ဇူလိုင် ၂၂ ၊ ၂၀၂၆
"...ဒီနေ့ ဈေးသည်... တယ်နောက်ကျသအေ...။ မိုးရွာလို့လား...။ မိုးကဟင့် သိပ်ကြီး မထန်ဘဲနဲ့...။ အပျိုကြီး ဆီးအောင့်သလောက် မိုးလေးများ... အရေးလုပ်လို့အေ...။"
"...ဟုတ်ပါဘူးတော်...၊ အာဇာနည်နေ့ကို မေ့ပြီး အနက်ရောင်အင်္ကျီ ဝတ်သွားမိလို့...၊ အိမ်ပြန်လဲနေရတာနဲ့ ကြာသွားတာ...။ အနီလည်း ကြောက်၊ အနက်လည်း ကြောက်၊ နှင်းဆီလည်းကြောက်...။ ဗိုလ်ချုပ် ကြေးရုပ်တုတွေကိုလည်း ကြောက်။ ကျမတောင် သူတို့ရစ်မှာကြောက်လို့ အင်္ကျီပြန်လဲရသပေါ့...။ အရစ်ခံရရင်လည်း သိန်းချီ ကုန်မှာလေ...။ ကဲ...၊ ဝယ်ပါဦးတော်။ နောက်ကျသွားလို့။ ငါးဖယ်ခြစ်တွေ... ဒီနေ့မှ ပိုဝယ်လာခဲ့မိလို့...။"
"...'က - အာ - ကာ'...။ 'ခ - အာ - ခါ' ...။"
"...မြေးလေး ကျောင်းသွားဖို့ ပြင်တော့လေ...။"
"...ဆရာမက မနက်ဖြန် ကျောင်းပိတ်တယ် တဲ့...။ ဒီနေ့က 'မနက်ဖြန်' လေ...။ ဒီနေ့...၊ ဒီနေ့...။"
"...ဪ၊ ဒီနေ့ အာဇာနည်နေ့ ကျောင်းပိတ်ရက်ပဲ...။"
"...မဟုတ်ဘူး မဟုတ်ဘူး ဖွားဖွား။ သားဆရာမက အာဇာနည်နေ့လို့ မပြောရဘူးတဲ့...။ ဒီနေ့ တနင်္ဂနွေနေ့... ကျောင်းပိတ်တယ်...။"
"...ဟင်...။ ဪ ဟုတ်သားပဲ...။ ဒီနေ့ ဆွမ်းခံတန်းကြွလာတော့ တနင်္ဂနွေနေ့ပဲ...။ အဖွား မေ့နေလို့နော် မြေးလေး။ ရေး ရေး ရေး။ ဆက်ရေး မြေးလေး...။"
"...ဟလို...၊ အဖေ ဖုန်းခေါ်ထားသလား...။"
"...ဟုတ်တယ်သား၊ ဒီနေ့ အပြင်ထွက်ရင် အနက်ရောင် မဝတ်နဲ့လို့ မင်းအမေက အပြောခိုင်းလို့ပါ...။"
"...ဘာဖြစ်လို့တုန်း အဖေရ။ ခုတောင် သား... မိုးကာဂျက်ကက် အနက်နဲ့ မြို့ထဲကတောင် ပြန်လာပြီ...။ မန္တလေးမယ် ဒီနေ့မှပဲ မိုးရွာတော့တယ်...။"
"...ဒီနေ့ အာဇာနည်နေ့ လေ...။ တော်ကြာ ရစ်နေမှာစိုးလို့...။"
"...သားဖြင့် အာဇာနည်နေ့မှန်းတောင် မသိပါဘူးအဖေရာ။ စိတ်မပူပါနဲ့။ ဒီမှာက ရေခဲ...၊ အေးဆေးပဲ။"
ဤသည်တို့ကား၊ စစ်ကိုင်းတိုင်း ရွှေမြို့တော်ကြီးသို့ ခေတ္တခဏ ရောက်ရှိနေသော မောင်ဘဦး၏ အိမ်ရှေ့လမ်းဘေး၊ ညာဘက်အိမ်နှင့် ဘယ်ဘက်အိမ်တို့မှ ၂၀၂၆ ခုနှစ် အာဇာနည်နေ့နှင့် ပတ်သက်သော ပစ္စက္ခအသံများပင် ဖြစ်ပါ၏။ တစ်နည်းအားဖြင့် မဝေးလှသေးသော တစ်ချိန်က ရှမ်းမြောက်တွင် စစ်သုံ့ပန်း ဖြစ်ခဲ့ဖူးသူ...၊ ယခု နမခ စစ်တိုင်းမှူးကြီး၏ စစ်ကိုင်းတိုင်းမြို့တော်ကြီးတွင် အာဇာနည်နေ့ နံနက်ခင်း၏ အသံလေးများပင် ဖြစ်ပါတော့၏။
ဤနေ့ ဤရက် ဤအချိန်အခါတွင် မြို့၏ အရှေ့တောင်အရပ်ဆီမှ နမခဆီသို့ ပျံသန်းလာသော စစ်ခွေးပုစဉ်းသံ (ရဟတ်ယာဉ်သံ) တစ်သံမှလွဲ၍၊ မနက် ၆ နာရီ၊ မနက် ၇ နာရီ၊ ၈ နာရီ၊ ၉ နာရီ၊ မနက် ၁၀ နာရီ ၃၇ မိနစ်အထိ နမခတိုင်းမြို့တော်ကြီးတွင် အာဇာနည်နေ့နှင့်ပတ်သက်၍ ဘာဥဩဆွဲသတိပေး နှိုးဆော်သံမှ မကြားရ...။ အသွားအလာလည်း ကျဲလှ၏။ နောက်မှ ကြားသိရသည်က မုံရွာမြို့ပေါ်တွင် အာဇာနည်နေ့၌ ဥဩသံမဆွဲရန် ညွှန်ကြားထားပါသတဲ့။ ရုံးဌာနများတွင်လည်း အာဇာနည်နေ့ အခမ်းအနားများ မကျင်းပရန် တားမြစ်ထားပါသတဲ့။
စိတ်က ထင်လို့လားတော့ မသိ...။ 'အုန်းကနဲ'... ခပ်အုပ်အုပ်အသံ ၂ ချက် ၃ ချက်ကိုတော့ ကြားလိုက်မိသလိုလို။ ဒီလိုဆို ယခုပင်လျှင် သည်းကြီးမဲကြီး ရွာတော့မလိုဟန်ပန်နှင့် တစ်ပတ်ဆယ်ရက်လောက် အုံ့အိုက်ကြီး လုပ်လုပ်နေပြီး၊ ဒီနေ့မှ ခပ်အုံ့အုံ့ခပ်ဖွဲဖွဲ တစ်နေကုန် မစဲလေသည့် မိုးဖွဲလေးအောက်တွင်၊ စခ၊ ရခ၊ ပခ၊ ပသစခ တွေ မျိုးပျောက်သွားအောင် အုန်းခွဲလိုက်စမ်းပါလေ...။ ပြီးတော့ ပြီးတော့...၊ မနေ့တစ်နေ့ကမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ကြီးတွေ ရွေးအပြီး... ညွှန်ကြားချက်ပေး ဖွဲ့စည်းခိုင်းထားပုံရသော...၊ 'ကင်းတဲလေးပြင်ဖို့ အလှူခံပါတယ်ခင်ဗျ' ဟု အလှူခံသော...၊ 'ဝိတ်ညာဝိတ်-ဝိတ်ညာဝိတ်'၊ 'တိတ်-နှိပ်-သုံး၊ တိတ်-နှိပ်-သုံး' လုပ်ကာ ထရိန်နင် ပေးနေသည့်၊ အနက်ရောင်မီးသတ်ဝတ်စုံဝတ်တွေကိုပါ အုန်းခွဲလိုက်စမ်းပါလေ...။ ရပ်ကွက်အုပ်ကြီး ရွေးအပြီး၊ မီးငြှိမ်းတတ် မတတ်တော့ မသိ...။ လျှပ်စစ်မီတာတွေလာကောက်၊ စည်ပင်ခွန်တွေလာကောက်...၊ သူတို့နောက်က တကောက်ကောက် လိုက်ပေးနေသူတွေမို့...၊ သူတို့ကိုပါ အုန်းခွဲလိုက်ကြစမ်းပါလေ။
အကယ်စင်စစ်၊ မောင်ဘဦးအဖို့ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့ကို မမီပါ။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ၁၀ နှစ်ကျော်မှ မွေးဖွားခဲ့သူမို့ မမီလိုက်သော်ငြား အာဇာနည်နေ့နှင့်ပတ်သက်သော ပြောကြဆိုကြသံများ၊ အတွေ့အကြုံများကတော့ဖြင့် ရှိနေခဲ့ပါသည်လေ...။
"...အဲဒီနေ့...၊ အဖေက မန္တလေး ဈေးချိုကို အထည်သွားရောင်းတာ...။ မုံရွာ-မန္တလေး 'ရန်အောင်မန်း' ချက်ဗလက် ကားကြီးနဲ့...။ ချက်ဗလက်အခုံး ကားကြီးက...၊ အမှတ် ၁၊ ၂၊ ၃ အပြာ၊ အမှတ် ၄၊ ၅၊ ၆ အနီ...၊ မန္တလေး လိုင်းကား ဘတ်စ်ကားကြီးတွေလိုပဲ...။ ဘုရားကြီးဝင်ဖူးပြီး ကုသိနာရုံမှာ ညအိပ်...။ နောက်နေ့ ရှမ်းစု(ဘူတာ)ကနေ ရထားနဲ့ ပြန်လာတာ...။ မုံရွာရောက်တော့ မိုးကို ချုပ်လှပြီ။ အဲဒီနေ့က မန္တလေး တစ်မြို့လုံး တိတ်ဆိတ်သွားတာပဲ...။ အဖေတည်းတဲ့ ကျောင်းက ဦးပဉ္ဇင်းတွေများ...၊ ငိုလိုက်ကြတာကွာ...။ မငိုတဲ့သူကို မရှိဘူး။ အဲဒီလောက်ထိ ဗိုလ်ချုပ်ကို ချစ်ကြတာ...။"
ကလေးဘဝတွင် ညတိုင်း... ရွှေယုန်နှင့်ရွှေကျား၊ သက်ကယ်ရိတ်သွား၊ ကျားငစဉ်းလဲ၊ ဘီလုံးငှက်မနှင့် ဆင်ဆိုးကြီး စသဖြင့် ပုံ(ပြင်)ပြောနေကျ အချိန်တွင်၊ အာဇာနည်နေ့အကြောင်းကို အဖေက ဖောက်သည်ချခဲ့သည်။ အလယ်တန်းကျောင်းသားဘဝ မန္တလေးတွင် အာဇာနည်နေ့ ချီတက်ပွဲကို မြို့တော်ခန်းမသို့ တန်းစီသွားပြီး အလေးပြုခဲ့ရဖူး၏။ အာဇာနည်နေ့ ဟောပြောပွဲများကိုလည်း နားထောင်ခဲ့ရဖူး၏။ အထက်တန်းကျောင်းသားဘဝတွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါ၏။
ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ သမိုင်းကျောင်းဆောင်၌ နေစဉ် ရွှေတိဂုံဘုရားသို့သွားရင်း အာဇာနည်ဗိမာန်ကို မျက်ဝါးထင်ထင် စတင်၍ မြင်ဖူးရောက်ဖူးရတော့၏။ သုသာန်များတွင် တွေ့ရလေ့ရှိသော ထုံးသုတ်ထားသော အုတ်ဂူအလုံး ပုံစံမျိုးသာ ဖြစ်ပါ၏။ ဗိုလ်ချုပ်၏ အုတ်ဂူကို အလယ်တွင်ထား၍ ဘေးနှစ်ဖက်တွင် အုတ်ဂူ ၄ လုံးစီ ပြုလုပ်ထားရှိသော အကာအရံမပါ ဇရပ်ကဲ့သို့သော အဆောက်အအုံသာ ဖြစ်ပါ၏။ လုပ်ငန်းခွင် ဝင်ရောက်သောအခါ အဆိုပါ အာဇာနည်ဗိမာန်ကို ကိုရီးယားမှ လာရောက်လည်ပတ်စဉ် ဗုံးခွဲခံရသည်ဟု ကြားရ၏။
မှတ်မှတ်ရရ အထက်တန်းကျောင်းသားဘဝ အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတစ်ခုမှာ မန္တလေး အ.ထ.က (၈) အမျိုးသမီးကျောင်းသို့ သွားရောက်ယှဉ်ပြိုင်ရ၏။ ထိုစဉ်က မန္တလေးတက္ကသိုလ်မှ မြန်မာစာပါမောက္ခ ဆရာကြီးဦးချမ်းမြ၊ 'မြကေတု' ကိုယ်တိုင် ကျောင်းသားများ စာစီစာကုံးရေးသား နေကြသည်ကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပါ၏။ အာဇာနည်နေ့ အထိမ်းအမှတ်ဖြစ်၍ အာဇာနည်နေ့ဆိုင်ရာ အချက်အလက်များကို သေချာလေ့လာမှတ်သား အကွက်ချ စိတ်ကူးစီစဉ်ထားခဲ့လေ၏။ စာစီစာကုံး ခေါင်းစဉ်ပေးတော့ 'အတိတ်၏ အရိပ်'...။
ပြိုင်ပွဲဝင်ကျောင်းသားအများစုမှာ ခေတ္တခဏမျှ 'ကြောင်' သွားကြ၏။ မျှော်လင့်ထားကြသည်ကား...၊ 'အာဇာနည်နေ့ ဒို့မမေ့'၊ '၁၉ ဇူလိုင် မမေ့နိုင်' စသည်ပေါ့...။ အာဇာနည်နေ့နှင့် ယခုခေါင်းစဉ် 'အတိတ်၏ အရိပ်' ဘာဆိုင်သနည်း။ သင်္ချာဘာသာရပ်မှ မေးခွန်းလှည့် မှတ်နေ...၊ မြန်မာစာလည်း လှည့်လေသကိုး။ မန်းတက္ကသိုလ် ဆရာကြီးများ တော်ပါပေ၏။ သူ့ထက်သူ လူစွမ်းကောင်း၊ ကျောင်းပေါင်းစုံမှ လာပြိုင်သည့်ပွဲပါလေ...။ ၅ မိနစ် ၁၀ မိနစ်၊ ဖောင်တိန်ကိုကိုက်၍ စဉ်းစားဆဲ။ ထိုစဉ်က ယခုကဲ့သို့ ဘောပင်မရှိသေး။ မှင်အိုးထဲသို့ ဖောင်တိန်ကို နှစ်၍ စုပ်ယူမှင်ထည့်ပြီးမှ ရေးကြရ၏။ စာစီစာကုံးပြိုင်ပွဲအတွက် မှင်အိုးကြီးလိုက် ယူဆောင်လာသော ကျောင်းသားတစ်ယောက်ကတော့ မရေးခဲ့ဘဲ အခန်းထဲမှ ထွက်ခွာသွားလေပြီ။ မိမိကား ရေးဖို့ စဉ်းစားဆဲ။ တော်တော်နှင့် မပေါ်။ အဘယ်အတိတ်နည်း။ အဘယ်အရိပ်နည်း။ အဘယ်အတိတ်၏ အဘယ်အရိပ်နည်း။ အချိန်အနည်းငယ်ကြာမှ ပေါ်လာပါ၏။ ရေးသားဖြေဆိုခဲ့ပါ၏။ ဆုတော့ မရရှိခဲ့ပါ။ မိမိထက် အတွေးအခေါ် သာလွန်သူတွေ၊ မိမိထက် အရေးအသား သာလွန်သူတွေ၊ မိမိထက် မြန်မာစာသတ်ပုံ မှန်ကန်သူတွေ၊ မိမိထက် မြန်မာစာ လက်ရေးလက်သား လှပကောင်းမွန်သူတွေ များစွာ ရှိလိမ့်မည်ဖြစ်သော...၊ ထိုစဉ်က အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်၊ အနောက်မြောက်ဟူ၍ ၄-မြို့နယ်ဖြင့် ဖွဲ့စည်းထားသော...၊ မန္တလေးမြို့ကြီး ဖြစ်ပါသည်လေ...။
အရိပ်သည်ကား လူအရိပ်၊ တိုင်အရိပ်...၊ အိမ်ရိပ်၊ သစ်ပင်ရိပ်၊ တောရိပ်၊ တောင်ရိပ်။ သည့်ထက်ပိုမို ချဲ့ကားရလျှင်ကား ဆရာသမားအရိပ်၊ မိဘအရိပ်။
အရိပ်ဖြစ်စေသောအရာ သေးငယ်လျှင် ငယ်သလောက်၊ အရိပ်ဖြစ်စေသောအရာ ကြီးမားလျှင် ကြီးသလောက်၊ ဖြစ်ပေါ်လာသည့် အရိပ်၏ အကြီးအသေးလည်း ကွာခြားရပေ၏။ မိုးဒဏ် လေဒဏ် ရေဒဏ်၊ နေ၏အပူဒဏ်တို့ကို ကာကွယ်ပေးရာတွင်လည်း အနည်းအများ ကွာခြားသွားပါလေ၏။ ထို့နည်းတူစွာ အပြန်အားဖြင့်၊ အရိပ်မည်းကြီး ခေါ် အကုသိုလ်ဗရပွနှင့် ရှိနေသော အရိပ်သည်ကား ခိုနားသူအဖို့ အန္တရာယ်ကြီးမားလှပေသည်။
သာကီဝင်မင်းမျိုးတွေကို သတ်မည်ဟု ချီတက်လာသော ဝိဋဋူဘ နှင့် နေပူပူ ကျိုးတိုးကျဲတဲ သစ်ပင်ရိပ်အောက်တွင် စင်္ကြံလျှောက်နေသော ဘုရားရှင်တို့၏ အမေးအဖြေခန်းတွင်...၊ 'သစ်ပင်ရိပ်က အေးသည်။ ထို့ထက် ဆွေရိပ်မျိုးရိပ်က သာ၍အေးသည်။ ထို့ထက် ဗုဒ္ဓ၏ အရိပ်အာဝါသ က အအေးဆုံး' ဟု ဟောတော်မူခဲ့ပါ၏။ ထို့ကြောင့်ပင် မဟုတ်ပါလော။ 'ရုက္ခမူလဂတာနံ'၊ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်၌ နေခွင့်မရှိငြား၊ သစ်ဝါး ဓနိ သက်ကယ် ကျွန်းရွက်အင်ဖက်တို့ကို ပစ်၍ မိုးထားသော အိမ်က သွပ်မိုးအိမ်တို့ထက် ပို၍ အေးမြနေပါသည်လေ။
'အတိတ်' သည်ကား...၊ ကာလ ၃-ပါးအနက် ပြီးဆုံးခဲ့ပြီး ဖြစ်လေသော၊ ကောင်း-ဆိုးနှစ်တန် ရောယှက်နေသော အကြောင်းအရာပင် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ အတိတ်ဟူသည် ပြီးခဲ့လေသော ပစ္စုပ္ပန်ကာလလေး တစ်ခုပင်တည်း။ အတိတ်အကြောင်း ကောင်းလျှင် ၎င်းကြောင့်ဖြစ်ပေါ်လေသော အရိပ်သည် ကောင်းမည်ဖြစ်ပြီး၊ အတိတ်အကြောင်း ဆိုးလျှင် ၎င်းကြောင့်ဖြစ်ပေါ်လေသော အရိပ်သည်လည်း ဆိုးမည်ဖြစ်ပေ၏။ သည့်အတွက် လက်ရှိ ပစ္စုပ္ပန်ကာလတိုလေး၌ ကာယကံ၊ ဝစီကံ၊ မနောကံ ဟူသော ကံ ၃-ပါးလုံးမှာ ကောင်းမွန်သည့်အနေအထားတွင် ရှိနေဖို့ လိုအပ်ပါ၏။ သို့မှသာ ၎င်း 'ပစ္စုပ္ပန်' လေးက 'အတိတ်' အဖြစ် ပြောင်းလဲသွားချိန်တွင် 'အတိတ်' ကောင်း ဖြစ်ပေလိမ့်မည်။ ဤသို့လျှင် 'အတိတ်' သည်ကား ဝေးစွာသောအကြောင်းရှိသည့်အတိတ် နှင့် မကြာမြင့်မီကာလ၊ နီးစွာသောအကြောင်းရှိသည့် အတိတ်ဟူ၍ ရှိနေပေသည်။
ထိုထို အရိပ်အမျိုးမျိုးအဖုံဖုံထဲမှ အတိတ်၏ ကောင်းဆိုးနှစ်တန် စွဲမြဲကျန်ရစ်လေသော အရိပ်...။ ဤသည်ကား 'အတိတ်၏ အရိပ်'ပေတည်း... ။
မြတ်စွာဘုရားရှင်က 'အတိတ်၏အရိပ်ဖြစ်သော ကောင်းမှုကံ၊ မကောင်းမှုကံတို့သည်ကား... နွားခြေရာ၏နောက်သို့ အစဉ်လိုက်သော လှည်းဘီးကဲ့သို့...၊ ထိုထိုပုဂ္ဂိုလ်၏ နောက်သို့ တကောက်ကောက် လိုက်နေသည်' ဟူ၍ ဟောပြထားခဲ့လေသည်။
မြန်မာပြည်တွင် အာဇာနည်နေ့အဖို့ အတိတ်၏ အရိပ်သည်ကား... ဗိုလ်ချုပ်(အောင်ဆန်း)နှင့် ဗိုလ်ချုပ်ကို လုပ်ကြံသော ဂဠုန်ဦးစောနှင့် အပေါင်းပါတို့က သက်သေပြယုဂ် ဖြစ်ပေသတည်း။
တိုင်းပြည် လွတ်လပ်ရေးရသည်အထိ မိမိ၏အသက်အိုးအိမ်စည်းစိမ် ဘာတစ်ခုကိုမျှ မငဲ့မကွက် စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံလေသူ။ တိုင်းပြည်ခေါင်းဆောင် လုပ်နေပြီး ပဲပြုတ်နှင့်နံပြားကိုပင် ကောင်းကောင်းမစားရလေသူ...။ ၃-စုံထက် မပိုသော ဝတ်စုံဖြင့်သာ ပိုင်ဆိုင် တင်းတိမ် ရောင့်ရဲတတ်လေသူ...။ ပြီးတော့...၊ မြန်မာသာမက ကမ္ဘာကအထိ ယင်းသို့ စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံလေသူအဖြစ် ထင်ရှားကျော်ကြားလှလေသူ...။ ထိုထိုဂုဏ်သိက္ခာအပေါင်းနှင့် ပြည့်စုံလေသူ ဗိုလ်ချုပ်အား... သက်တမ်းစေ့ နေထိုင်စေ၍ တိုင်းပြည်အတွက် ဆက်လက်စေပါမူ... ဤတိုင်းပြည်အတွက် မည်ရွေ့မည်မျှ အကျိုးကြီးမား လိုက်လေမည်နည်း။
ထိုမှတဖန်...၊ လုပ်ကြံလေသူ ဂဠုန်ဦးစောနှင့် အပေါင်းပါများ...။ ၎င်းတို့၏ စွမ်းအားကို ယခုကဲ့သို့ လုပ်ကြံသည့်ကိစ္စမျိုး၌ မသုံးစွဲဘဲ... တိုင်းပြည်အတွက်သာ ဆက်လက်ခဲ့ကြပါလျှင်...။
'သုတ္တန်'၊ 'ဝိနည်း'၊ 'အဘိဓမ္မာ'...။
ပိဋက ၃-ပုံ...။
'ဂိုက်လိုင်း-မျဉ်းကြိုး' တည်းဟူသော 'သုတ္တန်' အဖြစ်အပျက် အတွေ့အကြုံများကို သင်ခန်းစာ၊ 'တက်စ်ကုတ်စ်' အဖြစ်ပြောင်းလဲကာ ပညာယူနိုင်သူသည်သာ လောကုတ္တရာ၊ လောက၏ အမြင့်မြတ်ဆုံးသို့ ရောက်ရလေသည်' ဟူသော ဗုဒ္ဓ၏သီအိုရီအရ...၊ သမိုင်းတစ်ကွေ့၊ သင်ခန်းစာ သမိုင်းမှတ်တိုင်များကို ဂိုက်လိုင်းသဘောထား၊ အမိမြန်မာပြည်ကြီးအတွက် အသုံးချသွားကြလျှင်ဖြင့်ကား...၊ ကြက်ပျံမကျ စည်ကားလှသော၊ သာယာဝပြော မေတ္တာတရားအပြည့်အဝ ရှိပါလေသော တိုင်းပြည်ကြီးအဖြစ် မြင်တွေ့ ကြရပေလိမ့်မည်။
နိုဘယ်ဆုရှင် အမေစုကဲ့သို့သော ... မြန်မာသာမက ကမ္ဘာကအထိ စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံလေသူအဖြစ် ထင်ရှားကျော်ကြားလှလေသူအား၊ သူမ၏ သက်တမ်း တစ်ဝက်ကျော်အောင် အကျဉ်းချုပ် အကျယ်ချုပ် မဟုတ်တရုတ်တွေ လုပ်မနေကြဘဲ၊ တိုင်းပြည် ပြုပြင်ရေး တစ်ထောင့်တစ်နေရာ၌ နေရာပေးထားရှိကာ ဆောင်ရွက်စေပါလျှင်...၊ အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကား...။
ထိုနည်းတူ၊ နန်းရင်းဝန်တဖြစ်လဲ၊ ဂဠုန်ဦးစောနှင့် အပေါင်းပါတို့၏ ဥပမာ...။ တိုင်းပြည်၏ အညွန့်အဖူး လူငယ်လူရွယ်လေးများအား မတရားဖမ်းဆီး ပေါ်တာဆွဲ၊ မူးယစ်ဆေး သုံးစွဲစေကာ၊ ဇွတ်အတင်းအဓမ္မ ပြည်သူကို နှိပ်စက်သတ်ဖြတ်ဖို့ အသုံးပြုနေသောနေရာအစား...၊ တိုင်းပြည်တည်ဆောက်ရေး ကာယ ဉာဏစွမ်းအားများအဖြစ် အကျိုးရှိစွာ အသုံးချလိုက်ရလျှင်ဖြင့်ကား...။
"မိမိ မှားသည်ကို မှားမှန်း မသိလျှင် နေရာမကျသေးဘူး မှတ်။"
"မိမိ မှားသည်ကို မှားမှန်း သိလျှင် နေရာကျပြီ မှတ်။"
ပညာရှိ သူတော်ကောင်း ဆရာတော်ကြီးတစ်ပါး၏ မှတ်လောက်သားလောက် ဆုံးမစကား...။ နားထောင်လိုက်နာသူကား 'သူ၏သာသနာ၊ သူ၏အဆုံးအမ' ၌ ရှိသူ...။ နားမထောင်၊ မလိုက်နာသူကား... လိမ်လည်လှည့်ဖြား သိုးရေခြုံထားသော ခွေးပမာ...၊ သူ့သာသနာ၏ အပြင်ဘက်ကသူ ...။
အတိတ်လည်း 'ကောင်း' ပြီး အတိတ်၏ အရိပ်လည်း 'ကောင်း' စေဖို့၊ သာယာဝပြောသော လောက ကောင်းကြီး အဖြစ် ပြုပြင် ပြောင်းလဲခြင်းသည်ကား ဗာလာနံ သူမိုက်တို့အလုပ် မဟုတ်။ သူမိုက်တို့အနေဖြင့် လားလားမှ မတတ်နိုင်။ ခွေးမြီးကောက် ကျည်တောက်စွပ်...။
အတိတ်လည်း 'ကောင်း'၊ အတိတ်၏အရိပ်လည်း 'ကောင်း'၊ သာယာဝပြောသော လောက ကောင်းကြီး အဖြစ် ပြုပြင် ပြောင်းလဲနိုင်သူများကား... ပဏ္ဍိတ ပညာရှိသူတော်ကောင်းတို့မှသာ တတ်နိုင်သည်ဖြစ်ပါကြောင်း...။
(စစ်အာဏာရှင်ကို တော်လှန်ကြသော တော်လှန်ရေးဘက်တော်သားအားလုံး...၊ ယုတ်မာလှသော၊ ဗာလာနံ၊ လူမိုက်တို့နှင့် ဝေးစွာရှောင်ရှားနိုင်ကြပါစေသတည်း။ နွေဦးတော်လှန်ရေးကြီး အကြွင်းမရှိ အောင်မြင်ပါစေသတည်း။)
သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။
မောင်ဘဦး
(၁၃၈၈၊ ဒု-ဝါဆန်း ၈)
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar